ဒီဇာတ်လမ်းမှာ ပထမဆုံးအပြစ်ရှိသူလို့ ညွှန်ရပါလျှင် မီးပွိုင့်တစ်ခုလို့သာ ပြောရမည်။ လမ်းဖြတ်ကူးမည် ပြုကာမှ နီသွားသည့် မီးပွိုင့်တစ်ခု...။ ကားတွေက အဆက်မပြတ်ဖြတ်ပြေးလို့။ ညနေစောင်းနေရောင်အောက်မှာ ဖြူဖျော့ဖျော့အသားရောင်ဟာ ပန်းနုရောင် ရှပ်နဲ့လိုက်ဖက်ပြီး ပန်းရောင်လိုက်သန်းနေသည်ကပဲ စွဲဆောင်မှုတစ်ခုပေလား။ မျက်လွှာချထားပေမယ့် ကော့ပျံနေသည့် မျက်တောင်ရှည် ညိုညိုလေးတွေကပဲ ကိုယ့်စိတ်ထဲကို ခုန်ပေါက်ရောက်လာခဲ့လေသလား။ ဘယ်အရာက ဘယ်လိုညှို့ခဲ့မှန်း ကိုယ်တိုင်လည်း မသေချာခဲ့ပေမယ့် သူဟူသည့် တစ်ယောက်သောသူကတော့ ကိုယ့်နှလုံးသားထဲသို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သည်မှာ သေချာပါသည်။
ငယ်ငယ်က စိတ်ဝင်စားခဲ့ဖူးတဲ့ သီချင်းစာသားတစ်ခုလိုပေါ့။ "အလုပ်များသည်မှာ အချစ်ရဲ့သဘော" တဲ့လေ။ အဲ့ဒီတုန်းက နားမလည်ခဲ့တော့ လူကြီးတွေကို မေးမိပေမယ့် သေချာသည့်အဖြေတော့ မရခဲ့။ ကိုယ်တိုင်ကြုံရသည့်အခါ နားလည်သလိုလို ရှိသား။
"ဘုရားသွား ကျောင်းတက်ရော အတူလိုက်မှာလား..."
အဲ့ဒီညက ကြယ်တွေစုံတဲ့ညလို့ ပြောရရင်လည်း ကိုငှက်ရဲ့ သီချင်းလို့ပြောကြဦးမည်။ ဒါပေမယ့် ကိုယ့်ရင်ထဲမှာတော့ ကြယ်ပေါင်းကုဋေကုဋာမက လင်းလက်သွားတယ်လို့ ထင်မိ၏။ တကယ်ပါ... အဲ့ဒီညက မထူးခြားဖူးလို့ ထင်ရပေမယ့် ကိုယ့်အတွက်တော့ တစ်ခုခုထူးခြားနေခဲ့လေရဲ့...။
ကိုယ်မော့ကြည့်နေမိသည့် ကောင်းကင်ကကြယ်ကလေးတွေသာ သူ့မေးခွန်းကို ကြားမိသည်ဆိုလျှင် ဆိုလိုရင်းကို ကိုယ့်ကိုလက်သိပ်ထိုး ပြောပြခဲ့ဖို့ကောင်းသည်။ ခုတော့ ဒီအဖြေဟာ ဘ၀တစ်ခုလုံးအတွက် အဆုံးအဖြတ်ပေးလိုက်မှန်း တော်တော်ကြာမှ သိခဲ့ရသည်။
"အင်း" လို့သာ ခပ်တိုတိုဖြေခဲ့မိပေမယ့် တကယ်တမ်းတော့ ဘုရားသွားကျောင်းတက်မှ မဟုတ်။ ရေဆုံးမြေဆုံး သွားလေရာ ထပ်ကျပ်မကွာ လိုက်ခဲ့ချင်သူပါ။ ၀ါဖန့်ဖန့် အကြည့်တွေအောက်မှာ တစ်သက်စာ နားခိုချင်သူပါ။
မိုးလင်းကတည်းက အပြန်အလှန်ပို့တဲ့ မက်ဆေ့ခ်ျတွေကို ပြန်ဖတ်မိတိုင်းလည်း တလှပ်လှပ်ရင်ခုန်ရသည်။ ရုံးပြန်ချိန် ဖုန်းလာလို့ အသံကြားရလျှင်လည်း ကြည်နူးရပြန်၏။ ပိတ်ရက်လေးတွေမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တီတီတာတာ ပြောနေရပြန်တော့လည်း လောကကြီးက သာယာနေပြန်သည်။ "ချစ်တယ်" ဟူသော စကားတစ်ခွန်းသည် ကိုယ်တို့နှစ်ယောက်အတွက်တော့ ခေါင်တိုင်မဟုတ်ခဲ့သော်လည်း "နားလည်မှု" ကတော့ အုတ်မြစ်တစ်ခု ဖြစ်ခဲ့သည်။
"တို့နှစ်ယောက် နားလည်မှုတည်ဆောက်ကြမယ်" တဲ့။ အဲ့ဒီစကားလုံးတွေကို အသားမကျသေးတဲ့ ကိုယ်ကတော့ ပုံမှန်အတိုင်း မရောက်လာခဲ့တဲ့ "ချစ်တယ်" ဆိုသည့် စကားအတွက် စိတ်ဆိုးစိတ်ကောက်ခဲ့ဖူးသည်ကလည်း ညပေါင်းများစွာ...။ မနက်ရောက်လို့ ပုံမှန်အတိုင်း သူ့အသံကြားရပြန်တော့လည်း ညက စိတ်ဆိုးတာတွေက ရယ်စရာ။ သူ့အတွက်တော့ "ချစ်တယ်" လို့ပြောယုံနဲ့ သူ့မေတ္တာတွေက လုံလောက်မှာ မဟုတ်လို့ပါတဲ့လေ။ ယောက်ျားတွေဟာ ချစ်စခင်စမှာ ဒီလိုပဲအပြောကောင်းတတ်ကြသလားလို့ အတွေခြေဆန့်မိပေမယ့်...
အချစ်အကြောင်းကို အချစ်နဲ့တွေ့တဲ့သူတွေကတော့ စာအမျိုးမျိုးဖွဲ့ခဲ့ကြတယ်။ ကိုယ်လည်း အမြဲတမ်း စာဖွဲ့ဖို့ကြိုးစားခဲ့သူပါ။ ဒါပေမယ့် အခုအချိန်မှာစာဖွဲ့ဖို့ ၀န်လေးနေမိပြီ။ ဘာလို့လဲဆိုတော့ ကိုယ်လည်း သူ့လိုပဲ၊ စာဖွဲ့ရင် ဖွဲ့တဲ့စာက ပေါ့နေလို့ပေါ့ကွယ်...။
PS: လောလောလတ်လတ်ဖတ်မိသည့် ချစ်စ ကို ထပ်ဆင့်ခံစားပါသည်။