ဒီရက်ပိုင်းထဲမှာပေါ့
ဆောင်းရာသီဆိုတာ မရှိတဲ့ ဒီကျွန်းမှာ
ဆောင်းလေအေးတွေ တရစပ်တိုက်နေတယ်
ငါ့ရင်ကိုတောင် လေစိမ်းတွေ ဖြတ်ပြေးသွားသေးရဲ့...
သက်ပိုင်သူပို့တဲ့ Forward သတင်း
ဘုရားကြီးက ရွှေသင်္ကန်းတွေ ပျောက်ကုန်ပြီတဲ့
ရွှေပြောင်ပြောင် သိင်္ဂုတ္တရကုန်းပေါ်ကဘုရား
ခုတော့လည်း သစ်စေးတွေနဲ့ညိုမည်းလို့
ဖြစ်နိုင်ပါ့မလားလို့ ဆင်ခြင်မိသေးရဲ့...
ကျင့်ဝတ်သိက္ခာဆိုတာတွေတောင်
ကေသရာဇာတွေကြားမှာ ပြာကျနေတော့
အပါယ်ဆိုတာကြီးလည်း
Disney Land နဲ့ မှားလောက်ပြီပေါ့...
ညီမလေးကတော့ပြောတယ်
"လောကကြီးမှာ မဖြစ်နိုင်ဘူးထင်တာတွေ
ဖြစ်လာနိုင်ပြီနော်... လျှော့မတွက်နဲ့" တဲ့
ဟုတ်တော့လည်း ဟုတ်သား
တစ်သက်လုံး အေးချမ်းလာတဲ့ငါတောင်
ခုရက်ပိုင်း Over Time ဆင်းရတယ်လေ...
အို...အဲ့ဒါတွေ အသာထား
၂၀၁၂ဆိုရင် ကမ္ဘာပျက်မယ်ဆိုပဲ
ဟုတ်သလား မဟုတ်သလား
မာယာပြက္ခဒိန်ကတော့ ရပ်သွားပြီတဲ့...
ကမ္ဘာပျက်တာက ဝေးပါသေးတယ်
လောလောဆယ် ငါ့ရင်ဘတ်ထဲ
စနေဂြိုလ်တစ်စင်း ခတ်ပြေးသွားတယ်
"မဖြစ်နိုင်တာ ဘာမှမရှိဘူး" တဲ့...
အကုသိုလ်မများချင်ပေမယ့်
ပုထုဇဉ်ဆိုတော့လည်း ရူးမိသား
အသစ်စက်စက်မရလို့ မယူချင်ဘူးဆို
သူများကောက်သွားရုံပဲ ရှိမှာပေါ့
အပြည့်ရမှ လိုချင်တယ်ဆိုပေမယ့်
မိဘမေတ္တာတောင်မှ
ဝေခွဲစရာ မောင်နှမဆိုတာ ရှိပြီးသား
အသုံးတည့်ရင် Brand မဖြစ်လည်း တန်ပါတယ်...
ငါ့အပြင် ငါ့အရင်ကလူ
ငါမမုန်းပေမယ့် ငါမချစ်ချင်တဲ့သူ
တကယ်လို့များ နင်ဖြစ်ခဲ့ရင်လေ
အကြွေပန်းကောက်သူလို့များ
ကွယ်ရာမှာ ဟားတိုက်နေမလား
သိပ် "အ" တာပဲလို့များ
နင်ငါ့ကို လှောင်ရယ်နေမလား...
ဝှက်ထားတဲ့ ဖဲတစ်ချပ်ကို
ဂျိုကာနဲ့တော့ မလဲတော့ဘူးကွယ်
မျက်နှာချင်းဆုံမိရင်တောင်
"ယောင်းမရေ သူငယ်ချင်း"လို့
သကာရည်ဖုံး ပြုံးနိုင်ဖို့ပဲ ငါကြိုးစားမယ်
"မဖြစ်ချင်တာတွေ မဖြစ်နိုင်တာတွေ
ဖြစ်လာနိုင်တဲ့ တစ်နေ့ကျရင်လေ"...။
လွမ်းသုရင်
၁၇ နိုဝင်ဘာ ၂၀၀၉
ညနေ ၅း၀၀
SIC 13th Storey
သို့... တစ်ရံတစ်ခါဆီ...
2 years ago
