September 19, 2009

ဒုတိယမြောက် အိပ်မက်ခြင်း

အဖြူရောင်အောက်ခံမှာ အစိမ်းရောင်ပွင့်ရိုက် ၀တ်စုံအထက်အောက် ၀မ်းဆက်ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး... သူ့ဘေးမှာ အသားဖြူဖြူ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ တီရှပ်အဖြူရောင် အညိုရောင်ဘောင်းဘီရှည်ကို ၀တ်ဆင်ထားသော ရွယ်တူယောကျာ်းလေးတစ်ဦး...။

ရွှေတိဂုံဘုရား တောင်ဘက်မုခ်က ဗုဒ္ဓဟူးဂြိုလ်တိုင်မှာ တစ်ယောက်တလှည့်ရေသပ္ပါယ်ပြီး တတွတ်တွတ်ဆုတောင်းနေတယ်။ ပြီးတော့ ဘုရားကိုလက်ယာရစ် သုံးပတ်ပတ်တယ်။ အစိမ်းရောင်ဖျော့ဖျော့ထီးတစ်လက်ကို ဆောင်းပေးထားတဲ့ ကောင်လေးရဲ့အရိပ်ကိုမှီတွဲလို့ နေ့လည် ၁၂:၀၀နာရီ နေပူကျဲကျဲကို မထီမဲ့မြင်ပြုကာကောင်မလေးတစ်ယောက် စကားတွေ တတွတ်တွတ်ပြောရင်း လိုက်ပါလာခဲ့တယ်။ သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာလေးတွေက ကြည်လင်လို့၊ သူတို့ဘယ်လောက် ပျော်နေလဲဆိုတာ မြင်ရုံနဲ့ သိနိုင်ကြမှာပါ...။တောင်ဘက်မုခ်ကနေ သူတို့ဆင်းသွားကြပြီ။ နံပါတ် (၂၀၄) လိုင်းကားကိုစီးပြီး မြေနီကုန်းရောက်တော့ကားပေါ်ကဆင်းလိုက်ကြတယ်။ နောက်တော့ ပြည်လမ်းကိုလမ်းကူးပြီး ဗားကရာလမ်းအတိုင်း တည့်တည့်လမ်းလျှောက်လာကြတယ်။ သူတို့ဘယ်သွားမလို့ပါလိမ့်....။

ဟော... မြင်နေရပြီ။ Y.K.K.Oဆိုတဲ့ဆိုင်းဘုတ်။ သူတို့ကြေးအိုးလာစားကြတာ ဖြစ်နိုင်တယ်။ သေချာတာပေါ့။သူတို့ဆိုင်ထဲကို ၀င်သွားပြီး၊ အပ်ါထပ်ကို တက်သွားကြတယ်။ အပေါ်ထပ်ရဲ့ မှန်ပြူတင်းဘက် မျက်နှာစာကစားပွဲအလွတ်တစ်ခုမှာ နေရာယူပြီး ကြေးအိုးကို ကြက်နဲ့တစ်ပွဲ ၀က်နဲ့တစ်ပွဲမှာနေတယ်။ ပြီးတော့ ကောင်မလေးကဆားငံသီးဖျော်ရည်လည်း မှာလိုက်သေးတယ်။ စားစရာတွေမှာထားတုန်းမှာ ကောင်မလေးက သူယူလာတဲ့လက်ဆွဲအိတ်ထဲက ပစ္စည်းတွေကို တစ်ခုချင်းထုတ်ပြီး ကောင်လေးကိုပေးနေတယ်။ MP3 Playerလေးတစ်ခု၊စီဒီ နှစ်ချပ်၊ ပြီးတော့ လက်ခလယ်လောက်အရွယ် ရှည်မျောမျော အစိမ်းရောင် ကျောက်တုံးငယ်လေးနှစ်ခု၊တစ်ခုကို ကောင်လေးကိုပေးပြီး ကျန်တဲ့တစ်ခုကို သူပြန်ယူထားလိုက်တယ်။ ပြီးတော့ ပြောသေးတယ်။ ဆေးပုလင်းခေါင်းဖြတ်တဲ့အခါ သုံးဖို့တဲ့။

စားစရာတွေရောက်လာတော့ စကားစပြတ်ပြီး စားတဲ့ဘက်ကို အာရုံရောက်သွားကြတယ်။ ကောင်လေးက ပလတ်စတစ်အိပ် စွတ်ထားတဲ့ တူတစ်စုံကို တယုတယ ခွာပေးပြီး ကောင်မလေးကို ပေးလိုက်တယ်။ကြေးအိုးကို ဖြည်းဖြည်းချင်းစားနေတဲ့ ကောင်မလေးကိုကြည့်ပြီး ပြုံးစိစိလုပ်နေတဲ့ ကောင်လေးက အစားစားတာကို နည်းနည်းချင်းစီပဲ ဘာလို့စားတာလဲတဲ့။ ကောင်မလေးဘာမှ ပြန်မဖြေဘူး။ ပြုံးရုံလေးပဲ ပြုံးပြလိုက်တယ်။ နောက်တော့ စားသောက်ခြင်းကို ရပ်လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် စကားတွေပြောနေကြလေရဲ့။မှန်ပြူတင်းကနေ အပြင်ကိုကြည့်မိတော့ မိုးတွေကရွာလို့။ မိုးအတိတ်ကိုစောင့်ရင်း စကားတွေပြောနေလိုက်ကြတာ။သူတို့ ဘာတွေပြောနေကြတာလဲ။ မျက်နှာလေးတွေကတော့ ပြုံးနေတာပဲ။ အဲဒီလို နှစ်ယောက်အတူတူ ရှိနေခဲ့တာ အဲဒီနေ့ကနောက်ဆုံးပဲဆိုတာကို သူတို့မသိခဲ့ကြဘူးထင်ပါရဲ့...။ သည်းနေတဲ့မိုးကတော့ သိနေသယောင် အညှိုးနဲ့ရွာနေတော့တယ်။

တဖြည်းဖြည်း မိုးစဲသွားတော့ နှစ်ယောက်သား ကြေးအိုးဆိုင်က ထွက်ပြီးမြေနီကုန်းက လမ်းပြန်လျှောက်လာကြပြန်ပြီ။ အဲဒီအချိန်မှာ တီကနဲ ကားဟွန်းသံတစ်ချက်ကိုကြားလိုက်ရတယ်။ လန့်ပြီးနာရီကိုကြည့်လိုက်တော့ မနက်ခုနစ်နာရီခွဲ။ မိုးလင်းတာကလည်း မြန်လိုက်တာလို့ တိတ်တဆိတ်ရေရွတ်မိတယ်။

ဘာလိုလိုနဲ့ သူ့မွေးနေ့တွေမှာ ကိုယ်နဲ့အတူ မရှိနိုင်တော့တာ သုံးနှစ်တောင် ရှိခဲ့ပြီပဲလေ...။ ခုဆိုရင်သူလည်း ကိုယ့်လိုပဲ သတိရနေမလား မသေချာပေမယ့် သူ့ဘ၀နဲ့သူတော့ သာသာယာယာ ရှိနေလိမ့်မယ်လို့တော့ မျှော်လင့်နေမိတယ်။

ငယ်ချစ်ဦးဆိုတာ အနှစ်တစ်ရာ မမေ့သာတဲ့...။ ချစ်ခြင်းကို မုန်းလို့ရပေမယ့် သံယောဇဉ်ဆိုတာ တွယ်မိရင် ဖြတ်ဖို့ခက်တဲ့အရာ... ။

[+/-] အပြည့်အစုံဖတ်ရန်...

September 11, 2009

၁၁ - ၀၉ - ၂၀၀၀ ~ ၁၁ - ၀၉ - ၂၀၀၉

လွန်ခဲ့သော ကိုးနှစ်... ဒီလိုနေ့...

ထိုနေ့က ကျွန်မဘေးမှာ အမြဲထိုင်နေတတ်သည့် ဖြူဖြူသွယ်သွယ် သူငယ်ချင်းမလေးတစ်ယောက် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပါသည်...။


သူဘာကြောင့် ပျောက်ကွယ်သွားသည်ကိုလည်း ကျွန်မစိတ်မ၀င်စားမိခဲ့။ ဆက်သွယ်ရန်ဖုန်းနံပါတ် ရှိနေခဲ့သော်လည်း ကျွန်မ မစုံစမ်းဖြစ်ခဲ့ပါ။ သည်လိုနှင့် သူ၏သင်တန်းပျက်ရက်တွေ များလာခဲ့တော့သည်။ စာကြိုးစားသော သူမသည် မည်သည့်အကြောင်းနှင့်မျှ သင်တန်းကို ရက်ရှည်ရှည် မပျက်ကွက်ခဲ့ဖူးပါ။


သူမ၏ပုံစံက... ခပ်အေးအေးနှင့် ဖာသိဖာသာ နေတတ်သည့် ပုံစံမျိုး...။ တော်ရုံလည်း စကားမပြောတတ်။ ကျောင်းသူ၊ ကျောင်းသားများအလယ်တွက် "စာကြမ်းပိုး"ဟု ခေါ်ခံရတတ်သော ပုံစံ။ အမှန်တကယ်ပင် သူမသည် စာတော်သော ကျောင်းသူတစ်ယောက် ဖြစ်ခဲ့ပါသည်။ ဆယ်တန်းအောင်စာရင်းများ ထုတ်ပြန်ခဲ့စဉ်က သူမကို ဆရာဝန်လောင်းဟု သူငယ်ချင်းများက သတ်မှတ်ခဲ့ကြသေးသည်။


ရက်သတ္တတစ်ပတ်ခန့် ကြာသောအခါ သူမအိမ်သို့ ကျွန်မဖုန်းဆက်ခဲ့မိသည်။ သူမဆီမှ ၀မ်းနည်းအားငယ်သော အသံတစ်ခုကို ကြားလိုက်ရသည့် အခါတွင်တော့ ခပ်စောစော သတင်းမမေးမိခဲ့သော ကိုယ့်ကိုယ်ကိုသာ အပစ်တင်ခဲ့မိပါတော့သည်...။


သင်တန်းပြန်တက်သည့်အခါတွင်တော့ သူမဆီမှ "အဖေ"ဟူသော စကားလေးတစ်ခွန်းကို သိပ်မကြားရတော့ပါ။ နောက်တစ်လ၊နှစ်လခန့်ကြာသည့်အခါ လက်ရှိနေအိမ်မှ ပြောင်းရွှေ့ရတော့မည်ဟု သူမပြောလာခဲ့သည်။ ရေနံချေးဝနေသော... ၊"အဖေ"ဆိုသည့် အရိပ်များ ဆက်လက်ရှင်သန်နေသေးသော အိမ်အမှတ် (၃) ကို သူမတို့မိသားစု စွန့်ခွာခဲ့ကြရသည်။


တစ်ခါတစ်ရံ တိုက်ဆိုင်သည့်အခါ "ညနေရုံးကပြန်တိုင်း လက်ထဲမှာ မုန့်တွေဆွဲပြီး ပြန်လာတတ်သည့်" သူမ၏ဖခင်အကြောင်းကို ဆွေးဆွေးမြေ့မြေ့ကလေး ပြောနေတတ်သည်။ ထိုအကြောင်းအရာများကို ကျွန်မ၏ဖေဖေအား ပြန်ပြောပြသည့်အခါ "ဦး...ရှိစဉ်က..." ဟု အစပြုပြီး ဖေဖေက အလွန်အေးဆေးသော၊ စိတ်စေတနာကောင်းရှိသော သူ၏ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက် အကြောင်းကို ပြောပြတတ်သေးသည်။


တက္ကသိုလ်ဝင်ခွင့်များ လျှောက်ကြသည့်အခါ ဆယ်တန်းအောင်အမှတ်စာရင်းကောင်းသော သူမအား အစ်မဖြစ်သူက ဆေးတက္ကသိုလ်သို့သာ ပထမဦးစားပေး လျှောက်ထားစေချင်သော်လည်း သူမကတော့ မရွေးချယ်ချင်ခဲ့ပါ။ "အဖေရှိရင်တော့ တစ်မျိုးပေါ့..."ဟု သူမပြောခဲ့စဉ်က သူမနှင့်ထပ်တူ ကျွန်မ ၀မ်းနည်းကြေကွဲခဲ့ရဖူးသည်။


ဆရာဝန်မဖြစ်ခဲ့သော သူမသည် ယခုအချိန်တွင်တော့ ပရိုဂရမ်မာကောင်းတစ်ယောက် ဖြစ်လာခဲ့ပြီ။ အောင်မြင်မှုတစ်ခုကို ရရှိတိုင်း၊ နေရာအဆင့်တစ်ခုကို ရရှိတိုင်း သူမကိုအမြဲတစေ လမ်းညွှန်ပြသပေးခဲ့သည့်၊ ချီးကျူးအားပေးခဲ့သည့် "ဖခင်"ကို သူမသတိရနေတတ်သည်။ သူမ၏ ကိုယ်ပိုင်ဘလော့ခ်လေးတစ်ခုကို ဖန်တီးခဲ့စဉ်က ထိုဘလော့ခ်လေး၏ ခေါင်းစဉ်ကိုပင် သူမ၏ဖခင် နှစ်ပေါင်း ၄၀ခန့် တိုင်းမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒေသကို အမှတ်တရအဖြစ် "ဧရာဝတီ"ဟု ခေါင်းစဉ်တပ်ခဲ့သည်။


လွန်ခဲ့သော ၂နှစ်... ၂၀၀၇ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် Friendster Blogမှာ သူမရေးသားခဲ့သော စာပိုဒ်လေးတစ်ခုကို ယနေ့အထိ မှတ်မှတ်ရရ ရှိနေစဲ...။ စာတစ်ပိုဒ်လုံး မဟုတ်သောလည်း နိဂုံးတစ်ကြောင်းကိုတော့ ကျွန်မ သေသေချာချာ မှတ်မိနေသေး၏။


"At that days of 7 years ago... My Beloved and Admire Most person,My Father was passed away... " တဲ့...


ယနေ့ဆိုလျှင် နှစ်ပေါင်း ၉နှစ်တိတိ ပြည့်ခဲ့ပါပြီ...


သူမ၏ GTalk တွင် မီးလင်းနေသော ဖယောင်းတိုင်လေးတစ်ခုကို ကျွန်မ တွေ့နေရသည်။


ထိုဖယောင်းတိုင်လေးသည် မည်သို့ အဓိပ္ပါယ်ရှိနိုင်သည်ကို ကျွန်မသေချာမသိခဲ့ပါ။


ဘ၀အတွက် အင်အားအကောင်းဆုံး အလင်းတိုင်တစ်ခု ငြိမ်းသွားခဲ့သည်မှာ ကိုးနှစ်တိတိရှိခဲ့ပြီဟု ဆိုလိုချင်ပါသလား...


သူမ၏ဖခင် ထွန်းညှိပေးခဲ့သော အလင်းရောင်ကြောင့် သူမ၏ဘ၀သည် ယနေ့ထိတိုင် တစ်နေ့တခြား ပိုမိုတောက်ပလာသည်ဟု သူမဆိုလိုချင်ပါသလား...


အဓိပ္ပါယ် နှစ်ခုလုံးကိုပင် သူမပြောချင်သည်လား.... ဟု ကျွန်မတွေးနေမိပါသည်။


တကယ်တော့ "ဖခင်"ဆိုသည်မှာ မသန်မစွမ်းဘဲ အိပ်ရာထဲတွင် လဲနေလျက် အသက်ရှိနေသေးလျှင်ပင် သားသမီးများအတွက် ခွန်အားတစ်ခု၊ အခန်းထောင့်တစ်နေရာတွင် ထွန်းညှိထားခဲ့လျှင်ပင် တစ်ခန်းလုံး လင်းထိန်နေစေမည့် အလင်းတိုင်တစ်ခုပင် မဟုတ်ပါလား...။


( အချစ်ဆုံးသူငယ်ချင်း KZ အတွက် )


[+/-] အပြည့်အစုံဖတ်ရန်...