June 20, 2009

အားကိုးလျက်ပါ ဖေဖေ

"အားကိုးစမ်းဘာ"

လက်မောင်းကို ကာယဗလမောင်တွေ ဟန်ရေးပြသလို ကွေးလို့ အသံမာမာနဲ့ ပြောလိုက်တဲ့ ဖေဖေ...
စွယ်ကျယ်အင်္ကျီဝတ်ထားသည်းအတွက် လက်မောင်းမှ ကြွက်သားတွေက ဖုထစ်လို့နေသည်။ အဲ့ဒီလိုဟန်ပန်နှင့် ပြောတတ်သည့် ဖေဖေ့ကိုကြည့်ရင်း ကျွန်မပျော်နေတတ်ခဲ့သည်။ အဲ့ဒီတုန်းက ကျွန်မကောင်းကောင်း သိတတ်စအရွယ်... ၉နှစ်၊ ၁၀နှစ်သမီးလောက်ပဲ ရှိဦးမှာပါ။

"အဖေကြီးရေ... မီးဖိုကွိုင်ပျက်သွားပြီ လုပ်ပေးပါဦး" ၊ "ဈေးသွားမလို့ စက်ဘီးနဲ့လိုက်ပို့ပါလား" အဲ့ဒီလို အသေးအမွှားလေးကအစ "လကုန်ရင် သမီးတွေ ကျောင်းအပ်ဖို့ ပိုက်ဆံလိုသေးတယ်၊ ဖုန်းဖိုး အခွန်လည်းပေးရဦးမယ်။ သားကလည်း ပိုက်ဆံလှမ်းမှာနေပြီ။" ဆိုတာတွေအထိ မေမေက အားကိုးသလို... "သမီး ကျောင်းသွားတော့မယ် ဖယ်ရီဂိတ်ကို လိုက်ပို့ပါလားဟင်" ၊ "စက်ဘီးက လေမရှိတော့ဘူး... ဖေဖေ လေထိုးပေးပါဦး" စသည်ဖြင့်လည်း ချွဲနွဲ့တတ်သော ကျွန်မတို့ သားသမီးတွေရဲ့ တစ်ခုတည်းသော အားကိုးရာလည်း ဖြစ်ခဲ့သည်။

သားသမီးတွေကို စက်ဘီးစီးတတ်စေချင်လို့ သားတလှည့် သမီးတလှည့် စက်ဘီးစီးသင်တဲ့နောက် ရေကျော်ရပ်ကွက် တစ်ပတ်လုံးကို မမောနိုင်မပန်းနိုင် ပြေးလိုက်ရင်း ထိန်းကျောင်း သွန်သင်ပေးခဲ့တဲ့ဖေဖေ၊

နေပူမိုးရွာမရှောင် သားသမီးသုံးယောက်ကို တစ်ယောက်တစ်လှည့်စီ စက်ဘီးနောက်မှာတင်ရင်း ခေါက်တုံ့ခေါက်ပြန် ကျောင်းပို့ပေးခဲ့တဲ့ဖေဖေ၊

ရုံးပြန်မိုးချုပ်လို့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ သားသမီးတွေ သွားလေရာကို မငြီးမငြူ ကားတစ်စီးနဲ့ လိုက်ပို့လိုက်ကြို လုပ်တတ်တဲ့ဖေဖေ၊

ဘာအခက်အခဲပဲ ရှိရှိ သားသမီးကို အသိမခံပဲ ကျိတ်ပြီး ဖြေရှင်းတတ်တဲ့ ဖေဖေ၊

သားသမီးအတွက် ကိုယ့်ကိုယ်ကို အင်ဂျင်နီယာဆိုတာကိုတောင် ဘေးချိတ်ပြီး ဘယ်လိုပုံစံမျိုးနဲ့ပဲ ဖြစ်ပါစေ စီးပွားရှာရဲတဲ့ ဖေဖေ၊

သားသမီးတွေကို ပါးစပ်ကတစ်ခွန်းမှ မပြောပဲ စိတ်ထဲကနေ ကျိတ်ချစ်တတ်တဲ့ ဖေဖေ...

အဖေက "အားကိုးစမ်းပါ" လို့ မပြောလည်း ကျွန်မ အဖေ့ကို အားကိုးခဲ့တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်နေလည်း အဖေ့ကို ကျွန်မ အားကိုးဆဲပါပဲ။ အဖေအသက်တွေကြီးလို့ ဘာအလုပ်မှ မလုပ်နိုင်တော့ရင်လည်း သက်ရှိထင်ရှား ရှိနေသေးတဲ့ အဖေဆိုတာ ကျွန်မအတွက် ဘာနဲ့မှ လဲလို့မရနိုင်တဲ့ အားကိုးရာတစ်ခုပါ။

အသက် ၆၀နီးလို့ ငယ်တုန်းကလို မသန်တော့ရင်တောင် စိတ်ဓါတ်မကျပါနဲ့ အဖေရယ်... အိမ်ဦးခန်းမှာ ထိုင်နေပြီးတော့ သားသမီးတွေအတွက် အဖေမားမားမတ်မတ် ရပ်တည်ပေးနေနိုင်ပါသေးတယ်။ ကျွန်မ အဖေ့ကို အားကိုးနေပါသေးတယ်...။

( ကျွန်မချစ်သော ဖေဖေ.. အသက် ၅၈နှစ်ပြည့် အမှတ်တရ )


ဖေဖေနဲ့ပတ်သက်လို့ရေးခဲ့ဖူးတာတွေ...
ဖေဖေ... ( ၅၇နှစ်ပြည့် မွေးနေ့ )
ကျွန်မအဖေတူ သမီးပါ


[+/-] အပြည့်အစုံဖတ်ရန်...

June 15, 2009

ကျွန်မရဲ့ ၀ါသနာလေးတွေ

သိပ်မကြာသေးခင်ကပဲ သက်ပိုင်သူက တက်ဂ်ထားပြီးတာ ဖြစ်နေပေမယ့် အစ်ကို ကိုလင်းဦးက ထပ်ရေးပါဦးဆိုလို့ နောက်တစ်ခါ ထပ်တင်လိုက်ပါတယ်နော်။ ( အသစ်မတင်နိုင်သေးခင် ဆားချက်တယ်လို့ ပြောရင်လည်း ရပါတယ် :P )

လူတစ်ယောက်မှာ မွေးလာကတည်းက ဗီဇ၀ါသနာဆိုတာ ရှိကြပါတယ်။ တစ်ချို့ကလည်း ငယ်ငယ်လေးကတည်းက သူဘာကိုဝါသနာပါတယ်ဆိုတာ ပေါ်လွင်နေတတ်သလို တစ်ချို့ကလည်း စိတ်ငြိမ်တဲ့အရွယ်ရောက်မှ သူ့ဝါသနာက ပိုထင်ရှားလာတတ်တာပါ။ လူသားထဲက လူတစ်ဦးဖြစ်တဲ့ ကျွန်မလည်း ဘာတွေဝါသနာပါလဲ။ သက်ပိုင်သူကြောင့် ကျွန်မရဲ့ဝါသနာတွေကို တစ်ခုချင်းစီပြီး စဉ်းစားဖြစ်သွားတယ်။ ထွေထွေထူးထူးတော့ မရှိပါဘူး။

မွေးကတည်းက တစ်ယောက်တည်း ဆိတ်ငြိမ်စွာနေရခြင်းကို ကြိုက်ပါတယ်။ ငယ်ငယ်ကဆိုရင် အမေက မီးဖိုချောင်မှာ ဟင်းသွားချက်မလို့၊ သမီးဒီနားမှာ ခဏထိုင်နေဆိုရင် အမေပြန်လာခေါ်တဲ့အထိ ထားခဲ့တုန်းက အတိုင်းပါပဲ။ တစ်လက်မမှ မရွေ့ပါဘူး။ အဲ့လောက်ထိ ငြိမ်တာပါ။

တစ်ယောက်တည်းနေတဲ့အခါ မပျင်းဘူးလားလို့ ထပ်မေးပါ။ မပျင်းပါဘူး။ စာအုပ်တစ်အုပ်နဲ့ ခဲတံတစ်ချောင်း ဒါမှမဟုတ် ကျောက်သင်ပုန်းနဲ့ ကျောက်တံရရင် ငြိမ်ဆေးပါပဲ။ ကလေးဆိုတော့ ဘာမှလည်း မရေးတတ်သေးပါဘူး။ ဒါပေမယ့် လျှောက်ခြစ်တာပေါ့လေ။ အဲ့ဒါကိုကြည့်ပြီး လူကြီးတွေက ဒီကလေး စာဂျပိုးဖြစ်မယ်လို့ ထင်ကြေးပေးကြတယ်။ :P

စာမဖတ်ပဲလည်း တစ်ယောက်တည်း ငြိမ်နေတတ်ပါတယ်။ တွေးချင်ရာလျှောက်တွေးနေတာပါ။ ဘယ်သူနဲ့မှ အခြေအတင်စကားမပြောရရင်ပြီးရော စိတ်ကူးတွေထဲမှာ ပျော်ပါတယ်။

နည်းနည်းသိတတ်လာတာနဲ့အမျှ စာဖတ်တာဝါသနာပါတယ်လို့တော့ ကိုယ့်ကိုယ်ကိုသိလာပါတယ်။ တွေ့သမျှစာအကုန်လိုက်ဖတ်တာပါ။ ငယ်ငယ်က အမေနဲ့ရုံးကိုလိုက်တဲ့အခါ အမေ့အလုပ်က စာရင်းဇယားတွေပါမကျန် စာလုံးမြင်တာနဲ့ အကုန်ဖတ်ရော။

နောက်တစ်ခုက လမ်းသွားရင် တအားငေးတတ်တာပါ။ ဘာငေးတာလဲဆိုတော့ ရန်ကုန်မြို့ထဲမှာဆိုရင် ဆိုင်းဘုတ်တွေများတယ်၊ ဆိုင်တွေများတယ်လေ။ အဲ့ဒါတွေလိုက်ဖတ်၊ လျှောက်ကြည့်ရင်း ငေးမိသွားတာပါ။

အသက်နည်းနည်းကြီးလာတော့ ၁၅နှစ်၊ ၁၆နှစ်လောက်မှာပေါ့နော်။ ရသစာပေတွေဖတ်ရတာကို သိပ်သဘောကျလာတယ်။ ပြီးတော့ ကိုယ့်ဟာကိုယ် လက်တည့်စမ်းရေးကြည့်တတ်တယ်။ စာလေးတစ်ကြောင်းရေးပြီး ကိုယ့်ဟာကိုယ် အကြိမ်ကြိမ်ပြန်ဖတ်၊ မချောဖူးထင်ရင် ပြန်ပြင်ရေး။ နောက်တစ်ခါ စာရေးဆရာတွေ ရေးတဲ့စာထဲက ကိုယ်ရေးတဲ့စာနဲ့ ဆိုလိုရင်းတူပြီး ရေးပုံကွဲနေရင် ငါရေးချင်တာကို ဒီလိုလည်းရေးလို့ရသေးပါလားလို့ မှတ်ထားလေ့ရှိတယ်။

စာအုပ်ဖတ်တာ၊ စာရေးတာ ၀ါသနာပါပြီးတော့ စာသင်တာလည်း ၀ါသနာပါတယ်။ ကျောင်းတက်တုန်းက သူများကို စာရှင်းပြဖို့ဆိုရင် ကိုယ့်ထမင်းချိုင့် ကိုယ်ဆွဲပြီး အာပေါက်အောင်၊ အမြှုပ်ထွက်အောင် ကိုယ်သိတာမှန်သမျှ တစ်လုံးမချန် ရှင်းပြတတ်ပါတယ်။ ( သက်ပိုင်သူ အသိဆုံးဖြစ်ပါတယ်။ )သူများကို စာရှင်းရမယ်၊ စာသင်ရမယ်ဆိုရင် ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်သူ့ကို ဖြစ်ဖြစ် စေတနာရှိပါတယ်။ အဲ့လောက်ထိ ၀ါသနာပါတာပါ။ တစ်နေ့နေ့ကျရင် ဆရာမလုပ်မယ်ရယ်လို့လည်း ရည်ရွယ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မဖြစ်ခဲ့ပါဘူး။

မြို့ပြအင်ဂျင်နီယာတစ်ယောက် အနေနဲ့ အဆောက်အဦးတွေကိုလည်း စိတ်ဝင်စားတယ်။ QS ရယ်လို့ဖြစ်လာတော့ ဆောက်လုပ်ရေးပစ္စည်းတွေကို ပိုပြီး လေ့လာမိတယ်ဆိုရင် မမှားပါဘူး။

ဈေးဝယ်ရတာလည်း ၀ါသနာပါတယ်။ ဘာတွေဝယ်သလဲဆိုရင်တော့ ကိုယ့်အတွက်ဝယ်တာနည်းတယ်။ မြင်မြင်သမျှ သူများအတွက်ပဲ လျှောက်ကြည့်ပြီး အဆင်ပြေမယ်ထင်တာတွေ ၀ယ်တာပဲ။ ရန်ကုန်တုန်းကဆိုရင် ယုဇနပလာဇာကို လေးထပ်လုံး ၃ခါလောက် အစအဆုံးတက်လိုက်ဆင်းလိုက်နဲ့ ပတ်ပြီး ၀ယ်တတ်ပါတယ်။ ကိုယ့်အတွက် အပင်ပန်းခံပြီး ရှာဝယ်တတ်တာက လက်ကိုင်အိတ်နဲ့ ဖိနပ်။

ဝယ်လာတဲ့ပစ္စည်းကို အလှကြည့်တတ်တာလည်း ကျွန်မရဲ့ ၀ါသနာတွေထဲမှာပါတယ်။ သုံးတာလည်း မဟုတ်ဖူး။ ကြည့်နေရရင် ကျေနပ်နေတာပဲ။ :P

မိန်းကလေးဆိုတော့ အလှအပတော့ စိတ်ဝင်စားမယ်လို့ ထင်မိရင် မှားပါမယ်။ GreenGirlက မျက်နှာအလှအပထက် လက်ချောင်းခြေချောင်းတွေကို အလှပြင်ရတာ ပိုကြိုက်ပါတယ်။ လက်သည်းခြေသည်းဆိုးခြင်း ၀ါသနာပါ၏။ အခုတော့ မဆိုးဖြစ်တာကြာပါပြီ။ လက်သည်းအရှည်လည်း ကြိုက်တယ်။

သီချင်းလည်း နားထောင်တတ်ပါတယ်။ ဒါပေမယ့် လိုက်ရှာရတာတော့ ပျင်းတယ်။ အသည်းအသန် လိုချင်တဲ့ သီချင်း၊ ကြိုက်မိတဲ့သီချင်းဆိုရင်တော့ ဇွဲကောင်းကောင်းနဲ့ ရှာပါတယ်။ :)

အကြောင်းအရာတစ်ခုကို အစရရင် ရေဆုံးမြေဆုံး လိုက်တတ်တာလည်း ၀ါသနာလို့ပဲ ပြောရမလားပဲ။ ဘယ်အကြောင်းအရာက ဘယ်လိုဇစ်မြစ်ကနေ စလာတယ်ဆိုတာကို စိတ်ဝင်တစား လေ့လာတတ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ ၀ါသနာတူခြင်းတွေ့ရင် စာအကြောင်းပြောရတာ၊ နားထောင်ရတာကို နှစ်သက်ခြင်းပါပဲ။ မယုံရင် သက်ပိုင်သူနဲ့ အလှတရားကို မေးကြည့်ပါ။ အဲ့ဒီအချိန်မှာ GreenGirl မစားမသောက်မအိပ်ပဲ စကားပြောပါတယ်။

ထူးခြားတာတော့ မပါဘူးနော်။ ဒီထဲမှာ မပါတာဆိုရင် ၀ါသနာမပါဘူးလို့ မှတ်ပေါ့နော်။ တာဝန်အရလုပ်ရတဲ့ ကိစ္စမျိုးတွေတော့ ရှိတာပေါ့လေ။ စိတ်ဝင်စားလို့တော့ မဟုတ်ဖူး။ ဒီလောက်ဆိုရင် ၀ါသနာအကြောင်း လုံလောက်ပြီ ထင်ပါတယ်။ ဘုံ အထပ်၂၀ ဒီဇိုင်းများအလည်မှာ ရယ်ကာမောကာ မျက်နှာငွေလ ရွှင်ပြပြနဲ့ သက်ပိုင်သူ ၀မ်းမြောက်ပါလေတော့...။

[+/-] အပြည့်အစုံဖတ်ရန်...

June 7, 2009

နိုင်ငံခြားပြန်...တဲ့

ဟိုတစ်လောက နိုင်ငံခြားပြန်ညည်းချင်းတွေ အပြိုင်အဆိုင် ညည်းလိုက်ကြတာ ဖတ်လိုက်ရတယ်။ အဲ့ဒီညည်းချင်းက သက်ပိုင်သူဆီရောက်တော့ မီးခိုးကြွက်လျှောက် ဆိုသလို သူ့ညည်းချင်းက ကိုယ့်ဆီဆက်ကူးသွားတယ်။ ညည်းချင်းဆိုတော့ ညည်းရမှာ သိပ်တော့စိတ်မပါဘူး။ ဒါပေမယ့် မညည်းပြန်ရင်လည်း သက်ပိုင်သူက မျက်စောင်းတထိုးထိုးဆိုတော့ အဆင်ပြေသလိုပဲ ညည်းလိုက်ရပါတယ်။ စိတ်ပျက်စရာ ဖြစ်နေရင် သည်းခံကြပါရှင်။

သူများတွေ အိမ်ပြန်ရင် အိမ်ပြန်လက်ဆောင် ၀ယ်ရခြမ်းရတာတွေနဲ့ ညည်းစရာတွေ ရှိပေမယ့် ကျွန်မ GreenGirl မှာတော့ အဲ့လိုညည်းစရာက မရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်မက ပြတ်သားတယ်။ ပြန်မယ်လို့ စီစဉ်ရင် လက်ဆောင်မပါမဖြစ် ယူသွားရမယ့်သူကို စာရင်းချရေးလိုက်တိုင်း ငါးယောက်ထက်မပိုဘူး။ ဖေဖေ၊မေမေ၊ ညီမလေးနဲ့ မောင်လေး၊ ပြီးတော့ သူသူအောင်။ ဒါပဲရှိတယ်။ တခြားအမျိုးအဆွေ၊ တူ၊တူမတွေ ဘာမှစဉ်းစားစရာမရှိဘူးလေ။ အမေကလည်း ကြီးကြီးမားမား မမှာတတ်ဖူး။ နှုတ်ခမ်းနီတစ်တောင့်ပါရင် တော်ပြီတဲ့။ အဲ့လောက် များများစားစား မှာတတ်တာ ဆိုတော့လည်း သိပ်ခေါင်းမစားရတော့ဘူးပေါ့။

ပြန်တိုင်းအိမ်နဲ့ စကားပြောရတာက တစ်ခုပဲရှိတယ်။ ကိုယ်က ပြန်ချင်တဲ့ရက်နဲ့ အမေက ပြန်လာခိုင်းတဲ့ရက်နဲ့ ဘယ်တော့မှ မကိုက်ဖူး။ ဒီတစ်ခါပြန်တော့လည်း မကိုက်ဖူးလေ။ အမေက ၂၄ရက်နေ့မှ ပြန်လာပါလားတဲ့။ ကိုယ်က ဖြစ်နိုင်ရင် သင်္ကြန်မီအောင်တောင် ပြန်ချင်တယ်။ အဲ့ဒီမှာတင် စကားကပြောရရော။ ပြောမရတဲ့အဆုံး ကိုယ့်ဟာကိုယ်ပဲ စကားကို အပြတ်ဖြတ်ပစ်လိုက်တယ်။ ရုံးမှာတော့ ခွင့်မတင်ရသေးပေမယ့် အမေထပ်မပြောအောင်လို့ ခွင့်တင်ပြီးပြီ မရတော့ဘူး၊ ဒီရက်ပဲပြန်မှရတော့မှာ၊ လေယာဉ်ပျံလက်မှတ်လည်း Booking လုပ်ပြီးပြီ ဘာညာပေါ့။ အဲ့လိုပြောလိုက်မှ အမေက ရက်ပြောင်းဖို့ ဘာမှပြောတော့ဘူး။ အဲ့ဒါလေးတစ်ခုပါပဲ။ ပြန်တိုင်း အမေနဲ့ စကားနည်းနည်းပြောပြီးမှ ပြန်ရတယ်။

နောက်တစ်ခုက မြန်မာပြည်ပြန်ရင် ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ ဘယ်သူနဲ့တွေ့ရမယ်ဆိုတာမျိုးတွေ။ ကိုယ်က သုံးပတ်လောက်ပဲ နေဖို့ရက်ရတာ။ မိဘဆိုတာကလည်း သားသမီးပြန်ရောက်ပြီဆိုရင် လက်ဆွဲပြီး မြို့ပတ်ချင်တယ်။ ဟိုသွားမယ်၊ ဒီသွားမယ်ပေါ့။ ကိုယ့်ကိစ္စနဲ့ကိုယ် သွားချင်တာလေးတွေကလည်းရှိ၊ အမေနဲ့အဖေကလည်း ကိုယ့်ကိုခေါ်သွားချင်တဲ့နေရာတွေရှိ၊ နှစ်ခုမတိုက်အောင် Date လုပ်ရတာလည်း အမောပါပဲ။ ရုပ်မြင်သံကြားလိုပဲ နောက်တစ်နေ့အစီအစဉ်ကို ကြိုကြိုပြီးဆွဲထားရတယ်။ မဟုတ်ရင် တိုက်ကုန်လို့။ အမေကတော့ တစ်ရက်ကြိုဆွဲတာမဟုတ်ဖူး။ White Board မှာ သုံးပတ်စာ Schedule တစ်ခါတည်း ဆွဲပေးထားတာ။ ဘယ်နေ့မှာ ဘယ်သူဘယ်သွားမယ်၊ ဘယ်အချိန် ဘယ်သူနဲ့တွေ့မယ်၊ အဲ့လိုမျိုး။ တခါတလေတော့လည်း စိတ်ညစ်မိတယ်။ သွားလေရာ လျှောက်လိုက်နေရလို့။ ဒါပေမယ့်လည်း စိတ်ဖြေပါတယ်။ သြော်...ငါ့မိဘက သားသမီးလည်း အနားမှာ အမြဲရှိတာ မဟုတ်ဖူး။ ရောက်တုန်းရောက်ခိုက်လေး ကိုယ့်သားသမီးကို လက်ဆွဲပြီး သွားချင်မှာပေါ့။

တစ်နေရာရောက်လိုက် သူများတကာက "ဟယ် သမီးကြီး ပြန်ရောက်နေတာလား" လို့မေးလိုက်၊ "ဟုတ်တယ် ခွင့်နဲ့ပြန်လာတာလေ။ သုံးပတ်နေရင် ပြန်တော့မှာ" ဆိုပြီးတော့ အမေနဲ့အဖေက ပြုံးပြုံးလေးဖြေလိုက်။ သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ။ တစ်ချို့တွေကလည်း ဒီအချိန်ကြီးမှာ ရန်ကုန်ကို ပြန်လာတယ်ဆိုတော့ ဟိုလိုလိုဒီလိုလို ထင်တတ်ကြသေးတယ်လေ။ အပြောမတတ်တဲ့သူက "လူလျှော့တာလား"လို့မေးရင် အမေက အသားဆတ်ဆတ်တုန်အောင် နာတယ်။ တခါတလေတော့ လူတွေကလည်း ခက်ပါတယ်။ ခက်တဲ့ထဲမှာ သေသေချာချာဘာမှမသိပဲ ထင်ကြေးနဲ့ ပြောတတ်တာဟာ အခက်ဆုံးပဲ။ သူ့ဟာသူ ခွင့်နဲ့ပဲပြန်ပြန် လူလျှော့လို့ပဲ ပြန်ပြန် ဘယ်လိုပြန်ပြန်ပေါ့။ ကဲ့ရဲ့စရာမလိုသလို၊ ချီးမွမ်းစရာလည်း မလိုဘူး မဟုတ်လား။ တစ်ကမ္ဘာလုံးကြုံနေရတဲ့ ကပ်ထဲမှာ ကုသိုလ်ကံလည်း အများကြီးဆိုင်တာပေါ့။ ဒါအပြစ်မဟုတ်ပါဘူး။

အဲ့ဒီလိုပေါ့လေ။ မြန်မာပြည်ပြန်တဲ့အခါ ကိုယ့်အတွေ့အကြုံလေးနဲ့ကိုယ်တော့ အနည်းနဲ့အများ ရှိကြမှာပါပဲ။ ဖွင့်မပြောကြတာသာ ရှိမှာပါ။ စိတ်ညစ်စရာတွေလည်း ဖြစ်ချင်ဖြစ်မယ်၊ စိတ်ညစ်စရာတွေထဲက ပြန်တွေးမိရင် ဟာသလေးတွေလည်း ပါနိုင်တယ်။ ဒီတော့ အဲ့ဒီအကြောင်းလေးတွေကို နောက်ထပ် ရင်ဖွင့်ဖို့ သယ်ရင်းကြီး ငါးမည်ရမြရေလျဉ်ကို ဆက်လက် လက်ဆင့်ကမ်းပါတယ်။ သယ်ရင်းရေ နိုင်ငံခြားပြန် အတွေ့အကြုံလေး လုပ်ပါဦးဟ... :)

သက်ပိုင်သူရေ ငါညည်းပြီးပြီနော်...။

[+/-] အပြည့်အစုံဖတ်ရန်...

June 1, 2009

ဇွန် ၁ ရက်နေ့

ဒီနေ့ ကျောင်းတွေပြန်ဖွင့်ပြီ...

ကျောင်းစတက်တဲ့နေ့မှာ ပျော်နေတဲ့သူတွေလည်းရှိမယ်။ ကျောင်းမတက်ချင် တက်ချင်တက်ရတဲ့ သူတွေလည်းရှိမယ်။

သူများတွေ ပျော်ပျော်ရွှင်ရွှင်ကျောင်းတက်နေချိန်မှာ ကျောင်းပြန်ဖွင့်တယ်ဆိုတာကို ဘယ်လိုမှ မခံစားနိုင်တဲ့ ခပ်ကြမ်းကြမ်း ဘ၀တွေလည်း ရှိမယ်။

သားသမီးကို ပညာတတ်စေချင်လွန်းလို့ ရှိစုမဲ့စုနဲ့ ဖြစ်အောင်ကျောင်းထားပေးရတဲ့ မိဘတွေလည်း ရှိသလို ရင်နာနာနဲ့ ကျောင်းထုတ်ပြီး ဘ၀ကို ဖြစ်သလိုရင်ဆိုင်နေကြရတဲ့ မိသားစုတွေလည်း ရှိမယ်။

စာသင်ခန်းထဲကို ကြည့်လိုက်ရင် အဖြူနဲ့အစိမ်း နှစ်ရောင်ပဲ တွေ့ကြမှာပေါ့။

အဲ့ဒီအဖြူအစိမ်းတွေရဲ့ နောက်ကွယ်မှာ ရှိနေသေးတဲ့ ရောင်စုံဘ၀တွေကိုတော့ ဘယ်သူမှသေသေချာချာ လေ့လာကြလိမ့်မယ် မထင်ပါဘူး...။

[+/-] အပြည့်အစုံဖတ်ရန်...