May 28, 2009

ငါးဆယ့်ခုနစ်လွန် နေ့ရက်များ

"မိတ္ထီလာကန်မယ် ဖားကောက်ခဲ့ပါ့ကွယ် ဗျိုင်းရှေ့က ပျံကာပျံကာရယ်..."

ညအိပ်ရာဝင်ကာနီးတိုင်း ရွတ်ဆိုချော့သိပ်ခဲ့ဖူးသည့် သားချော့တေးလေးတစ်ပုဒ်ကို နှုတ်ခမ်းပါးများ လှုပ်ရုံလေးသာ ရွတ်ဆိုနေမိ၏။ ပါးပြင်ပေါ်ကို တလိမ့်လိမ့်စီးကျလာသော မျက်ရည်ပေါက်များကို လက်ဖမိုးဖြင့်ခပ်ဖွဖွ သုတ်လိုက်ရင်း အိပ်မောကျနေသော ပန်းသွေးရောင်နုနု မျက်နှာမို့မို့လေးကို တိတ်တဆိတ်ရှိုက်နမ်းလိုက်ည်။

တစ်နေ့နေ့ရင်ဆိုင်ရမည်ကို သိလျက်နှင့် မသိကျိုးကျွံပြုထားမိသောအခါ ( သို့မဟုတ် ) မမျှော်လင့်ထားသော တစ်ချိန်ချိန်တွင် ရုတ်တရက်တွေ့ကြုံလိုက်ရသောအခါ ရင်သို့ထိမှန်လာသော မြှားချက်သည် မထွေးနိုင်မအန်နိုင်အောင် ပြင်းထန်ခဲ့ပြီ။

"ကိုကို့ ကို ဖြူလေး အရမ်းချစ်တယ်..."

အပြာနုရောင် စာရွက်ပါးပါးပေါ်က လက်ရေးဝိုင်းလေးများ...

ထိုနေ့က ကောင်းကင်တစ်ခုလုံး တိမ်မည်းညိုတို့ ဖုံးအုပ်ခဲ့သည်။ မိုးကြိုးတို့ ဆယ်ကြိမ်မက ပစ်ချခဲ့သည်။ မျက်ဝန်း၌ ရေခဲတောင်များ အရည်ပျော်ကျခဲ့သည်။ တစ်လောကလုံး အရှိန်အပြင်းဆုံး မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့သည်။ ရင်တွင်းမှာလည်း နေဆယ်စင်းမက တောက်လောင်ခဲ့သည်။

လူမသိသူမသိ ဖြာဝေနေသော ပရိဒေ၀မီးတို့က အနိုင်ယူလေသောအခါ အားကောင်းလှသော ကမ္ဘာမြေကြီး၏ ဆွဲအားတို့ပင် တင်းမခံနိုင်ပဲ အရုပ်ကြိုးပြတ်...။

"မပေးရက်ပါဘူး၊ မပေးနိုင်ပါဘူး၊ မပေးချင်ပါဘူး" ဆိုသည့်စကားကို အခါခါရေရွတ်မိသော်လည်း နှုတ်ကမူ ထွက်မလာ။ ရင်ထဲမှာသာ တွင်တွင်ငြင်းလျက်ရှိ၏။ "ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်" ဆိုသည့်စကားကိုများ မေ့လျော့ထားခဲ့မိပါသလား။

အတောင်စုံလျှင် အသိုက်အမြုံထဲကနေ ပျံထွက်ကြတာဟာ သဘာဝ၊ ဒါတွေဟာ လောကနိယာမ တရားတွေ။ တစ်နေ့မှာတော့ အားလုံးဟာ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ရွေးချယ် သွားကြမှာပါပဲလေ။

တစ်သက်လုံး ယုယုယယ ပြုစုပျိုးထောင်လာသော ပန်းကလေးတစ်ပွင့်က အခုအချိန်မှာ လှလှပပ ပွင့်အာလာခဲ့ပြီ။ ပန်းကလေးတွေကို ပျားပိတုန်းတွေနားခိုတာလည်း သဘာဝပဲမဟုတ်လား။ ကိုယ်မပေးချင်လည်း တစ်နေ့တော့ ဆွတ်ချူမယ့်သူနောက်ကို လိုက်ပါသွားကြဦးမှာပေါ့။

ကိုယ့်တုန်းကရော... "အဖေနဲ့အမေ မရှိတော့ရင် ဘယ်သူနဲ့နေခဲ့ရမှာလဲ"လို့ ဆိုမိခဲ့ပါရောလား။ "ချစ်ခြင်းကို မခွဲပါနဲ့"ရယ်လို့ အသနားခံခဲ့ဖူးပါရောလား။ ခရောင်းတောလား၊ ပန်းမွေ့ရာလား မသေချာမရေရာတဲ့ ဘ၀လမ်းခရီးကို "သူနဲ့သာဆိုရင်" ဆိုပြီး ရဲရဲဝံ့ဝံ့ လျှောက်လှမ်းခဲ့ဖူးပါရောလား။

စို့တက်လာသော မျက်ရည်တို့ကို ချုပ်ထိန်းရင်း နင့်နေသော ရင်ဘတ်တစ်စုံဖြင့် တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။

"သံသရာရဟတ် တစ်ခါပြန်ပတ်လို့ နှစ်သုံးဆယ်ကျော်က ၀ဋ်တွေ သမီးပြန်လည်ခဲ့ပါပြီ အမေ..."

.........................

အခုစာရေးနေတဲ့အချိန်မှာ ကျွန်မအသက် ၂၇နှစ်၊ နောက်လာမယ့် နှစ်သုံးဆယ်ဆိုရင် အသက် ၅၇နှစ်အရွယ် အဖွားကြီးတစ်ယောက် ဖြစ်နေမှာပေါ့။ လက်ရှိအချိန်ကလွဲရင် နောက်နေ့မနက် ဆိုတာတောင် ဘာတွေဖြစ်ဦးမယ်ဆိုတာကို မသိနိုင်တဲ့ လောကကြီးမှာ နောင်အနှစ် ၃၀ဆိုတာကို ကြိုတင်မခန့်မှန်းချင်ပါဘူး။ ဒါပေမယ့် အဲ့ဒီအချိန်ထိသာ အသက်ရှည်ဦးမယ်ဆိုရင် အသေအချာဖြစ်လာနိုင်တာ တစ်ခုပဲရှိမယ်လို့ ကျွန်မလက်ခံထားပါတယ်။ ဘာလဲဆိုတော့ "၀ဋ်လည်ခြင်း" ပါပဲ။ ဥမမယ်စာမမြောက် ကလေးဘ၀ကနေ အခုအချိန်ထိ မသိတတ်လို့ရော၊ သိတတ်လို့ပါ မိဘအပေါ်ပြုမိခဲ့တဲ့၊ ပစ်မှားမိခဲ့တဲ့ အပစ်တွေကို တစ်နေ့နေ့မှာ ပြန်လည်ခံစားကြဦးမှာပါ။ မိဘက အပစ်လို့မမှတ်ယူလို့ ငရဲမကြီးရင်တောင် ၀ဋ်တော့လည်ဦးမှာပါ။ ပျော်ရွှင်ခြင်းဖြစ်စေ၊ ၀မ်းနည်းခြင်းဖြစ်စေ ကိုယ့်မိဘတွေ ကိုယ့်ကြောင့်တစ်ချိန်က ခံစားခဲ့ရတဲ့အတိုင်း ကိုယ့်အလှည့်ကိုလည်း ရောက်လာကြဦးမယ်လို့ ကျွန်မယုံကြည်ထားလို့ပါပဲ...။

( စာကြွင်း။ ။ ဒီပို့စ်လေးက ရေးထားတာကြာပါပြီ။ စိတ်တိုင်းမကျတာနဲ့ မတင်ပဲထားခဲ့တာပါ။ အခဖိုးသင်္ကြန် တက်ဂ်တော့မှ စိတ်ကူးရလို့ နည်းနည်းပြန်ပြင်ရေးပြီး တင်လိုက်ပါတယ်။ ဖတ်တဲ့သူ အဆင်မပြေရင်လည်း ကျွန်မညံ့လို့ပေါ့နော်။ 30 Years Later အတွက်တော့ ဖိုးသင်္ကြန်ကျေနပ်ပါတော့နော်။ )

[+/-] အပြည့်အစုံဖတ်ရန်...

May 25, 2009

လွမ်းသုရင် ဟုလည်းခေါ်ပါသည်

လွမ်းသုရင်... လွမ်းနေတတ်သူ တစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်တွေကို သိစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ အသုံးပြုဖြစ်ခဲ့တဲ့ ကလောင်နာမည်လေး...

ငယ်ငယ်တုန်းကတော့ အတန်းထဲမှာ စာစီစာကုံး အရေးကောင်းတယ်လို့ ဆရာ၊ဆရာမတွေက ပြောကြတယ်။ ကျွန်မက စကားပြောတဲ့နေရာမှာတော့ မကျွမ်းကျင်ခဲ့ဘူး။ ဒါပေမယ့် ဘာအကြောင်းအရာကိုမဆို စာပိုဒ်တစ်ခုအနေနဲ့ ရေးခိုင်းရင်တော့ စိတ်တိုင်းကျ စီကာပတ်ကုံး ရေးလေ့ရှိတယ်။ တဖြည်းဖြည်းနဲ့ အထက်တန်းကျောင်းသူဘ၀ကို ရောက်လာတော့ ကျွန်မရဲ့ အားသာချက်တစ်ခုက ကျက်စာထက် ကိုယ်တိုင်စာစီပြီးရေးလို့ရတဲ့ ဘာသာရပ်မျိုးမှာ ပိုပြီး စိတ်ဝင်စားခဲ့တယ်။ ဘောဂဗေဒလို ၏သည်မလွဲ ကျက်ရတဲ့ ဘာသာရပ်ထက် နားလည်အောင်ဖတ်ပြီး ကိုယ့်စာကြောင်းနဲ့ကိုယ် ပြန်ပြီးတင်ပြရေးသားလို့ရတဲ့ မြန်မာစာ စကားပြေ၊ ကဗျာ၊ ဘာသာရပ်တွေမှာ ပိုပြီး အာရုံစူးစိုက်မှု ပြင်းထန်ခဲ့တယ်။ စာစီစာကုံး ရေးအားလည်း ကောင်းခဲ့တယ်။

ကျွန်မရဲ့ စရိုက်ကိုက ဘောပင်တစ်ချောင်း၊ စာတစ်အုပ်နဲ့ အလုပ်လုပ်နေတာကိုပဲ နှစ်သက်တယ်ထင်ပါရဲ့။ မြန်မာစာမှာ စာစီစာကုံး ရေးနေရတာကို နှစ်သက်သလို အမြဲတွက်နေရတဲ့
သင်္ချာဘာသာကိုလည်း မွေ့လျော်ပြန်တယ်။ ပုံလေးတွေ ဆွဲနေရတဲ့ ဇီဝဗေဒဘာသာရပ်မျိုးကို စိတ်ဝင်စားနေတတ်တယ်။ ဒါကြောင့်ပဲလားတော့ မပြောတတ်ပါဘူး။ တက္ကသိုလ်ဝင်တန်း အောင်တော့ မြန်မာစာနဲ့ သိပ္ပံဘာသာရပ် ဂုဏ်ထူးနဲ့ အောင်ခဲ့တယ်။ အားအခဲထားခဲ့ဆုံး သင်္ချာဘာသာကတော့ ဂုဏ်ထူးမပါခဲ့ဘူး။

ဒီလိုနဲ့ တဇွတ်ထိုးသမား ကျွန်မရွေးချယ်ခဲ့တဲ့ လမ်းက အစိုးရနည်းပညာကောလိပ်၊ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်...။ T-Square တစ်ခု၊ ခဲတံတစ်ချောင်း၊ စာရွက်တစ်ရွက်နဲ့ အိမ်ပုံစံလေးတွေကို စိတ်ဝင်တစ်စား ရေးဆွဲခဲ့တယ်။ ဂဏာန်းပေါင်းစက်တစ်ခု၊ အိမ်ပုံစံတစ်ခုနဲ့ အိမ်တစ်လုံးရဲ့ ခန့ှ်မှန်းချေ ကုန်ကျစရိတ်တွေကို တိတိကျကျ တွက်ချက်ခဲ့တယ်။ သစ်တွေ၊ သံမဏိတွေရဲ့ သဘာဝတွေ၊ သတ္တိတွေ၊ ခံနိုင်အားတွေကို တွက်ချက်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အင်ဂျင်နီယာတစ်ယောက်ဆိုတဲ့ ဘ၀ကို မြတ်မြတ်နိုးနိုး ခံယူချင်ခဲ့တယ်။ အုတ်တွေ၊ သဲတွေနဲ့ လက်တွေ့လုပ်ရခြင်းကို ပျော်ပိုက်ခဲ့တယ်။ နေပူမိုးရွာမရှောင် ကျောင်းဝင်းထဲမှာ မြေတိုင်းဆင်းရတဲ့ အချိန်တွေကို ဂုဏ်ယူခဲ့တယ်။

အဲ့ဒီအချိန်မှာ ကျွန်မရဲ့ အပြင်းထန်ဆုံး ဆန္ဒက နည်းပညာဘွဲ့ကိုရယူဖို့။ မြို့ပြဘာသာရပ်ကို ရေဆုံး မြေဆုံးလေ့လာဖို့။ တစ်နေ့မှာ နည်းပညာတက္ကသိုလ်က မွေးထုတ်လိုက်တဲ့ အင်ဂျင်နီယာကျောင်းသားတွေကို ဘွဲ့အပ်နှင်းရတဲ့ ပါမောက္ခချုပ်...။

ဂျီတီအိုင် ကျောင်းသူဘ၀မှာ ကျွန်မရဲ့ စိတ်ကူးတွေ၊ ရင်ခုန်သံတွေ ကနေဖြစ်တည်လာတာက ကဗျာလေးတွေ။ စိတ်ကူးပေါက်ရာလေးတွေကို ဘောပင်လေးနဲ့ ချရေးလိုက်တော့ ကာရံလေးတွေ စီစီရီရီကျလို့ ကဗျာလေးတွေ စာရွက်ပေါ်မှာ ဖြစ်လာခဲ့တယ်။ ကျွန်မ အဲ့ဒီလို လျှောက်ရေးတတ်တာကို သိတဲ့ ၀ါသနာတူ သူငယ်ချင်းသက်ပိုင်သူ၊ မြရေလျဉ်တို့ စုပြီး ကဗျာစာအုပ်လေးလုပ်ကြတဲ့အခါ အတင်းခေါ်ပြီး ကဗျာရေးခိုင်းတာနဲ့ ကလောင်နံမယ်လေးတစ်ခု ရွေးဖြစ်ခဲ့တယ်။ ကျွန်မရဲ့ ကဗျာလေးတွေက အလွမ်းကဗျာလေးတွေ များခဲ့တော့ လွမ်းနေတတ်သူ တစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်တွေကို သိစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ 'လွမ်းသုရင်' ရယ်လို့ဖြစ်လာခဲ့တယ်။

ကံကြမ္မာက အကြောင်းမပါလေတော့ အခုအချိန်မှာ ကျွန်မတစ်ယောက် ပါမောက္ခချုပ် ဖြစ်ခွင့်မရတော့ဘဲ စင်ကာပူဆိုတဲ့ နေရာကိုရောက်ခဲ့တယ်။ ကျွန်မမြတ်နိုးတဲ့ မြို့ပြအင်ဂျင်နီယာတစ်ယောက်အဖြစ် ရပ်တည်ခဲ့တယ်။ ပညာလောဘကြီးရာကနေ၊ အခြေအနေအရ စီးပွားရေး သောင်းကျန်းရတော့တယ်။ အင်တာနက်တွေ လိုသလိုအသုံးပြုလို့ ရနေလေတော့ ဘလော့ခ်တွေ ခေတ်စားလာတဲ့အခါ ကျွန်မအကြောင်းကိုသိတဲ့ သူငယ်ချင်းတွေက စာရေးဖို့ တိုက်တွန်းခဲ့တယ်။

ဘလော့ခ်ရေးဖို့ စဉ်းစားတုန်းကတော့ "လွမ်းသုရင်" လို့ပေးမလို့ပါ။ ဒါပေမယ့် အဲ့ဒီအချိန်မှာ အစ်ကို စိုးမိုးက "အစိမ်းရောင် မိန်းကလေး" ကိုဖန်ဆင်းပေးခဲ့ပြီးပြီ ဖြစ်နေတော့ ရစ်တွယ်မိသော မောင်နှမသံယောဇဉ်ကြောင့် အစိမ်းရောင် မိန်းကလေးဖြစ်လာအောင် ကြိုးစားခဲ့မိပါတယ်။ အစိမ်းရောင် မိန်းကလေးအဖြစ် သိလာခဲ့ပြီးမှ တစ်ချိန်က ထားခဲ့ဖူးတဲ့ ဆန္ဒလေးတစ်ခုကို အကောင်အထည်ဖော်ဖို့ လွမ်းသုရင်ကိုပြန်လည် အသက်သွင်းခဲ့ပါတယ်။ အဲ့ဒီဆန္ဒလေးက ဘာလဲဆိုတော့ တစ်နေ့နေ့မှာ စာပေလောကနဲ့များ ဆက်စပ်မိခဲ့ရင် ဒီနာမည်လေးပဲ ဆက်ယူသွားဖို့ပါပဲ။ တကယ်တော့ "အစိမ်းရောင်မိန်းကလေး"ဆိုတာ ဘလော့ခ်စာမျက်နှာပေါ်ကို အရင်ရောက်ခဲ့ပေမယ့် ကျွန်မရဲ့ကလောင်ဦးဟာ "လွမ်းသုရင်" ပါ။

အစိမ်းရောင်မိန်းကလေး အဖြစ် ရင်းနှီးတဲ့သူတွေကတော့ "စိမ်း" ဆိုတဲ့စာလုံးပါတဲ့ နာမည်အမျိုးမျိုးကို ခေါ်တတ်ကြပါတယ်။

မောင်လေး၊ ညီမလေးတွေကတော့ မမစိမ်း လို့ခေါ်တာများတယ်။ီကတော့ မမဂွင်းဂဲလ် တဲ့။ တီချယ်ကတော့ စိမ်း လို့ခေါ်တယ်။ ကိုရင်နော်နဲ့ မမခင်လေးကခေါ်တော့ စိမ်းစိမ်းကိုမိုးမောင်ကတော့ မစိမ်းမေ ဆိုပဲ။ သက်ပိုင်သူက စိမ်းတိမ်းတိမ်းလို့ ခေါ်ပြန်တယ်။ ကိုနေလင်းကတော့ မဂရင်း တဲ့။ မြရေလျဉ်တို့၊ ဖိုးသင်္ကြန်တို့ကတော့ ခေါ်နေကြအတိုင်း မလဲ့ ပေါ့လေ။ အစ်ကို ကိုမိုးမြင့်တိမ်ကတော့ လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းကအတိုင်း ညီမလေး လို့ပဲခေါ်တယ်။ ကိုရှင်ရဲထွတ် နဲ့ ကိုရင်နော်က တစ်ခါတစ်ခါ သုသု လို့ခေါ်ပါတယ်ရှင်။

ဘယ်လိုပဲခေါ်ခေါ်ပါ။ နာမည်နှစ်ခုလုံးဟာ ကျွန်မနှစ်သက်မြတ်နိုးတာပဲမို့လို့ ကျေနပ်ပါတယ်။ ဒီပို့စ်လေးအတွက် မမ မနော်ဟရီကိုလည်း ကျေးဇူးပါနော်။

စာကြွင်း။ ။ ဘလော့ခ်စလုပ်ကာစက အစိမ်းရောင်မိန်းကလေး ဆိုတာကို မေးတဲ့သူတွေ ရှိတာကြောင့် အဲ့ဒီနာမည်အတွက် ပို့စ်တစ်ခု ရေးခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဒီတက်ဂ်ဂိမ်း ဖြစ်လာတဲ့အခါ ကျွန်မကိုများ တက်ဂ်ခဲ့ရင် အသစ်ရေးစရာမလိုတော့ဘူးလို့ ထင်ထားခဲ့တာ။ ဒါပေမယ့် မမ မနော်ဟရီက လွမ်းသုရင် ဆိုတဲ့နာမည်နဲ့ သတိတရ တက်ဂ်လာတဲ့အတွက် လွမ်းသုရင်ဘလော့ခ်အစမှာ ရေးထားဖူးတာကို အနည်းငယ်ပြုပြင်ဖြည့်စွက်ပြီး ပြန်ရေးလိုက်တာပါ။

[+/-] အပြည့်အစုံဖတ်ရန်...

May 24, 2009

ရထားခေါင်းတွဲကြီး

ကိုယ့်မွေးရပ်ဇာတိမဟုတ်ပဲ ငယ်ငယ်ကတည်းက အကျွမ်းတ၀င်ရောက်ဖူးတဲ့ မြို့တစ်မြို့လို့ ကျွန်မကိုမေးရင် "ပျဉ်းမနားမြို့" လို့ပဲ ပြောရမယ်ထင်ပါတယ်။ သန်လျင်၊ကျောက်တန်း ဘက်မှာတော့ ၅နှစ်သမီးအထိနေဖူးတယ်။ ဒါပေမယ့် သိပ်မသိတတ်သေးတော့ လူကြီးတွေ ပြောပြတာလောက်ကိုပဲ နားထောင်မှတ်သားထားရတာမျိုးပဲ ရှိတာပါ။ ပျဉ်းမနားကတော့ အလည်အပတ်ရောက်တာ များခဲ့ပြီး မှတ်မှတ်ရရ ပထမတန်းစာမေးပွဲဖြေအပြီး နွေရာသီ ကျောင်းပိတ်ရက်မှာ မောင်နှမနှစ်ယောက် သွားနေကြတာဆိုတော့ တော်တော်များများ မှတ်မိနေတယ်ပေါ့လေ...။

ကျွန်မမေမေ ရန်ကုန်သူက ပျဉ်းမနားသားဖေဖေနဲ့ ရန်ကုန်မှာတွေ့ပြီး ရန်ကုန်မှာပဲ အိမ်ထောင်ကျတော့ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်ပိတ်ရက်ဆိုရင် ဖေဖေရဲ့အမေ ( ကျွန်မအဖွား ) ဆီကိုပြန်ရင်း ရန်ကုန်နဲ့ ပျဉ်းမနားဆိုတာကို အိမ်ဦးကြမ်းပြင်လို ကျွန်မရောက်ခဲ့တယ်။

အဲ့ဒီတုန်းက မှတ်မိပါသေးတယ်။ ပျဉ်းမနားသွားမယ်ဆိုရင် ၃ရက်လောက်ကြိုပြီး လက်မှတ်ဝယ်ရတယ်။ မနက်စောစောထပြီး ဘူတာရုံမှာ တန်းစီရတယ်။ များသောအားဖြင့်တော့ မြန်မာ့မီးရထားမှာ အလုပ်လုပ်တဲ့ ဖေဖေ့သူငယ်ချင်းက ၀ယ်ပေးထားတာ များပါတယ်။ အခုလို Express ကားတွေလည်း မရှိသေးဘူးလေ။ ရထားနဲ့သွားရတာဆိုတော့ လမ်းမှာစားဖို့ စားစရာတွေကို အိမ်ကနေတစ်ခါတည်း ထည့်သွားရတယ်။ ရထားပေါ်မှာ ရောင်းတာက လတ်လတ်ဆတ်ဆတ် ရှိချင်မှာ ရှိတတ်တယ်မဟုတ်လား။

ရေဆိုတာကလည်း အခုခေတ်လို သောက်ရေသန့်ဗူးတွေ မရှိသေးတော့ ရေဗူးထည့်သွားရတယ်။ မျက်နှာသစ်ဖို့တော့ ဘူတာတွေမှာ ကလေးတွေက ရောင်းကြတယ်။ ဘူတာမှာ ရထားဆိုက်တာနဲ့ ရထားပြူတင်းပေါက်နားကို ရေအိုးလေးတွေ ရွက်ထားတဲ့ ကလေးတွေရောက်လာပြီး "ရေရမယ်...ရေရမယ်" လို့ လာရောင်းကြတာ။ နွေဆိုရင် ရေအိုးပေါ်က အဖုံးပန်ကန်ပြားလေးထဲမှာ ရေစွတ်ထားတဲ့ မန်ကျည်းရွက်လေးတွေကိုတောင် ဖြန့်ခင်းထားသေးတယ်။ အခုတော့ အဲ့ဒီမြင်ကွင်းလေးတွေ ရှိသေးလား မရှိတော့ဘူးလား ကျွန်မလည်း သေချာမသိတော့ပါဘူး။ ၂၀၀၂ခုနှစ် မေလမှာ ပြင်ဦးလွင်သွားဖို့အတွက် ရထားစီးခဲ့တာဟာ ကျွန်မအတွက် ရထားစီးခရီးစဉ် နောက်ဆုံးပါပဲ။

ငယ်ငယ်တုန်းက ရထားစီးတဲ့အခါ ပြူတင်းပေါက်နားမှာ ဘယ်တော့မှ မစီးရဘူး။ ကလေးဆိုတော့ အရှိန်မထိန်းနိုင်ပဲ ပြုတ်ကျသွားမှာစိုးလို့။ ရထားမောင်းရင်း ထွက်လာတဲ့ ဂျုံးဂျုံးဂျက်ဂျက်ဆိုတဲ့ အသံလေးကို စည်းချက်ကျကျနားထာင်ရင်း၊ ရထားလှုပ်တာကို ပုခက်လွှဲသိပ်နေသလို ခံစားရတဲ့အခါ အလိုလိုအိပ်ပျော်သွားပါလေရော။

ကိုးနှစ်၊ ဆယ်နှစ်သမီးလောက် ရောက်တော့ မီးရထားနဲ့ ခရီးသွားတဲ့အခါ ရထားဖြည်းဖြည်းမောင်းတဲ့ နေရာရောက်ရင် မေမေက " သမီးရေ... ဒီမှာလာကြည့်စမ်း" ဆိုပြီး ရထားပြူတင်းပေါက်နားကို ကျွန်မကိုခေါ်ပြီးပြတယ်။ သံလမ်းအတိုင်း ကွေ့ကွေ့ကောက်ကောက်နဲ့ ခုတ်မောင်းနေတဲ့ ရထားခေါင်းတွဲကြီးရယ်၊ သူ့နောက်မှာ သူခေါ်ရာအတိုင်း လိုက်ပါနေတဲ့ နောက်တွဲတွေ...။

ရှေ့ခေါင်းတွဲကြီးက တစ်ချက်ကွေ့ပြီး မောင်းလိုက်တဲ့အခါ နောက်တွဲတွေအားလုံး သူကွေ့တဲ့နောက်လိုက်ကွေ့ကြ၊ ခေါင်းတွဲကြီးက အဖြောင့်မောင်းသွားတဲ့အခါ နောက်တွဲတွေက  သူအဖြောင့်သွားတဲ့အတိုင်း တညီတညာတည်း ဖြောင့်နေအောင်လိုက်ကြ။ နောက်တွဲတွေအားလုံးဟာ ရထားခေါင်းတွဲကြီးရဲ့ ဦးဆောင်ခုတ်မောင်းရာနောက်ကို အဖြောင့်ဆိုရင်အဖြောင့်၊ အကွေ့ဆိုရင်အကွေ့ တညီတညာတည်း လိုက်ပါနေကြတယ်လေ။

အဲ့ဒီရထားတွဲကြီး ခုတ်မောင်းနေတာကို ပြပြီးတဲ့နောက် မေမေက ကျွန်မပုခုံးလေးကိုဖက်ပြီး စကားတစ်ခုပြောခဲ့တယ်...။

" မီးရထား ခေါင်းတွဲကြီးဟာ လမ်းဖြောင့်ကိုပဲ မောင်းမောင်း၊ လမ်းကောက်ကိုပဲ မောင်းမောင်း နောက်တွဲတွေတစ်တွဲမှ ပြုတ်မကျန်ခဲ့ပဲ ချိတ်လျက်လိုက်ပါလာနေအောင် တွဲခေါ်တတ်သလို ငါ့သမီးကလည်း ဘယ်လိုဘ၀လမ်းကိုပဲလျှောက်လျှောက် မောင်လေးနဲ့ညီမလေးကို တစ်ပါတည်းပါအောင် လက်တွဲခေါ်သွားဖို့ ကြိုးစားရမယ်။

မီးရထားခေါင်းတွဲကြီးက လမ်းဖြောင့်ဖြောင့်မှာ တည့်တည့်မောင်းနှင်တဲ့အခါ နောက်တွဲတွေကလည်း ခေါင်းတွဲကြီးသွားတဲ့အတိုင်း ဖြောင့်ဖြောင့်လေး လိုက်ပါလာကြတယ်။ ကွေ့ကောက်ပြီး မောင်းနှင်တဲ့အခါမှာလည်း ကွေ့ကောက်ပြီးလိုက်ပါကြတယ်။ ဒီလိုပဲ မောင်လေး၊ညီမလေးတွေ ဆိုတာလည်း သမီးကြီးရှေ့ကသွားတဲ့အတိုင်း လိုက်လျှောက်ကြလိမ့်မယ်။ ဘ၀ဆိုတဲ့ သံလမ်းပေါ်မှာ နောက်တွဲနှစ်တွဲချိတ်ပြီး ခုတ်မောင်းတဲ့အခါ ကွေ့ကောက်သောလမ်းကို ရှောင်ရှားနိုင်ပြီး လိုရာခရီးပန်းတိုင်ကို တည့်တည့်မတ်မတ် ဦးဆောင်မောင်းနှင်နိုင်ဖို့ ကြိုးစားပါ..."

ရထားတွဲကြီးတွေကိုမြင်တိုင်း အဲ့ဒီအချိန်တုန်းက ကျွန်မအနားမှာ မေမေပြောခဲ့သလိုပဲ အခုထိလည်း ဒီစကားလေးတစ်ခွန်းကို အမြဲတမ်းအမှတ်တရ ကြားယောင်နေတုန်းပါပဲ။

ကျွန်မတစ်ယောက်တည်း ခုတ်မောင်းလာတဲ့ ရထားစက်ခေါင်းတွဲကြီးဟာ ဒုတိယဘူတာအရောက်မှာ နောက်တွဲတစ်တွဲချိတ်လျက် ပါလာခဲ့သလို စတုတ္ထဘူတာကို ရောက်ပြန်တော့ နောက်တွဲနှစ်တွဲ ဖြစ်လာခဲ့တယ်။ အဲ့ဒီနောက်တွဲ နှစ်တွဲကိုချိတ်ပြီး ခုတ်မောင်းလာခဲ့တာ အခုဆိုရင် နှစ်ဆယ့်ခြောက်ခုမြောက် ဘူတာကို ကျော်လွန်ခဲ့ပြီ။ ဂိတ်ဆုံးကိုရောက်ဖို့ ဘူတာတွေ အများကြီး ကျန်နေသေးတယ်။ တစ်တွဲမှလမ်းချော်မသွားစေဖို့၊ ပြုတ်ကျမကျန်ခဲ့စေဖို့၊ လမ်းကောင်းလမ်းဖြောင့်ကိုရွေးပြီး ဆက်လက်ခုတ်မောင်းသွားနိုင်ဖို့ ကျွန်မကြိုးစားရဦးမှာပေါ့လေ...။

[+/-] အပြည့်အစုံဖတ်ရန်...

May 23, 2009

ပုံကလေးများမှပေးသော အတွေးစတစ်ချို့

မနက်စောစော ရုံးရောက်ရောက်ချင်း စားပွဲပေါ်မှာ ရောက်နေတဲ့ ပုံအလိပ်လိုက်ကိုမြင်တော့ အိပ်ချင်နေသည့် မျက်လုံးများ ပြူးကျယ်သွားရသည်။ "ဒီပုံတွေကလည်း အသစ်ပဲထွက်လာနိုင်လွန်းတယ်" ဆိုသည့်စိတ်နှင့် ထိုင်တောင်မထိုင်မိသေးပဲ ပုံအလိပ်လိုက်ကို ဆွဲယူ ဖြန့်ကြည့်မိသည်။ Road Repair & Resurfacing တဲ့...။

ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ မျက်နှာပြင်သိပ်မချောတော့တဲ့ လမ်းတွေကို အပိုင်းလိုက်ဖျက်ပြီး ပြန်ခင်း၊ ကားအသွားအလာများလို့ လမ်းအမှတ်အသား ဆေးပျက်နေတဲ့နေရာတွေကို ဖျက်ပြီး အသစ်ပြန်ရေး။ အဲ့ဒါလေးနဲ့တင် Project အသစ်တစ်ခုဖြစ်လာရောလေ။

စားပွဲပေါ်က ပုံတွေကို ကြည့်ရင်း တစ်စစီကြေမွကျိုးပဲ့လို့ ခလုတ်မတိုက်အောင်၊ ခြေကျွံမကျအောင် မနည်းလျှောက်ခဲ့ရသည့် ရှုမြင်လို့မှ မကောင်းတော့သော ပလက်ဖောင်းကလေးများကို ကွင်းကွင်းကွက်ကွက် မြင်လာ၏။ ရင်ဘတ်ထဲကလည်း အောင့်လာသလိုလို ခံစားလာရသည်။ မြို့တော်စည်ပင်သာယာလှပရေး စီမံချက်ထဲမှာ အဲ့ဒီပလက်ဖောင်းလေးတွေ မပါဘူးလားလို့လည်း တွေးမိသည်။

ဟောဒီကျွန်းသေးသေးလေးပေါ်က ဆောက်လုပ်ရေးကုမ္ပဏီအများအပြားမှာ မြန်မာအင်ဂျင်နီယာတွေ ရာထူးအမျိုးမျိုးနဲ့ အလုပ်လုပ်နေကြလေရဲ့။ ကာယအား၊ ဥာဏအားတွေနဲ့ ဒီကျွန်းသေးသေးလေးကို အလှဆင်ပြုပြင်မွမ်းမံနေကြလေရဲ့...။

"အမေပေးတဲ့ပညာက သူများအကျိုးအတွက်လား" လို့တွေးမိရင်း မြင်မကောင်းအောင် ပျက်စီးနေသည့် လမ်းကလေးများ၊ ပလက်ဖောင်းကလေးများ၏ ပြုပြင်မွမ်းမံရေးအတွက် ခန့်မှန်းခြေ ကုန်ကျစရိတ် တွက်ပေးနိုင်ခွင့် တစ်နေ့နေ့တော့ ရပါစေလို့လည်း ဆန္ဒပြုလျက်...

[+/-] အပြည့်အစုံဖတ်ရန်...

May 16, 2009

အိမ်ပြန်မှတ်တမ်း ( ၂၀၀၉ )

"လေယာဉ်ပေါ်တွင်လိုက်ပါလာကြသော ခရီးသည်များရှင်...မကြာမီအချိန်အတွင်းမှာ ကျွန်မတို့လေယာဉ်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ( မင်္ဂလာဒုံ ) ကို ဆိုက်ရောက်တော့မှာ ဖြစ်ပါတယ်..."


ဆိုသည့် လေယာဉ်မယ်၏ စကားသံအဆုံးတွင် တစ်နှစ်တာပတ်လုံး တင်းထားသမျှ အားအင်တွေ ကိုယ်ပေါ်ကနေ လျှောကျသွားသလို ခံစားလိုက်ရသည်။ အိမ်ကိုပြန်ရောက်တော့မယ်ဆိုသည့် အသိတစ်ခုဟာ ဘာနဲ့မှမလဲနိုင်သည့် ပျော်ရွှင်မှုတစ်ခုပါ။

စက်လှေကားထိပ်ရောက်ချိန်မှာ အောက်ထပ်မှန်နံရံတစ်လျှောက် မျက်စိကစားပြီး ဟိုဟိုသည်သည် ရှာကြည့်မိသည်။ ပထမဆုံး တွေ့မိသည်က ညီမလေး....၊ ပြီးတော့ မေမေ၊ ဖေဖေ၊ ကျွန်မအပေါ် ညီအစ်မလိုချစ်ပြီး အနွံအတာခံသည့် အချစ်ဆုံးသူငယ်ချင်း သူသူအောင်။ သူတို့ကို မြင်လိုက်သည်နှင့် အရှေ့မှာ ကားဆီးထားသော မှန်နံရံကို ဖောက်ပြီး ထွက်သွားချင်စိတ်များ အလိုလိုဖြစ်လာမိ၏။

သို့သော်... ထိုနံရံကို ဖောက်ထွက်နိုင်ဖို့ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကောင်တာကို ဖြတ်ကျော်ရဦးမည်။ အပြေးအလွှားနှင့် လူဝင်မှုကြီးကြပ်ရေးမှာ ၀င်တန်းစီလိုက်ချိန်မှာ ကျွန်မအလှည့်ရောက်ဖို့ ရှေ့တွင် ငါးယောက်လောက် စောင့်ရဦးမည်။ နာရီဝက်ခန့်စောင့်ရမည့် အချိန်များကို ကျွန်မစိတ်မရှည်ချင်တော့ပါ။ လေဆိပ်ခန်းမ အပြင်သို့ အမြန်ဆုံး ရောက်ချင်လှပါပြီ...။

လူဝင်မှုကြီးကြပ်ရေးမှာ တန်းစီရင်း ကိုယ်ဝင်ရမည့် ကောင်တာက တာဝန်ကျအရာရှိ၏ မျက်နှာကို အကဲခတ်နေမိသည်။ ဆက်ဆံရေး ပြေပစ်သလိုတော့ ထင်ရ၏။ ကိုယ့်အလှည့်အရောက်တွင် ပတ်စ်ပို့နှင့် အိုင်စီကဒ်ကိုကြည့်ပြီး တစ်ခွန်းမှ မမေးဘဲ "ဒုံး" ဆိုပြီး တံဆိပ်တစ်ခု ထုလိုက်ကာ "D Form လုပ်ပြီး ပြန်ပါ" ဟုပြောသည်။

အားလုံးအပြည့်အစုံ ပါလျက်နှင့်တော့ ကောင်တာက ပြန်မထွက်ချင်။ "ကျွန်မ အခွန်အကြေဆောင်ပြီးသားပါ" ဟုမျက်လုံး အ၀ိုင်းသားနှင့် အတွန့်တက်မိသည်။ ထိုအခါမှ ကိုယ်တော်ချောက "ဟုတ်လား၊ ဒါဆို အစ်မအခွန်ဆောင်ထားတဲ့ စာရွက်နဲ့ အလုပ်က ခွင့်စာလိုတယ်။ မူရင်း မဟုတ်ဖူးနော်။ ကော်ပီ..." ဟုတောင်းတော့သည်။ သိထားနှင့်သည်လေ။ ကျွန်မလက်ထဲက ဖိုင်ပါးပါးလေးက အလကားယူလာသည်မှ မဟုတ်ပဲ။ သူလိုချင်သော ကော်ပီမှန်သမျှ အားလုံးထုတ်ပေးလိုက်ပြီး ကောင်တာရှေ့တွင် ခဏရပ်စောင့်နေလိုက်သည်။

ငါးခူပြုံးလား၊ ငါးရံ့ပြုံးလား၊ မချိုမချဉ်ပြုံးလေလား... အမည်မသိသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး "ဟာ...အကုန်အပြည့်အစုံ ပါလာတာပဲဗျာ။ ဒါဆိုလည်း အဆင်ပြေအောင် လုပ်ပေးလိုက်ပါမယ့်" ဆိုကာ Form တစ်ခုထုတ်ပေးပြီး ဖြည့်ခိုင်းပြန်၏။ ပတ်စ်ပို့တွင် ထုထားပြီးသော တံဆိပ်တုံးပေါ်တွင် ဘောပင်ဖြင့် L-20 ဟုရေးပေးလိုက်ပြန်သည်။ "အစ်မ D Form မလိုတော့ဘူးနော်။ အဆင်ပြေအောင် လုပ်ပေးလိုက်ပါတယ်" တဲ့လေ။ ဒီလိုဆိုတော့လည်း စာရွက်စာတမ်းများကို ဖိုင်ထဲပြန်ထည့်ပြီး "ဟုတ်ကဲ့။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်..." ဟုပြုံးပြုံးလေးပြောကာ Luggage ရွေးဖို့ ပြေးလာခဲ့မိတော့သည်။

Luggage ထွက်လာနေသည့် Tray မရောက်ခင် တွန်းလှည်းတွေနားမှာ အပြာရောင်ဝတ်စုံနှင့် ကောင်လေးတစ်ယောက် ကျွန်မကိုသေသေချာချာ ကြည့်နေသည်။ ကျွန်မအနားရောက်သည့်အခါ လက်တွန်းလှည်းတစ်ခုကို ဆွဲထုတ်လိုက်သည်ကို တွေ့ရသည့်အခါ ကျွန်မလည်း အလိုက်တသိ Laptop နှင့် လက်ဆွဲအိတ်ကို လှည်းထဲသို့ ထည့်ပေးလိုက်ပြီး Luggage နံပါတ်ပါသည့် စာရွက်လေးကို သူ့လက်ထဲထည့်ပေးလိုက်သည်။ ကောင်လေးက ကျွန်မပေးသော ဖြတ်ပိုင်းလေးကို သေချာကြည့်ပြီး Tray ပေါ်တွင်တရွေ့ရွေ့ပါလာနေသော ကျွန်မ၏ Luggage ကို ဆွဲချကာ တွန်းလှည်းပေါ်တင်လိုက်သည်။ ပြီးတော့ "ရပြီ အစ်မ" တဲ့...။

ကျွန်မလည်း ခေါင်းလေးညိမ့်ပြီး ကောင်လေးဦးဆောင်ရာ အကောက်ခွန်ကောင်တာသို့ ဆက်လှမ်းခဲ့ရပြန်သည်။ အကောက်ခွန်အရာရှိက ပတ်စ်ပို့ကို သေချာကြည့်ပြီး ဖွင့်မကြည့်တော့ပါဘူးဟုဆို၏။

ကျွန်မရှေ့တွင် ကာဆီးနေသော မှန်နံရံကြီးကို ထိုးဖောက်ထွက်နိုင်ခဲ့ပြီ...။

ခန်းမထဲက ထွက်လာသည့် ကျွန်မကို ဆီးကြိုပွေ့ဖက်သည့် ညီမလေးနှင့် သူသူအောင်၊ ရင်ခွင်ထဲထည့်ကာ ပါးနှစ်ဖက် ပေါက်ထွက်မတတ် နမ်းသည့်မေမေ၊ ၀မ်းသာပျော်ရွှင်နေသော အပြုံးများနှင့် ဖေဖေ...

ကမ္ဘာအစစ်ထဲက နွေးထွေးသည့် မိသားစုလေးထဲသို့ ကျွန်မပြန်လည် ရောက်ရှိခဲ့ပြီလေ...။

- လေဆိပ်မှာ လာကြိုပေမယ့် မိသားစုဝင်တွေကြားမှာ မခေါ်ရဲလို့ အိမ်ရောက်မှဖုန်းဆက်ပြီး ညနေချင်းအိမ်ကိုလိုက်လာတဲ့ သူငယ်ချင်းရန်နိုင်နှင့် စကားလက်ဆုံးပြောမကုန်တဲ့ ၁၇ရက်နေ့ညနေခင်း

- လေဆိပ်ကနေ အိမ်ကိုမပြန်တော့ပဲ ကျွန်မနဲ့အတူညအိပ်တဲ့ သူသူအောင်၊ ညီမလေးနဲ့အတူတူ တစ်ခြင်ထောင်ထဲ သုံးယောက်ပေါင်းအိပ်ပြီး ည ၂နာရီခွဲအထိ တွတ်ထိုးခဲ့ကြတဲ့ ၁၇ရက်နေ့ည


မုန့်ဟင်းခါးအလွတ်


လပ်ကီးဆဲဗင်းက ဆမူဆာသုတ်

- နောက်နေ့မနက် မိုးလင်းတာနဲ့ တစ်ခါတစ်လေမှတွေ့ရတဲ့ သူငယ်ချင်းကို ကြေးအိုးလိုက်တိုက်မယ်လို့ ဖုန်းဆက်ခေါ်တဲ့ သူငယ်ချင်းစိုးမင်းလတ်နဲ့အတူ ကြေးအိုးစားရင်း ထွေရာလေးပါးပြောခဲ့ကြတဲ့ တစ်နေ့တာ

- သမီးကြီးရောက်တုန်းရောက်ခိုက်ဆိုပြီး ရာသီဥတုပူပူမှာ ချွေးတလုံးလုံးနဲ့ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးတဲ့ မေမေ့မေတ္တာ


မေမေ့ထမင်းဝိုင်း



ရွှေပုဇွန် ဒိုမီနို

- အပြင်သွားရင် နေပူမယ်ရယ်လို့ သွားလေရာကို ကိုယ်တိုင်ကားမောင်းပို့ချင်တဲ့ ဖေဖေ့စေတနာ

- ကျွန်မပြန်ရောက်နေပြီဆိုတာသိလို့ ရောက်လေရာနေရာက ဖြစ်အောင်ဖုန်းဆက်တဲ့ ကျွန်မချစ်သော မောင်လေး

- သူငယ်ချင်းတွေ ဖုန်းဆက်တိုင်း "ငါ့အစ်မ ခွင့်ရလို့ ပြန်ရောက်နေတယ်" လို့ ပျော်ပျော်ရွှင်ရွှင်ပြောတတ်တဲ့ ညီမလေး

-သောက်ချင်လွန်းလို့ နေ့လည် နေပူပူကိုတောင် ဂရုမစိုက်ပဲ တကူးတက သွားသောက်ခဲ့တဲ့ ဆူးလေကျောက်ကျော


ဆူးလေကျောက်ကျော

-နေပူဒဏ်ကို မခံနိုင်လွန်းလို့ ဘုရားရင်ပြင်ပေါ်မှာတောင် ဓါတ်ပုံမရိုက်နိုင်ပဲ ဘုရားဖူးပြီးတာနဲ့ အပြေးအလွှား ပြန်ဆင်းပြေးရတဲ့ မိသားစုပဲခူးဘုရားဖူး

- ညီမအရင်းလို ချစ်ရတဲ့ ဇူဇူး၊ အချစ်ဆုံးသူငယ်ချင်း ရန်နိုင်၊ ဖိုးလမင်း တို့နဲ့အတူ မုန့်တွေလျှောက်စား၊ ကစားကွင်းတွေလျှောက်သွား၊ မိုးပျံရထားစီးခဲ့တဲ့ ပျော်စရာနေ့လေးတစ်နေ့

-သူငယ်ချင်းဝင်းလဲ့၊ ညီမလေးဇူဇူး၊ အစ်ကို ကိုဇေယျာထွန်းတို့နဲ့ လှည်းတန်း YKKO မှာကြေးအိုးသွားစားပြီးအပြန် အင်းလျားကန်ပေါင်မြက်ခင်းမှာ လှဲအိပ်လို့ ပြည့်တော့မယ့်ဆဲဆဲ လမင်းကိုမော့ကြည့်ခဲ့တဲ့ ညတစ်ည

YKKO ကြေးအိုးနဲ့ စတော်ဗယ်ရီသီးဖျော်ရည်

-ညနေ ၅း၀၀ မိတ္ထီလာကိုပြန်ဖို့ရှိနေတာတောင် မမကြီးကိုတော့ ဖြစ်အောင်လာတွေ့မယ်ဆိုကာ မနက်အစောကြီး အိမ်ကိုရောက်လာခဲ့သည့် မောင်လေးဖြိုးပြည့်

- ဘယ်တော့ရောက်ရောက် ဘယ်တော့ဖူးဖူး၊ ဖူးလို့မ၀အောင် သပ္ပါယ်သည့် လေးဆူဓါတ်ပုံရွှေတိဂုံဘုရားကြီးကို မိသားစုဖူးခဲ့သည့် မနက်စောစော


ရွှေတိဂုံဘုရား



ရွှေပန်းမွေ့ယာ

- ခန္ဓာကိုယ်တစ်ခုလုံးကို မှီပြီးအိပ်လိုက်လာတဲ့ ညီမလေးကြောင့် ထိုင်လျက်က လုံးဝလှုပ်လို့မရဘဲ နိုးတစ်ဝက် အိပ်တစ်ဝက် ဖြစ်ခဲ့ရသလို၊ ဂျီတီအိုင်ပြီးကတည်းက အပြင်မှာ လုံးဝပြန်မတွေ့ရတော့သော တစ်ချိန်က ကျွန်မတို့ရဲ့ မြို့ပြဌာနမှုး ဆရာဦးမြသိန်းကို ကားတစ်စီးတည်း အတူတူအဖြစ် တွေ့လိုက်ရလို့ သိပ်ဝမ်းသာသွားခဲ့ရတဲ့ ရန်ကုန်-မန္တလေးအသွား မန်းရွှေပြည်ကားပေါ်က ညတစ်ည

- ပြင်ဦးလွင်ရောက်ရောက်ချင်း မိသားစုနဲ့အတူ သစ်သီးဆွမ်းကပ်ပြီး အေးအေးဆေးဆေး ပုတီးစိပ်ခဲ့ရတဲ့ ပြင်ဦးလွင်-လားရှိုးလမ်းပေါ်မှာ တည်ထားတဲ့ မဟာအံ့ထူးကံသာ ဘုရားကြီးပေါ်က နေခြည်နုနု ပြင်ဦးလွင်မနက်ခင်း

- တည်းခိုခန်းကြိုပြီး Booking လုပ်ပေးထားတဲ့အပြင် တစ်နေ့တာလုံး သွားလေရာ ဆိုင်ကယ်ကိုယ်စီနဲ့ မိသားစုလေးယောက်လုံးကို မညီးမညူလိုက်ပို့တဲ့ သူငယ်ချင်း လှိုင်မင်းဟန်၊ နိုင်ထွန်းအောင်၊ နေမျိုးလင်းတို့နဲ့ သွားခဲ့တဲ့ ပြင်ဦးလွင်က တရုတ်ဘုံကျောင်းနဲ့ ကန်တော်ကြီး၊ နေ့လည်စာ စားခဲ့တဲ့ "ထီးလှိုင်"

- မရောက်တာ ငါးနှစ်ကြာတဲ့အခါ အရာရာပြောင်းလဲနေတဲ့ ပြင်ဦးလွင်မြို့

- "ညီမလေးရောက်နေတယ်"လို့ ဖုန်းဆက်လိုက်တာနဲ့ ကျွန်မရှိရာကို ချက်ချင်းထလိုက်လာတဲ့ ကျွန်မချစ်သော အစ်ကို ကိုစိုးမိုးကျော်

- ဆလိုက်မီးရောင်ထိန်ထိန်အောက်မှာ မေမေ၊ဖေဖေ၊ ညီမလေး၊ သူငယ်ချင်းတွေနဲ့ ဓါတ်ပုံရိုက်ဖို့ လုပ်နေတုန်း "၀ါး" ကနဲ သရဲခြောက်သလို ရောက်လာတဲ့ ဇော်လှိုင်အေးကို တွေ့လိုက်ရလို့ အတိုင်းမသိပျော်ခဲ့ရတဲ့ မင်းသုံးပါးရှေ့က ပြင်ဦးလွင် ညနေခင်း


- မင်းသုံးပါးကအပြန် အားလုံးစုပြီး စတော်ဘယ်ရီဝင်သောက်နေကြတုန်း "ငါဘယ်သူလဲ သိလား" ဆိုပြီး ရုတ်တရက်ရောက်လာတဲ့ ကျော်မျိုးလွင်ကြောင့် ပိုပြီးပွဲစည်သွားတဲ့ "ဒီဇင်ဘာ" က ပြင်ဦးလွင်ညဦး

-ည ၁၀း၀၀ တည်းခိုခန်းပြန်ရောက်လို့ အိပ်တော့မယ်ပြင်တုန်း ဧည့်သည်ဆိုလို့ အောက်ဆင်းသွားတဲ့အခါ "နင်မနက်စောစော ပြန်ဆင်းမယ်ဆိုလို့ ငါတို့ညချင်း လိုက်လာတာ" လို့ဆိုတဲ့ အလွန်ချစ်စရာကောင်းသော ကျွန်မရဲ့ သူငယ်ချင်း စန်းယုမောင် နဲ့ ထိန်လင်းအောင်၊ နောက်ထပ်တစ်ရက်လောက် ထပ်နေပါဦးလို့ အတင်းဆွဲတဲ့ ကျော်မျိုးလွင်တို့ကြောင့် ၀မ်းသာဝမ်းနည်းဖြစ်ခဲ့ရတဲ့ "ရွှေအိပ်မက် တည်းခိုခန်း"က ပြင်ဦးလွင်ည

- ပြင်ဦးလွင်ကို စောစောပြန်တက်ချင်ပေမယ့် ကျွန်မဆင်းလာတဲ့အထိ မန္တလေးကနေ စောင့်ပေးခဲ့တဲ့ သူငယ်ချင်းနောင်နောင် နဲ့ အစ်ကို ကိုချစ်ကို

- ငါးသလဲထိုးကြော်၊ အင်းပုဇွန်ကြော်ရွရွလေးတွေစားပြီး ဦးပိန်တံတားကို ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်လျှောက်ခဲ့တဲ့ သောင်တမန်အင်းက မန္တလေးညနေခင်း


သောင်တမန်အင်း



- သေသေချာချာဖူးလေ ကြည်ညိုစရာကောင်းလေ ဖြစ်ရတဲ့ မဟာမြတ်မုနိဘုရားကြီး

- အကွေ့အကောက် တောင်တက်လမ်းတွေနဲ့ အသည်းယားစရာ မန္တလေးတောင်ပေါ်က ရသေ့ကြီးဦးခန္တီတည်ထားခဲ့တဲ့ စေတီတော်နဲ့ မြွေကြီးနှစ်ကောင်


ရသေ့ကြီးဦးခန္တီ


မြွေကြီးနှစ်ကောင်

- ရာဇ၀င်ဇာတ်ကားတွေထဲမှာပဲ မြင်ခဲ့ရဖူးပေမယ့် တကယ်တမ်းကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရတဲ့အခါ ပိုပြီးတန်ဖိုးထားမြတ်နိုးမိတဲ့ မန္တလေးနန်းတွင်း


အပေါ်ထိရောက်အောင် ဆက်မတက်နိုင်ခဲ့တဲ့ နန်းမြင့်မျှော်စင်

- မန္တလေးကျွဲဆည်ကန်မှာ မီးလိုပူသလောက် အာကာသ ရန်ကုန်-မန္တလေးကားပေါ်ရောက်တဲ့အခါ ရေခဲလိုအေးစက်နေလို့ အပူရှပ်ပြီး ဖျားတဲ့ ရန်ကုန်အပြန်ည

- သင်တန်းတွေတက်ပြီး မအားတဲ့ကြားက တွေ့ချင်လွန်းလို့ ဖြစ်အောင်ချိန်းတဲ့ မြန်မာဂျီးနပ်စ်က Yellow Cloud၊ ဆေးရုံတက်နေတဲ့ သူငယ်ချင်းကိုညအိပ်စောင့်ပေးနေလို့ တစ်ညလုံး မအိပ်ထားရသေးတဲ့ကြားက ဖြစ်အောင်လာတဲ့ ကိုပေါက်ကရ၈၀တို့နဲ့ ရင်းနှီးနွေးထွေးသော Mr Brown ကတစ်ညနေ

- ဆရာမရင်မှာကလေးတွေလို တိုးဝင် ချွဲနွဲ့လို့ အိုင်ဘီစီမှာ မနက်စာစားခဲ့တဲ့ ဆရာမ၊ ပြည့်ဖြိုးနဲ့ ကျွန်မတို့ရဲ့ အင်းလျားကန်ဘေးက မနက်ခင်း

- ငယ်ငယ်ကလို အမေသွားလေရာ လက်ကလေးချိတ်ပြီး တကောက်ကောက်လိုက်ခဲ့ရတဲ့ နေရာတွေ

-ဖေဖေတာဝန်ကျရာ သီလ၀ါဆိပ်ကမ်းကိုလိုက်ရင်း ကျိုက်ခေါက်ဘုရားလည်း ရောက်ခဲ့တဲ့ သန်လျင်ကျောက်တန်းက မိုးဖွဲဖွဲကျနေတဲ့ ညနေခင်း

- ဖေဖေနဲ့ မေမေရဲ့ ၂၉နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် မိသားစုညစာစားပွဲ

-"နောက်တစ်ခါဆိုရင် ကျွန်တော်ခွင့်ပြန်မယ့်အချိန်နဲ့ တိုက်ပြီးပြန်လို့ရအောင် ကြိုးစားပေးပါနော်" လို့ဖုန်းထဲကနေ မှာနေတဲ့ မောင်လေးရဲ့စကားကြောင့် မောင်နှမသုံးယောက်လုံး မျက်ရည်ကျခဲ့ရတဲ့ ပြန်ခါနီးည

- ကဆုန်လပြည့်နေ့မှာ ပြုဖြစ်ခဲ့သမျှသော ဒါနကုသိုလ်အစုစု

-တွေ့ရလိမ့်မယ်လို့ မျှော်လင့်ခဲ့တဲ့သူကို အကြောင်းမတိုက်ဆိုင်လို့ မတွေ့ခဲ့ရပေမယ့် လေလှိုင်းကြားမှာ တွေ့ဆုံခဲ့ရသော သူပေးခဲ့သည့်ညများစွာ...

ဘာပဲဖြစ်ဖြစ် သုံးပတ်တာမှာ ပြောမပြတတ်အောင် ပျော်ခဲ့သည်။ စင်္ကာပူဆိုတာကိုနောက်ထပ် ပြန်မလာချင်လောက်အောင်ကို ကျွန်မပျော်ခဲ့ရပါသည်။ မိဘမောင်နှမ၊ သူငယ်ချင်းများ၏ နွေးထွေးသော မေတ္တာအရိပ်မှာ အေးချမ်းခဲ့ပါသည်။ ထိုမေတ္တာများကို အားအင်အဖြစ် သိမ်းဆည်းကာ နောက်ထပ်တစ်နှစ်တာကို ကျွန်မရုန်းကန်ရဦးမည်လေ...။

အပြန်ခရီးကို လိုက်ပို့ကြတဲ့ သူငယ်ချင်းတွေ၊ လေယာဉ်ကွင်းမှာ တရှုံ့ရှုံ့ငိုနေခဲ့တဲ့မေမေ၊ မျက်ရည်တွေလည်နေတဲ့ ဖေဖေ...။ မိဘရင်ခွင်မှထွက်လို့ ကျွန်မရင်ခွင်သို့ အားကိုးကြီးစွာ ပြေးဝင်လာသည့် ညီမလေး၏လက်ကို ဆွဲကာ အားလုံးကို ကျောခိုင်းပြီး လေယာဉ်ခန်းမဆောင်ထဲသို့ ကျွန်မပြန်လည်ခြေဦးလှည့်ခဲ့ရပြန်သည်။

လေယာဉ်လေကာပြူတင်းကနေ ကြည့်မိတော့ လေယာဉ်ကြီ်းက ပြေးလမ်းပေါ်မှာ ရွေ့လျားနေပြီ။ ရင်ထဲသို့ လှိုက်ခနဲလေရိုက်သွားသလို ကျွန်မမျက်ဝန်းမှ မျက်ရည်များကျဆင်းလာခဲ့သည်။ ကျဆင်းသွားသော မျက်ရည်ကို တစ်ရှူးဖြင့် ခပ်မြန်မြန်သုတ်ရင်း ညီမလေးကို သတိထားမိသည်။ တဖြေးဖြေးမှေးမှိန်ကျန်ခဲ့သော မြန်မာ့မြေပြင်ကို ငေး....လို့။ ကလေးလေးတစ်ယောက် မျက်နှာမညိုးစေဖို့ ရှိသမျှခွန်အားနှင့် ကျွန်မကြိုးစားရဦးမည်။

မေလ ၉ ရက်နေ့တွင် မြန်မာပြည်ကို တတိယအကြိမ်မြောက်အဖြစ် ကျွန်မစွန့်ခွာလာခဲ့ရပြန်ပါပြီ....။


[+/-] အပြည့်အစုံဖတ်ရန်...

May 10, 2009

၁၀.၅.၂၀၀၉

စလယ်ဝင်အိုးလေး
( ရတနာဦး )

ဖေဖေရယ် မေမေရယ် ကြင်စတုန်းက
စလယ်ဝင်အိုးလေးကိုသုံးကာ
ထမင်းချက်ပြုတ် စားသောက်လို့ နေလာကြတယ်
နှစ်တွေလတွေ ကုန်လွန်ကာသွားတော့
သားတွေသမီးတွေ အချစ်တွေရယ် တိုးပွားခဲ့လေတယ်

စလယ်ဝင်ဒီအိုးဟာ လုံလောက်မှုကို မပေးစွမ်းနိုင်တယ်
သားတွေသမီးတွေ အကုန်လုံးစားနိုင်ရေးအတွက်
ရည်မှန်းကာအိုးကြီးဝယ်...

တပျော်တပါးကွယ် စားလာတဲ့အခါ
ပျော်မြူးစရာလူ့ဘုံခန်းဝါ
အဖေအမေမေတ္တာပေးဝေနှီးကာ
အတောင်စုံတဲ့အခါ တစ်လမ်းစီခွဲခွာ
ကိုယ်ပိုင်အသိုက်အမြုံလွှမ်းခြုံတဲ့အခါ
အဖေအမေများဟာ ကြည့်ကာဝမ်းသာ

ဒီတော့မှအဖိုးအဖွားအဖြစ်နဲ့
စလယ်ဝင်အိုးလေးပြန်သုံးစွဲကြပြန်
မရိုးနိုင်တဲ့မေတ္တာတွေပါ
စလယ်ဝင်အိုးလေး ဇာတ်လမ်းအစမှ ဇာတ်လမ်းအဆုံးတိုင်ပါ...

.......................
ကျွန်မရဲ့ ဒီနေ့နေ့လည်စာကို ညီမလေးနဲ့ အတူတူစားခဲ့တယ်။ တိတ်ဆိတ်ခြောက်သွေ့နေတဲ့ သုခစုရိပ်ငြိမ်ရဲ့ ထမင်းဝိုင်းဟာ ဖေဖေနဲ့မေမေ ၂ယောက်တည်းပဲ ရှိနေလိမ့်မယ်။ တစ်ယောက်တည်းကွဲနေတဲ့ မောင်လေးတစ်ယောက် ဘယ်မှာဘယ်လိုစားနေလဲဆိုတာ ကျွန်မတကယ်မသိပါဘူး... :(

[+/-] အပြည့်အစုံဖတ်ရန်...

May 5, 2009

ဖေဖေ နဲ့ မေမေ... ( ၅.၅.၁၉၈၀ - ၅.၅.၂၀၀၉ )

၁ မှ ၂၉ ...

၂၉ မှ နောင်နှစ် ပုလဲရတု

ပုလဲရတု မှ ရွှေရတု

ရွှေရတု မှ စိန်ရတု

စိန်ရတု မှသည်...

ဆံဖြူသွားကျိုးနေတဲ့

ဇရာအိုအရွယ် ရောက်သည့်တိုင်အောင်

ချစ်သော သားသမီးများနဲ့အတူ

အေးချမ်းသာယာသော မိသားစုလေးအဖြစ်

မင်္ဂလာနှစ်ပတ်လည် ပတ္တမြားရတု တိုင်ပါစေ...။

[+/-] အပြည့်အစုံဖတ်ရန်...