~~~ဒီအချိန်ဆို လွမ်းတယ်... ဒီအချိန်ရောက်ရင် ပိုသတိရတယ်...~~~
ပါးစပ်ဖျားသို့ အမှတ်မထင်ရောက်လာသည့် သီချင်းလေးတစ်ပုဒ်ကို လူမသိသူမသိ ညည်းလိုက်မိသည်။
"ဟုတ်တယ်... ဒီအချိန်ရောက်ရင် စိတ်ထဲမှာ တစ်ခုခုကို သတိရနေမိတယ်"
မျက်နှာချင်းဆိုင်က လေးထောင့်စပ်စပ် အရာလေးရဲ့ ညာဘက်ထောင့်ကိုကြည့်မိတော့ ငါးနာရီတဲ့...။
တစ်နေ့တာ ကုန်ဆုံးသွားပြန်ပြီပေါ့။ ခုနစ်နာရီကျော် မရပ်မနား လှုပ်ရှားလည်ပတ်လာရသည့် ဦးနှောက်တို့ကလည်း ပူနွေးလို့ မလည်ချင်လည်ချင် ဖြစ်နေကြပြီ။
"ဘယ်အချိန်ရှိပြီလဲ... မပြန်ရသေးဘူးလား"
"အလုပ်များနေတာလား... လုပ်လုပ်"
"ပြန်ရတော့မယ်နော်... အားတင်းထား"
"ပြန်ရင်ပြောနော်... ငါ ဖုန်းခေါ်လိုက်မယ်"
"ငါတောင် ကျောင်းကပြန်ရောက်ပြီ...နင် မပြန်ရသေးဘူးလား"
"နင်ပြန်တော့မှာမလား။ ငါထမင်းချက်လိုက်ဦးမယ်နော်။ အိမ်ရောက်မှ တက်ခဲ့လေ"
ဒီစာလုံးလေးတွေကြားမှာ ကျေနပ်ခဲ့ဖူးသည်။ ဘ၀အမောတွေ တခဏပြေပျောက်ခဲ့ဖူးသည်။ ပျော်ရွှင်ရယ်မောခဲ့ဖူးသည်။ အထီးကျန်မှုတွေ လွင့်စင်စေခဲ့ဖူးသည်။
သြော်...အခုတော့လည်း ဒါတွေဟာ ဘ၀တစ်ခုခြားခဲ့သလိုပါပဲလား။ ဘာမှမသက်ဆိုင်တော့သလိုပါပဲလား။ ဒီစာလုံးလေးတွေကို ဘယ်တော့မှ ပြန်မရနိုင်တော့မှန်း သိသိနှင့် မသိစိတ်တစ်ခုမှ အကြိမ်ကြိမ်ပြန်လည် တမ်းတနေမိသည်။
Vibration အသံတစ်ခုကို ကြားမိလို့ ကြည့်လိုက်တော့ ဖုန်းမက်ဆေ့ခ်ျလေးတစ်ခု...
"Come out from office."
သက်ပြင်းတစ်ချက်ရှိုက်ရင်း လက်ရှိအချိန်များသို့ စိတ်အလျင်ကို ဆွဲခေါ်လိုက်သည်။ တကယ့်ဘ၀အတွက် အရိပ်တစ်ခုလို အုပ်မိုးပေးလာသည့် သူ့မျက်နှာက မျက်လုံးထဲမှာ ထင်ထင်ရှားရှား။
"အတုဆိုတာ အစစ်ကို ဘယ်လိုမှတော့ လိုက်မမီနိုင်ပါဘူး" တဲ့။ အတုတွေလို့တော့ ထင်ခဲ့ရသား။ ဒါပေမယ့် "အစစ်တွေ ဖြစ်သွားကြတယ်"လို့ ပြောရင်... ဘယ်သူက ယုံမှာတဲ့လဲ။
တကယ်ပဲ ဒီအချိန်ဆို လွမ်းတယ်... လွမ်းတယ်ကွယ်...
~ ~ ~ ~ ~

6 ယောက်ဝေဖန်သွားတယ်:
ကမ္ဘာတုထဲက အစစ်တွေပေါ့ မမရဲ့....
ကမ္ဘာက အတုဆိုတာ သိပေမဲ့... အဲဒီ ကမ္ဘာကြောင့် ပျော်ခဲ့ရတဲ့အချိန်တွေကို လွမ်းတယ်မမရယ်...
အဝေးရောက်နေတဲ့ အရင်က အနီးဆုံးနေခဲ့တဲ့ ချစ်သူကို သတိရနေတဲ့အချိန် ညီမလေးရေးတဲ့ ဒီပို့စ်လေး ဖတ်မိတာ စိတ်ထဲ အတော် ခံစားရတယ်..ဖုန်းထဲက မစ်ကောလေးတွေ တွေ့တိုင်း အချိန်တိုင်းပို့နေကျ မတ်ဆေ့လေးတွေ မြင်တိုင်း အိမ်ပြန်ရောက်လို့ တံခါးမခေါက်ခင် ခြေသံကြားရုံနဲ့ အသင့်စောင့်ဖွင့်ပေးတဲ့ ဘ၀ဖော်လေးရဲ့ ပုံရိပ်တွေက ဒီအချိန်ဆိုလွမ်းတယ် ဒီအချိန်ရောက်ရင်ပိုသတိရတယ်ဆိုတဲ့ သီချင်း လိုက်ညည်းသွားတယ် ပို့စ်လေးအတွက် ကျေးဇူး
ဖတ်လို့ကောင်း၏
"အတုဆိုတာ အစစ်ကို ဘယ်လိုမှတော့ လိုက်မမီနိုင်ပါဘူး" တဲ့။ အတုတွေလို့တော့ ထင်ခဲ့ရသား။ ဒါပေမယ့် "အစစ်တွေ ဖြစ်သွားကြတယ်"လို့ ပြောရင်... ဘယ်သူက ယုံမှာတဲ့လဲ။
Hote tae , agree !
မလဲ့ရရ်.. အဲ့ဒီ အချိန်တွေကို ပြန်မရနိုင်တော့ ပေမရ့် ပြန်လိုချင်မိတရ်... အတောင့်တဆုံး အမောပြေဆေးလေးပါ...
မမ
မလာဖြစ်တာကြာသွားတယ်။ မမကို သတိရနေတယ်။ အိပ်မက်မှာတောင် မက်တယ်။ မမ ကမ္ဘာအစစ်ကြီးထဲကို ရောက်သွားပြီလား မမရယ်။
ပါရမီကားအ၀ါရောင်တစ်စင်းထိုးဆိုက်ချိန်မှာ ခွဲခွာခြင်းပြုခဲ့ပေမယ့် မမပေးခဲ့တဲ့ သော့ချိတ်လေးက မမပုံရိပ်ကို ဖော်နေတုန်းပဲ။
Post a Comment