"အားကိုးစမ်းဘာ"
လက်မောင်းကို ကာယဗလမောင်တွေ ဟန်ရေးပြသလို ကွေးလို့ အသံမာမာနဲ့ ပြောလိုက်တဲ့ ဖေဖေ...
စွယ်ကျယ်အင်္ကျီဝတ်ထားသည်းအတွက် လက်မောင်းမှ ကြွက်သားတွေက ဖုထစ်လို့နေသည်။ အဲ့ဒီလိုဟန်ပန်နှင့် ပြောတတ်သည့် ဖေဖေ့ကိုကြည့်ရင်း ကျွန်မပျော်နေတတ်ခဲ့သည်။ အဲ့ဒီတုန်းက ကျွန်မကောင်းကောင်း သိတတ်စအရွယ်... ၉နှစ်၊ ၁၀နှစ်သမီးလောက်ပဲ ရှိဦးမှာပါ။
"အဖေကြီးရေ... မီးဖိုကွိုင်ပျက်သွားပြီ လုပ်ပေးပါဦး" ၊ "ဈေးသွားမလို့ စက်ဘီးနဲ့လိုက်ပို့ပါလား" အဲ့ဒီလို အသေးအမွှားလေးကအစ "လကုန်ရင် သမီးတွေ ကျောင်းအပ်ဖို့ ပိုက်ဆံလိုသေးတယ်၊ ဖုန်းဖိုး အခွန်လည်းပေးရဦးမယ်။ သားကလည်း ပိုက်ဆံလှမ်းမှာနေပြီ။" ဆိုတာတွေအထိ မေမေက အားကိုးသလို... "သမီး ကျောင်းသွားတော့မယ် ဖယ်ရီဂိတ်ကို လိုက်ပို့ပါလားဟင်" ၊ "စက်ဘီးက လေမရှိတော့ဘူး... ဖေဖေ လေထိုးပေးပါဦး" စသည်ဖြင့်လည်း ချွဲနွဲ့တတ်သော ကျွန်မတို့ သားသမီးတွေရဲ့ တစ်ခုတည်းသော အားကိုးရာလည်း ဖြစ်ခဲ့သည်။
သားသမီးတွေကို စက်ဘီးစီးတတ်စေချင်လို့ သားတလှည့် သမီးတလှည့် စက်ဘီးစီးသင်တဲ့နောက် ရေကျော်ရပ်ကွက် တစ်ပတ်လုံးကို မမောနိုင်မပန်းနိုင် ပြေးလိုက်ရင်း ထိန်းကျောင်း သွန်သင်ပေးခဲ့တဲ့ဖေဖေ၊
နေပူမိုးရွာမရှောင် သားသမီးသုံးယောက်ကို တစ်ယောက်တစ်လှည့်စီ စက်ဘီးနောက်မှာတင်ရင်း ခေါက်တုံ့ခေါက်ပြန် ကျောင်းပို့ပေးခဲ့တဲ့ဖေဖေ၊
ရုံးပြန်မိုးချုပ်လို့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ သားသမီးတွေ သွားလေရာကို မငြီးမငြူ ကားတစ်စီးနဲ့ လိုက်ပို့လိုက်ကြို လုပ်တတ်တဲ့ဖေဖေ၊
ဘာအခက်အခဲပဲ ရှိရှိ သားသမီးကို အသိမခံပဲ ကျိတ်ပြီး ဖြေရှင်းတတ်တဲ့ ဖေဖေ၊
သားသမီးအတွက် ကိုယ့်ကိုယ်ကို အင်ဂျင်နီယာဆိုတာကိုတောင် ဘေးချိတ်ပြီး ဘယ်လိုပုံစံမျိုးနဲ့ပဲ ဖြစ်ပါစေ စီးပွားရှာရဲတဲ့ ဖေဖေ၊
သားသမီးတွေကို ပါးစပ်ကတစ်ခွန်းမှ မပြောပဲ စိတ်ထဲကနေ ကျိတ်ချစ်တတ်တဲ့ ဖေဖေ...
အဖေက "အားကိုးစမ်းပါ" လို့ မပြောလည်း ကျွန်မ အဖေ့ကို အားကိုးခဲ့တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်နေလည်း အဖေ့ကို ကျွန်မ အားကိုးဆဲပါပဲ။ အဖေအသက်တွေကြီးလို့ ဘာအလုပ်မှ မလုပ်နိုင်တော့ရင်လည်း သက်ရှိထင်ရှား ရှိနေသေးတဲ့ အဖေဆိုတာ ကျွန်မအတွက် ဘာနဲ့မှ လဲလို့မရနိုင်တဲ့ အားကိုးရာတစ်ခုပါ။
အသက် ၆၀နီးလို့ ငယ်တုန်းကလို မသန်တော့ရင်တောင် စိတ်ဓါတ်မကျပါနဲ့ အဖေရယ်... အိမ်ဦးခန်းမှာ ထိုင်နေပြီးတော့ သားသမီးတွေအတွက် အဖေမားမားမတ်မတ် ရပ်တည်ပေးနေနိုင်ပါသေးတယ်။ ကျွန်မ အဖေ့ကို အားကိုးနေပါသေးတယ်...။
( ကျွန်မချစ်သော ဖေဖေ.. အသက် ၅၈နှစ်ပြည့် အမှတ်တရ )
ဖေဖေနဲ့ပတ်သက်လို့ရေးခဲ့ဖူးတာတွေ...
ဖေဖေ... ( ၅၇နှစ်ပြည့် မွေးနေ့ )
ကျွန်မအဖေတူ သမီးပါ

9 ယောက်ဝေဖန်သွားတယ်:
ဖတ်သွားတယ် စိမ်းစိမ်းရေ..
ဖေချစ်သမီးလေးပေါ့..
စိမ်းစိမ်းရဲ့ ဖေဖေ ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..
Happy Birthday Uncle!
ရောက်ပါတယ်။ အဖေအကြောင်းဖတ်သွားပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။ cbox ထည့်မရလို့ မန့် သွားပါတယ်။
စာထဲမှာ ညီမလေးရဲ့ အဖေ့အပေါ်ထားတဲ့ မေတ္တာကို မြင်နေရပါတယ်။ ကြည်ကြည်နူးနူး ဖတ်သွားပါတယ်...
ရသအရေးကောင်းသူလေးရေ
အဖေချစ်သမီးလေးပျော်ရွှင်ပါစေ
ချစ်ခင်လျက်
လောကမှာ အဖေချစ်ရှားတယ်လေ။အစ်မက အဖေချစ်မို့လေးစားပါတယ်။မျှမျှတတ ချစ်တာပိုကောင်းတယ်နော်။
ကောင်းတယ်ဗျာ .. မိန်းကလေးတွေက အဖေ့ကိုပိုချစ်တယ်ဆိုတာ မှန်မလားမသိဘူး ...
အဖေ့အကြောင်းလေး ရေးထားတာလေး ဖတ်သွားပါတယ်ဗျာ။ဖအေတူ သမီးဆိုတော့ အားကိုးစမ်းပါ ပဲလားဗျ။ ကောင်းတယ် ကိုယ့်အားကိုယ်ကိုးတာ အကောင်းဆုံးပါပဲ။
အစ်မရဲ့ ဖေဖေ အသက်ရှည် အနာမဲ့ပြီး သားသမီးတွေအတွက် နောက် နှစ်ပေါင်း ကြာရှည်စွာ အလင်းရောင် ထွန်းလင်းနိုင်ပါစေနော် ..း)
Post a Comment