ဟိုတစ်လောက နိုင်ငံခြားပြန်ညည်းချင်းတွေ အပြိုင်အဆိုင် ညည်းလိုက်ကြတာ ဖတ်လိုက်ရတယ်။ အဲ့ဒီညည်းချင်းက သက်ပိုင်သူဆီရောက်တော့ မီးခိုးကြွက်လျှောက် ဆိုသလို သူ့ညည်းချင်းက ကိုယ့်ဆီဆက်ကူးသွားတယ်။ ညည်းချင်းဆိုတော့ ညည်းရမှာ သိပ်တော့စိတ်မပါဘူး။ ဒါပေမယ့် မညည်းပြန်ရင်လည်း သက်ပိုင်သူက မျက်စောင်းတထိုးထိုးဆိုတော့ အဆင်ပြေသလိုပဲ ညည်းလိုက်ရပါတယ်။ စိတ်ပျက်စရာ ဖြစ်နေရင် သည်းခံကြပါရှင်။
သူများတွေ အိမ်ပြန်ရင် အိမ်ပြန်လက်ဆောင် ၀ယ်ရခြမ်းရတာတွေနဲ့ ညည်းစရာတွေ ရှိပေမယ့် ကျွန်မ GreenGirl မှာတော့ အဲ့လိုညည်းစရာက မရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်မက ပြတ်သားတယ်။ ပြန်မယ်လို့ စီစဉ်ရင် လက်ဆောင်မပါမဖြစ် ယူသွားရမယ့်သူကို စာရင်းချရေးလိုက်တိုင်း ငါးယောက်ထက်မပိုဘူး။ ဖေဖေ၊မေမေ၊ ညီမလေးနဲ့ မောင်လေး၊ ပြီးတော့ သူသူအောင်။ ဒါပဲရှိတယ်။ တခြားအမျိုးအဆွေ၊ တူ၊တူမတွေ ဘာမှစဉ်းစားစရာမရှိဘူးလေ။ အမေကလည်း ကြီးကြီးမားမား မမှာတတ်ဖူး။ နှုတ်ခမ်းနီတစ်တောင့်ပါရင် တော်ပြီတဲ့။ အဲ့လောက် များများစားစား မှာတတ်တာ ဆိုတော့လည်း သိပ်ခေါင်းမစားရတော့ဘူးပေါ့။
ပြန်တိုင်းအိမ်နဲ့ စကားပြောရတာက တစ်ခုပဲရှိတယ်။ ကိုယ်က ပြန်ချင်တဲ့ရက်နဲ့ အမေက ပြန်လာခိုင်းတဲ့ရက်နဲ့ ဘယ်တော့မှ မကိုက်ဖူး။ ဒီတစ်ခါပြန်တော့လည်း မကိုက်ဖူးလေ။ အမေက ၂၄ရက်နေ့မှ ပြန်လာပါလားတဲ့။ ကိုယ်က ဖြစ်နိုင်ရင် သင်္ကြန်မီအောင်တောင် ပြန်ချင်တယ်။ အဲ့ဒီမှာတင် စကားကပြောရရော။ ပြောမရတဲ့အဆုံး ကိုယ့်ဟာကိုယ်ပဲ စကားကို အပြတ်ဖြတ်ပစ်လိုက်တယ်။ ရုံးမှာတော့ ခွင့်မတင်ရသေးပေမယ့် အမေထပ်မပြောအောင်လို့ ခွင့်တင်ပြီးပြီ မရတော့ဘူး၊ ဒီရက်ပဲပြန်မှရတော့မှာ၊ လေယာဉ်ပျံလက်မှတ်လည်း Booking လုပ်ပြီးပြီ ဘာညာပေါ့။ အဲ့လိုပြောလိုက်မှ အမေက ရက်ပြောင်းဖို့ ဘာမှပြောတော့ဘူး။ အဲ့ဒါလေးတစ်ခုပါပဲ။ ပြန်တိုင်း အမေနဲ့ စကားနည်းနည်းပြောပြီးမှ ပြန်ရတယ်။
နောက်တစ်ခုက မြန်မာပြည်ပြန်ရင် ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ ဘယ်သူနဲ့တွေ့ရမယ်ဆိုတာမျိုးတွေ။ ကိုယ်က သုံးပတ်လောက်ပဲ နေဖို့ရက်ရတာ။ မိဘဆိုတာကလည်း သားသမီးပြန်ရောက်ပြီဆိုရင် လက်ဆွဲပြီး မြို့ပတ်ချင်တယ်။ ဟိုသွားမယ်၊ ဒီသွားမယ်ပေါ့။ ကိုယ့်ကိစ္စနဲ့ကိုယ် သွားချင်တာလေးတွေကလည်းရှိ၊ အမေနဲ့အဖေကလည်း ကိုယ့်ကိုခေါ်သွားချင်တဲ့နေရာတွေရှိ၊ နှစ်ခုမတိုက်အောင် Date လုပ်ရတာလည်း အမောပါပဲ။ ရုပ်မြင်သံကြားလိုပဲ နောက်တစ်နေ့အစီအစဉ်ကို ကြိုကြိုပြီးဆွဲထားရတယ်။ မဟုတ်ရင် တိုက်ကုန်လို့။ အမေကတော့ တစ်ရက်ကြိုဆွဲတာမဟုတ်ဖူး။ White Board မှာ သုံးပတ်စာ Schedule တစ်ခါတည်း ဆွဲပေးထားတာ။ ဘယ်နေ့မှာ ဘယ်သူဘယ်သွားမယ်၊ ဘယ်အချိန် ဘယ်သူနဲ့တွေ့မယ်၊ အဲ့လိုမျိုး။ တခါတလေတော့လည်း စိတ်ညစ်မိတယ်။ သွားလေရာ လျှောက်လိုက်နေရလို့။ ဒါပေမယ့်လည်း စိတ်ဖြေပါတယ်။ သြော်...ငါ့မိဘက သားသမီးလည်း အနားမှာ အမြဲရှိတာ မဟုတ်ဖူး။ ရောက်တုန်းရောက်ခိုက်လေး ကိုယ့်သားသမီးကို လက်ဆွဲပြီး သွားချင်မှာပေါ့။
တစ်နေရာရောက်လိုက် သူများတကာက "ဟယ် သမီးကြီး ပြန်ရောက်နေတာလား" လို့မေးလိုက်၊ "ဟုတ်တယ် ခွင့်နဲ့ပြန်လာတာလေ။ သုံးပတ်နေရင် ပြန်တော့မှာ" ဆိုပြီးတော့ အမေနဲ့အဖေက ပြုံးပြုံးလေးဖြေလိုက်။ သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ။ တစ်ချို့တွေကလည်း ဒီအချိန်ကြီးမှာ ရန်ကုန်ကို ပြန်လာတယ်ဆိုတော့ ဟိုလိုလိုဒီလိုလို ထင်တတ်ကြသေးတယ်လေ။ အပြောမတတ်တဲ့သူက "လူလျှော့တာလား"လို့မေးရင် အမေက အသားဆတ်ဆတ်တုန်အောင် နာတယ်။ တခါတလေတော့ လူတွေကလည်း ခက်ပါတယ်။ ခက်တဲ့ထဲမှာ သေသေချာချာဘာမှမသိပဲ ထင်ကြေးနဲ့ ပြောတတ်တာဟာ အခက်ဆုံးပဲ။ သူ့ဟာသူ ခွင့်နဲ့ပဲပြန်ပြန် လူလျှော့လို့ပဲ ပြန်ပြန် ဘယ်လိုပြန်ပြန်ပေါ့။ ကဲ့ရဲ့စရာမလိုသလို၊ ချီးမွမ်းစရာလည်း မလိုဘူး မဟုတ်လား။ တစ်ကမ္ဘာလုံးကြုံနေရတဲ့ ကပ်ထဲမှာ ကုသိုလ်ကံလည်း အများကြီးဆိုင်တာပေါ့။ ဒါအပြစ်မဟုတ်ပါဘူး။
အဲ့ဒီလိုပေါ့လေ။ မြန်မာပြည်ပြန်တဲ့အခါ ကိုယ့်အတွေ့အကြုံလေးနဲ့ကိုယ်တော့ အနည်းနဲ့အများ ရှိကြမှာပါပဲ။ ဖွင့်မပြောကြတာသာ ရှိမှာပါ။ စိတ်ညစ်စရာတွေလည်း ဖြစ်ချင်ဖြစ်မယ်၊ စိတ်ညစ်စရာတွေထဲက ပြန်တွေးမိရင် ဟာသလေးတွေလည်း ပါနိုင်တယ်။ ဒီတော့ အဲ့ဒီအကြောင်းလေးတွေကို နောက်ထပ် ရင်ဖွင့်ဖို့ သယ်ရင်းကြီး ငါးမည်ရမြရေလျဉ်ကို ဆက်လက် လက်ဆင့်ကမ်းပါတယ်။ သယ်ရင်းရေ နိုင်ငံခြားပြန် အတွေ့အကြုံလေး လုပ်ပါဦးဟ... :)
သက်ပိုင်သူရေ ငါညည်းပြီးပြီနော်...။

9 ယောက်ဝေဖန်သွားတယ်:
green girl ရေ ရန်ကုန်ပြန်မလည်ဘူးသေးတော့ သေသေချာချာတော့မသိဘူး။ ငါလဲညည်းဖူးချင်တယ်ဝေး ....... :)
အညည်းတွေ တယ်များနေကြပါလား မမတို့ရေ :) ဒီလိုအဖြစ်အပျက်မျိုးတွေ တော်တော်များများမှာ ကြားဖူးပါတယ်။ ညီမ အမေက မကြာခဏ ပြန်တော့ သူပြန်လာရင် ဆွေမျိုးတွေကြား ပတ်လည်အလုပ်များ မောခဲ့ရတာတွေ ပြန်ပြန်ပြောလို့ ပြုံးမိပါတယ် :)
အပြောကောင်းလို့တွေးစရာတွေရသွားတယ။်
တွေးစရာရတဲ့အပြင်ရေးစရာပါရသွားတယ။် ကျေးဇူးတင်လိုက်တာ။
ငါဒီစာ.. ပရင့်ထုတ်ပြီး
နင့် အမေဆီ ပို့လိုက်မယ်.
ဟီးဟီး
အော် ရန်ကုန်ပြန်ရတဲ့ ဒုက္ခပေါ့။ ဟဲ ဟဲ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အော်.. စိမ်းစိမ်း ဒုက္ခက တစ်မျိုး..
အင်း သက်ပိုင်သူ ပြောတာ ထောက်ခံတယ်..း)
အဟေဟေ နိုင်ငံခြားပြန်တွေ ဒုက္ခက များတော့များသားဗျ။
Post a Comment