"မိတ္ထီလာကန်မယ် ဖားကောက်ခဲ့ပါ့ကွယ် ဗျိုင်းရှေ့က ပျံကာပျံကာရယ်..."
ညအိပ်ရာဝင်ကာနီးတိုင်း ရွတ်ဆိုချော့သိပ်ခဲ့ဖူးသည့် သားချော့တေးလေးတစ်ပုဒ်ကို နှုတ်ခမ်းပါးများ လှုပ်ရုံလေးသာ ရွတ်ဆိုနေမိ၏။ ပါးပြင်ပေါ်ကို တလိမ့်လိမ့်စီးကျလာသော မျက်ရည်ပေါက်များကို လက်ဖမိုးဖြင့်ခပ်ဖွဖွ သုတ်လိုက်ရင်း အိပ်မောကျနေသော ပန်းသွေးရောင်နုနု မျက်နှာမို့မို့လေးကို တိတ်တဆိတ်ရှိုက်နမ်းလိုက်ည်။
တစ်နေ့နေ့ရင်ဆိုင်ရမည်ကို သိလျက်နှင့် မသိကျိုးကျွံပြုထားမိသောအခါ ( သို့မဟုတ် ) မမျှော်လင့်ထားသော တစ်ချိန်ချိန်တွင် ရုတ်တရက်တွေ့ကြုံလိုက်ရသောအခါ ရင်သို့ထိမှန်လာသော မြှားချက်သည် မထွေးနိုင်မအန်နိုင်အောင် ပြင်းထန်ခဲ့ပြီ။
"ကိုကို့ ကို ဖြူလေး အရမ်းချစ်တယ်..."
အပြာနုရောင် စာရွက်ပါးပါးပေါ်က လက်ရေးဝိုင်းလေးများ...
ထိုနေ့က ကောင်းကင်တစ်ခုလုံး တိမ်မည်းညိုတို့ ဖုံးအုပ်ခဲ့သည်။ မိုးကြိုးတို့ ဆယ်ကြိမ်မက ပစ်ချခဲ့သည်။ မျက်ဝန်း၌ ရေခဲတောင်များ အရည်ပျော်ကျခဲ့သည်။ တစ်လောကလုံး အရှိန်အပြင်းဆုံး မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့သည်။ ရင်တွင်းမှာလည်း နေဆယ်စင်းမက တောက်လောင်ခဲ့သည်။
လူမသိသူမသိ ဖြာဝေနေသော ပရိဒေ၀မီးတို့က အနိုင်ယူလေသောအခါ အားကောင်းလှသော ကမ္ဘာမြေကြီး၏ ဆွဲအားတို့ပင် တင်းမခံနိုင်ပဲ အရုပ်ကြိုးပြတ်...။
"မပေးရက်ပါဘူး၊ မပေးနိုင်ပါဘူး၊ မပေးချင်ပါဘူး" ဆိုသည့်စကားကို အခါခါရေရွတ်မိသော်လည်း နှုတ်ကမူ ထွက်မလာ။ ရင်ထဲမှာသာ တွင်တွင်ငြင်းလျက်ရှိ၏။ "ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်" ဆိုသည့်စကားကိုများ မေ့လျော့ထားခဲ့မိပါသလား။
အတောင်စုံလျှင် အသိုက်အမြုံထဲကနေ ပျံထွက်ကြတာဟာ သဘာဝ၊ ဒါတွေဟာ လောကနိယာမ တရားတွေ။ တစ်နေ့မှာတော့ အားလုံးဟာ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ရွေးချယ် သွားကြမှာပါပဲလေ။
တစ်သက်လုံး ယုယုယယ ပြုစုပျိုးထောင်လာသော ပန်းကလေးတစ်ပွင့်က အခုအချိန်မှာ လှလှပပ ပွင့်အာလာခဲ့ပြီ။ ပန်းကလေးတွေကို ပျားပိတုန်းတွေနားခိုတာလည်း သဘာဝပဲမဟုတ်လား။ ကိုယ်မပေးချင်လည်း တစ်နေ့တော့ ဆွတ်ချူမယ့်သူနောက်ကို လိုက်ပါသွားကြဦးမှာပေါ့။
ကိုယ့်တုန်းကရော... "အဖေနဲ့အမေ မရှိတော့ရင် ဘယ်သူနဲ့နေခဲ့ရမှာလဲ"လို့ ဆိုမိခဲ့ပါရောလား။ "ချစ်ခြင်းကို မခွဲပါနဲ့"ရယ်လို့ အသနားခံခဲ့ဖူးပါရောလား။ ခရောင်းတောလား၊ ပန်းမွေ့ရာလား မသေချာမရေရာတဲ့ ဘ၀လမ်းခရီးကို "သူနဲ့သာဆိုရင်" ဆိုပြီး ရဲရဲဝံ့ဝံ့ လျှောက်လှမ်းခဲ့ဖူးပါရောလား။
စို့တက်လာသော မျက်ရည်တို့ကို ချုပ်ထိန်းရင်း နင့်နေသော ရင်ဘတ်တစ်စုံဖြင့် တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
"သံသရာရဟတ် တစ်ခါပြန်ပတ်လို့ နှစ်သုံးဆယ်ကျော်က ၀ဋ်တွေ သမီးပြန်လည်ခဲ့ပါပြီ အမေ..."
အခုစာရေးနေတဲ့အချိန်မှာ ကျွန်မအသက် ၂၇နှစ်၊ နောက်လာမယ့် နှစ်သုံးဆယ်ဆိုရင် အသက် ၅၇နှစ်အရွယ် အဖွားကြီးတစ်ယောက် ဖြစ်နေမှာပေါ့။ လက်ရှိအချိန်ကလွဲရင် နောက်နေ့မနက် ဆိုတာတောင် ဘာတွေဖြစ်ဦးမယ်ဆိုတာကို မသိနိုင်တဲ့ လောကကြီးမှာ နောင်အနှစ် ၃၀ဆိုတာကို ကြိုတင်မခန့်မှန်းချင်ပါဘူး။ ဒါပေမယ့် အဲ့ဒီအချိန်ထိသာ အသက်ရှည်ဦးမယ်ဆိုရင် အသေအချာဖြစ်လာနိုင်တာ တစ်ခုပဲရှိမယ်လို့ ကျွန်မလက်ခံထားပါတယ်။ ဘာလဲဆိုတော့ "၀ဋ်လည်ခြင်း" ပါပဲ။ ဥမမယ်စာမမြောက် ကလေးဘ၀ကနေ အခုအချိန်ထိ မသိတတ်လို့ရော၊ သိတတ်လို့ပါ မိဘအပေါ်ပြုမိခဲ့တဲ့၊ ပစ်မှားမိခဲ့တဲ့ အပစ်တွေကို တစ်နေ့နေ့မှာ ပြန်လည်ခံစားကြဦးမှာပါ။ မိဘက အပစ်လို့မမှတ်ယူလို့ ငရဲမကြီးရင်တောင် ၀ဋ်တော့လည်ဦးမှာပါ။ ပျော်ရွှင်ခြင်းဖြစ်စေ၊ ၀မ်းနည်းခြင်းဖြစ်စေ ကိုယ့်မိဘတွေ ကိုယ့်ကြောင့်တစ်ချိန်က ခံစားခဲ့ရတဲ့အတိုင်း ကိုယ့်အလှည့်ကိုလည်း ရောက်လာကြဦးမယ်လို့ ကျွန်မယုံကြည်ထားလို့ပါပဲ...။
( စာကြွင်း။ ။ ဒီပို့စ်လေးက ရေးထားတာကြာပါပြီ။ စိတ်တိုင်းမကျတာနဲ့ မတင်ပဲထားခဲ့တာပါ။ အခုဖိုးသင်္ကြန် တက်ဂ်တော့မှ စိတ်ကူးရလို့ နည်းနည်းပြန်ပြင်ရေးပြီး တင်လိုက်ပါတယ်။ ဖတ်တဲ့သူ အဆင်မပြေရင်လည်း ကျွန်မညံ့လို့ပေါ့နော်။ 30 Years Later အတွက်တော့ ဖိုးသင်္ကြန်ကျေနပ်ပါတော့နော်။ )

.........................

11 ယောက်ဝေဖန်သွားတယ်:
မမ ရေ.. နောက်အနှစ်ငါးဆယ်မှာ မမရဲ့သမီးလေးကို Army Soul သားနဲ့ ပေးစားထားလို့ ကလေးလေးတွေ ရလောက်ပြီနော့်။ ဟဲဟဲ
သဘောတူရင် အသက်ရှုလိုက်ပါ။
စဉ်းစားစရာပဲ အစ်မရေ...။ မလွဲမသွေကိုကြုံလာရဦးမှာပေါ့...။
အဲဒါကြောင့် ပြောတယ်
မယ်သီလရင် ၀တ်ပါလို့
ဟီး
နောက်အနှစ်သုံးဆယ်လောက်မှာ ၀ဋ်လည်ပြီးမငိုချင်လို့ အခုလည်း အမေငိုအောင် မလုပ်တော့ဘူး လို့များ စဉ်းစားနေသလား အစ်မ. . .
.. အင်း .. ညီမလည်း ဘာရယ်မဟုတ် .. လျှောက်စဉ်းစားမိသွားတာပါ။
အကြံကြီးပါပေ့။ မေးမိတာကိုက ငါ့အမှား။
ဝဋ်ဝဋ်ဝဋ် .. တခါပြန်လည်ဦးမှာပါပဲ ..
ခင်ဗျားကလည်း
မုန့်ဆီကြော်ကဘယ်နားမယ်မသိသေးဘူး..
:P
ဟိဟိ..သေချာလား..
သမီးလား..တူမလား..
တူမလေးပဲ ဖြစ်မယ်ထင်တယ်.. :P
အနာဂါတ်ဆိုတာတော့ ဘယ်သူမှကြိုမမြင်နိုင်ဘူးပေါ့ အမရယ် ..
သွေးထွက်အောင်မှန်တယ်ဗျား...ောင်အနှစ်၃၀ မပြောနဲ့ နောက်တမိနစ်တောင် မသေချာတဲ့ဘဝပါပဲ။ ရှိနေခဲ့ရင်တောင် ဝဠ်လည်မှာလဲ အမှန်ပဲဗျ ဒါပေမဲ့ ဒါကြီးကိုပဲ
သုခဘုံလို့ ထင်နေကြတာပဲ မဟုတ်လား ပုထုဇဉ်တွေကိုးဗျ... နော
Inn a khu ma pae blogger yae age ko thi ya tot tae... Nyi Ma yae ...Recircle ko tot accept lote kya ya Ag, Pls forgive me < I can't type MM>
Post a Comment