May 24, 2009

ရထားခေါင်းတွဲကြီး

ကိုယ့်မွေးရပ်ဇာတိမဟုတ်ပဲ ငယ်ငယ်ကတည်းက အကျွမ်းတ၀င်ရောက်ဖူးတဲ့ မြို့တစ်မြို့လို့ ကျွန်မကိုမေးရင် "ပျဉ်းမနားမြို့" လို့ပဲ ပြောရမယ်ထင်ပါတယ်။ သန်လျင်၊ကျောက်တန်း ဘက်မှာတော့ ၅နှစ်သမီးအထိနေဖူးတယ်။ ဒါပေမယ့် သိပ်မသိတတ်သေးတော့ လူကြီးတွေ ပြောပြတာလောက်ကိုပဲ နားထောင်မှတ်သားထားရတာမျိုးပဲ ရှိတာပါ။ ပျဉ်းမနားကတော့ အလည်အပတ်ရောက်တာ များခဲ့ပြီး မှတ်မှတ်ရရ ပထမတန်းစာမေးပွဲဖြေအပြီး နွေရာသီ ကျောင်းပိတ်ရက်မှာ မောင်နှမနှစ်ယောက် သွားနေကြတာဆိုတော့ တော်တော်များများ မှတ်မိနေတယ်ပေါ့လေ...။

ကျွန်မမေမေ ရန်ကုန်သူက ပျဉ်းမနားသားဖေဖေနဲ့ ရန်ကုန်မှာတွေ့ပြီး ရန်ကုန်မှာပဲ အိမ်ထောင်ကျတော့ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်ပိတ်ရက်ဆိုရင် ဖေဖေရဲ့အမေ ( ကျွန်မအဖွား ) ဆီကိုပြန်ရင်း ရန်ကုန်နဲ့ ပျဉ်းမနားဆိုတာကို အိမ်ဦးကြမ်းပြင်လို ကျွန်မရောက်ခဲ့တယ်။

အဲ့ဒီတုန်းက မှတ်မိပါသေးတယ်။ ပျဉ်းမနားသွားမယ်ဆိုရင် ၃ရက်လောက်ကြိုပြီး လက်မှတ်ဝယ်ရတယ်။ မနက်စောစောထပြီး ဘူတာရုံမှာ တန်းစီရတယ်။ များသောအားဖြင့်တော့ မြန်မာ့မီးရထားမှာ အလုပ်လုပ်တဲ့ ဖေဖေ့သူငယ်ချင်းက ၀ယ်ပေးထားတာ များပါတယ်။ အခုလို Express ကားတွေလည်း မရှိသေးဘူးလေ။ ရထားနဲ့သွားရတာဆိုတော့ လမ်းမှာစားဖို့ စားစရာတွေကို အိမ်ကနေတစ်ခါတည်း ထည့်သွားရတယ်။ ရထားပေါ်မှာ ရောင်းတာက လတ်လတ်ဆတ်ဆတ် ရှိချင်မှာ ရှိတတ်တယ်မဟုတ်လား။

ရေဆိုတာကလည်း အခုခေတ်လို သောက်ရေသန့်ဗူးတွေ မရှိသေးတော့ ရေဗူးထည့်သွားရတယ်။ မျက်နှာသစ်ဖို့တော့ ဘူတာတွေမှာ ကလေးတွေက ရောင်းကြတယ်။ ဘူတာမှာ ရထားဆိုက်တာနဲ့ ရထားပြူတင်းပေါက်နားကို ရေအိုးလေးတွေ ရွက်ထားတဲ့ ကလေးတွေရောက်လာပြီး "ရေရမယ်...ရေရမယ်" လို့ လာရောင်းကြတာ။ နွေဆိုရင် ရေအိုးပေါ်က အဖုံးပန်ကန်ပြားလေးထဲမှာ ရေစွတ်ထားတဲ့ မန်ကျည်းရွက်လေးတွေကိုတောင် ဖြန့်ခင်းထားသေးတယ်။ အခုတော့ အဲ့ဒီမြင်ကွင်းလေးတွေ ရှိသေးလား မရှိတော့ဘူးလား ကျွန်မလည်း သေချာမသိတော့ပါဘူး။ ၂၀၀၂ခုနှစ် မေလမှာ ပြင်ဦးလွင်သွားဖို့အတွက် ရထားစီးခဲ့တာဟာ ကျွန်မအတွက် ရထားစီးခရီးစဉ် နောက်ဆုံးပါပဲ။

ငယ်ငယ်တုန်းက ရထားစီးတဲ့အခါ ပြူတင်းပေါက်နားမှာ ဘယ်တော့မှ မစီးရဘူး။ ကလေးဆိုတော့ အရှိန်မထိန်းနိုင်ပဲ ပြုတ်ကျသွားမှာစိုးလို့။ ရထားမောင်းရင်း ထွက်လာတဲ့ ဂျုံးဂျုံးဂျက်ဂျက်ဆိုတဲ့ အသံလေးကို စည်းချက်ကျကျနားထာင်ရင်း၊ ရထားလှုပ်တာကို ပုခက်လွှဲသိပ်နေသလို ခံစားရတဲ့အခါ အလိုလိုအိပ်ပျော်သွားပါလေရော။

ကိုးနှစ်၊ ဆယ်နှစ်သမီးလောက် ရောက်တော့ မီးရထားနဲ့ ခရီးသွားတဲ့အခါ ရထားဖြည်းဖြည်းမောင်းတဲ့ နေရာရောက်ရင် မေမေက " သမီးရေ... ဒီမှာလာကြည့်စမ်း" ဆိုပြီး ရထားပြူတင်းပေါက်နားကို ကျွန်မကိုခေါ်ပြီးပြတယ်။ သံလမ်းအတိုင်း ကွေ့ကွေ့ကောက်ကောက်နဲ့ ခုတ်မောင်းနေတဲ့ ရထားခေါင်းတွဲကြီးရယ်၊ သူ့နောက်မှာ သူခေါ်ရာအတိုင်း လိုက်ပါနေတဲ့ နောက်တွဲတွေ...။

ရှေ့ခေါင်းတွဲကြီးက တစ်ချက်ကွေ့ပြီး မောင်းလိုက်တဲ့အခါ နောက်တွဲတွေအားလုံး သူကွေ့တဲ့နောက်လိုက်ကွေ့ကြ၊ ခေါင်းတွဲကြီးက အဖြောင့်မောင်းသွားတဲ့အခါ နောက်တွဲတွေက  သူအဖြောင့်သွားတဲ့အတိုင်း တညီတညာတည်း ဖြောင့်နေအောင်လိုက်ကြ။ နောက်တွဲတွေအားလုံးဟာ ရထားခေါင်းတွဲကြီးရဲ့ ဦးဆောင်ခုတ်မောင်းရာနောက်ကို အဖြောင့်ဆိုရင်အဖြောင့်၊ အကွေ့ဆိုရင်အကွေ့ တညီတညာတည်း လိုက်ပါနေကြတယ်လေ။

အဲ့ဒီရထားတွဲကြီး ခုတ်မောင်းနေတာကို ပြပြီးတဲ့နောက် မေမေက ကျွန်မပုခုံးလေးကိုဖက်ပြီး စကားတစ်ခုပြောခဲ့တယ်...။

" မီးရထား ခေါင်းတွဲကြီးဟာ လမ်းဖြောင့်ကိုပဲ မောင်းမောင်း၊ လမ်းကောက်ကိုပဲ မောင်းမောင်း နောက်တွဲတွေတစ်တွဲမှ ပြုတ်မကျန်ခဲ့ပဲ ချိတ်လျက်လိုက်ပါလာနေအောင် တွဲခေါ်တတ်သလို ငါ့သမီးကလည်း ဘယ်လိုဘ၀လမ်းကိုပဲလျှောက်လျှောက် မောင်လေးနဲ့ညီမလေးကို တစ်ပါတည်းပါအောင် လက်တွဲခေါ်သွားဖို့ ကြိုးစားရမယ်။

မီးရထားခေါင်းတွဲကြီးက လမ်းဖြောင့်ဖြောင့်မှာ တည့်တည့်မောင်းနှင်တဲ့အခါ နောက်တွဲတွေကလည်း ခေါင်းတွဲကြီးသွားတဲ့အတိုင်း ဖြောင့်ဖြောင့်လေး လိုက်ပါလာကြတယ်။ ကွေ့ကောက်ပြီး မောင်းနှင်တဲ့အခါမှာလည်း ကွေ့ကောက်ပြီးလိုက်ပါကြတယ်။ ဒီလိုပဲ မောင်လေး၊ညီမလေးတွေ ဆိုတာလည်း သမီးကြီးရှေ့ကသွားတဲ့အတိုင်း လိုက်လျှောက်ကြလိမ့်မယ်။ ဘ၀ဆိုတဲ့ သံလမ်းပေါ်မှာ နောက်တွဲနှစ်တွဲချိတ်ပြီး ခုတ်မောင်းတဲ့အခါ ကွေ့ကောက်သောလမ်းကို ရှောင်ရှားနိုင်ပြီး လိုရာခရီးပန်းတိုင်ကို တည့်တည့်မတ်မတ် ဦးဆောင်မောင်းနှင်နိုင်ဖို့ ကြိုးစားပါ..."

ရထားတွဲကြီးတွေကိုမြင်တိုင်း အဲ့ဒီအချိန်တုန်းက ကျွန်မအနားမှာ မေမေပြောခဲ့သလိုပဲ အခုထိလည်း ဒီစကားလေးတစ်ခွန်းကို အမြဲတမ်းအမှတ်တရ ကြားယောင်နေတုန်းပါပဲ။

ကျွန်မတစ်ယောက်တည်း ခုတ်မောင်းလာတဲ့ ရထားစက်ခေါင်းတွဲကြီးဟာ ဒုတိယဘူတာအရောက်မှာ နောက်တွဲတစ်တွဲချိတ်လျက် ပါလာခဲ့သလို စတုတ္ထဘူတာကို ရောက်ပြန်တော့ နောက်တွဲနှစ်တွဲ ဖြစ်လာခဲ့တယ်။ အဲ့ဒီနောက်တွဲ နှစ်တွဲကိုချိတ်ပြီး ခုတ်မောင်းလာခဲ့တာ အခုဆိုရင် နှစ်ဆယ့်ခြောက်ခုမြောက် ဘူတာကို ကျော်လွန်ခဲ့ပြီ။ ဂိတ်ဆုံးကိုရောက်ဖို့ ဘူတာတွေ အများကြီး ကျန်နေသေးတယ်။ တစ်တွဲမှလမ်းချော်မသွားစေဖို့၊ ပြုတ်ကျမကျန်ခဲ့စေဖို့၊ လမ်းကောင်းလမ်းဖြောင့်ကိုရွေးပြီး ဆက်လက်ခုတ်မောင်းသွားနိုင်ဖို့ ကျွန်မကြိုးစားရဦးမှာပေါ့လေ...။

6 ယောက်ဝေဖန်သွားတယ်:

အပြုံးပန်း said...

လိမ္မာတဲ့ ရထားခေါင်းတွဲကြီးရေ။
ဦးဆောင်ပြီး ခုတ်မောင်း......ခုတ်မောင်း။

ကြည်ဖြူပိုင် said...

လဲ့လဲ ဖြစ်ချင်တဲ့အတိုင်း လိမ္ခာပြီသားပါဟ။ ဆက်မောင်းဆက်မောင်း

ပိုင်ဖြိုးကို said...

အတွေးလေးတခုရလိုက်ပါတယ် သူငယ်ချင်းစိမ်းရေ ... :)

မိုးခါး said...

ပျော်ရွှင်စွာ ခုတ်မောင်းနိုင်ပါစေ .. လိုရာပန်းတိုင်ဆီကို ..း)

နန်းညီ said...

ညီ့ကိုလည်း ကိုယ့်မွေးရပ်ဇာတိမဟုတ်ပဲ ငယ်ငယ်ကတည်းက အကျွမ်းတ၀င်ရောက်ဖူးတဲ့ မြို့တစ်မြို့လို့ မေးရင် "ပျဉ်းမနားမြို့" လို့ပဲ ပြောရမယ်ထင်ပါတယ်.. (တူတူပဲမို့လို့ စာပါ ကော်ပီကူးရေးလိုက်တယ်)

ရွှေပြည်သူ said...

အစ်မကြီး အမိရာတဲ့။ အားကိုးလောက်စရာ ဒီလို အစ်မကြီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ညီမလေးရဲ့ မောင်လေးနဲ့ ညီမလေးတွေ သိပ်ကံကောင်းကြပါတယ်း)