May 16, 2009

အိမ်ပြန်မှတ်တမ်း ( ၂၀၀၉ )

"လေယာဉ်ပေါ်တွင်လိုက်ပါလာကြသော ခရီးသည်များရှင်...မကြာမီအချိန်အတွင်းမှာ ကျွန်မတို့လေယာဉ်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ( မင်္ဂလာဒုံ ) ကို ဆိုက်ရောက်တော့မှာ ဖြစ်ပါတယ်..."


ဆိုသည့် လေယာဉ်မယ်၏ စကားသံအဆုံးတွင် တစ်နှစ်တာပတ်လုံး တင်းထားသမျှ အားအင်တွေ ကိုယ်ပေါ်ကနေ လျှောကျသွားသလို ခံစားလိုက်ရသည်။ အိမ်ကိုပြန်ရောက်တော့မယ်ဆိုသည့် အသိတစ်ခုဟာ ဘာနဲ့မှမလဲနိုင်သည့် ပျော်ရွှင်မှုတစ်ခုပါ။

စက်လှေကားထိပ်ရောက်ချိန်မှာ အောက်ထပ်မှန်နံရံတစ်လျှောက် မျက်စိကစားပြီး ဟိုဟိုသည်သည် ရှာကြည့်မိသည်။ ပထမဆုံး တွေ့မိသည်က ညီမလေး....၊ ပြီးတော့ မေမေ၊ ဖေဖေ၊ ကျွန်မအပေါ် ညီအစ်မလိုချစ်ပြီး အနွံအတာခံသည့် အချစ်ဆုံးသူငယ်ချင်း သူသူအောင်။ သူတို့ကို မြင်လိုက်သည်နှင့် အရှေ့မှာ ကားဆီးထားသော မှန်နံရံကို ဖောက်ပြီး ထွက်သွားချင်စိတ်များ အလိုလိုဖြစ်လာမိ၏။

သို့သော်... ထိုနံရံကို ဖောက်ထွက်နိုင်ဖို့ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကောင်တာကို ဖြတ်ကျော်ရဦးမည်။ အပြေးအလွှားနှင့် လူဝင်မှုကြီးကြပ်ရေးမှာ ၀င်တန်းစီလိုက်ချိန်မှာ ကျွန်မအလှည့်ရောက်ဖို့ ရှေ့တွင် ငါးယောက်လောက် စောင့်ရဦးမည်။ နာရီဝက်ခန့်စောင့်ရမည့် အချိန်များကို ကျွန်မစိတ်မရှည်ချင်တော့ပါ။ လေဆိပ်ခန်းမ အပြင်သို့ အမြန်ဆုံး ရောက်ချင်လှပါပြီ...။

လူဝင်မှုကြီးကြပ်ရေးမှာ တန်းစီရင်း ကိုယ်ဝင်ရမည့် ကောင်တာက တာဝန်ကျအရာရှိ၏ မျက်နှာကို အကဲခတ်နေမိသည်။ ဆက်ဆံရေး ပြေပစ်သလိုတော့ ထင်ရ၏။ ကိုယ့်အလှည့်အရောက်တွင် ပတ်စ်ပို့နှင့် အိုင်စီကဒ်ကိုကြည့်ပြီး တစ်ခွန်းမှ မမေးဘဲ "ဒုံး" ဆိုပြီး တံဆိပ်တစ်ခု ထုလိုက်ကာ "D Form လုပ်ပြီး ပြန်ပါ" ဟုပြောသည်။

အားလုံးအပြည့်အစုံ ပါလျက်နှင့်တော့ ကောင်တာက ပြန်မထွက်ချင်။ "ကျွန်မ အခွန်အကြေဆောင်ပြီးသားပါ" ဟုမျက်လုံး အ၀ိုင်းသားနှင့် အတွန့်တက်မိသည်။ ထိုအခါမှ ကိုယ်တော်ချောက "ဟုတ်လား၊ ဒါဆို အစ်မအခွန်ဆောင်ထားတဲ့ စာရွက်နဲ့ အလုပ်က ခွင့်စာလိုတယ်။ မူရင်း မဟုတ်ဖူးနော်။ ကော်ပီ..." ဟုတောင်းတော့သည်။ သိထားနှင့်သည်လေ။ ကျွန်မလက်ထဲက ဖိုင်ပါးပါးလေးက အလကားယူလာသည်မှ မဟုတ်ပဲ။ သူလိုချင်သော ကော်ပီမှန်သမျှ အားလုံးထုတ်ပေးလိုက်ပြီး ကောင်တာရှေ့တွင် ခဏရပ်စောင့်နေလိုက်သည်။

ငါးခူပြုံးလား၊ ငါးရံ့ပြုံးလား၊ မချိုမချဉ်ပြုံးလေလား... အမည်မသိသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး "ဟာ...အကုန်အပြည့်အစုံ ပါလာတာပဲဗျာ။ ဒါဆိုလည်း အဆင်ပြေအောင် လုပ်ပေးလိုက်ပါမယ့်" ဆိုကာ Form တစ်ခုထုတ်ပေးပြီး ဖြည့်ခိုင်းပြန်၏။ ပတ်စ်ပို့တွင် ထုထားပြီးသော တံဆိပ်တုံးပေါ်တွင် ဘောပင်ဖြင့် L-20 ဟုရေးပေးလိုက်ပြန်သည်။ "အစ်မ D Form မလိုတော့ဘူးနော်။ အဆင်ပြေအောင် လုပ်ပေးလိုက်ပါတယ်" တဲ့လေ။ ဒီလိုဆိုတော့လည်း စာရွက်စာတမ်းများကို ဖိုင်ထဲပြန်ထည့်ပြီး "ဟုတ်ကဲ့။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်..." ဟုပြုံးပြုံးလေးပြောကာ Luggage ရွေးဖို့ ပြေးလာခဲ့မိတော့သည်။

Luggage ထွက်လာနေသည့် Tray မရောက်ခင် တွန်းလှည်းတွေနားမှာ အပြာရောင်ဝတ်စုံနှင့် ကောင်လေးတစ်ယောက် ကျွန်မကိုသေသေချာချာ ကြည့်နေသည်။ ကျွန်မအနားရောက်သည့်အခါ လက်တွန်းလှည်းတစ်ခုကို ဆွဲထုတ်လိုက်သည်ကို တွေ့ရသည့်အခါ ကျွန်မလည်း အလိုက်တသိ Laptop နှင့် လက်ဆွဲအိတ်ကို လှည်းထဲသို့ ထည့်ပေးလိုက်ပြီး Luggage နံပါတ်ပါသည့် စာရွက်လေးကို သူ့လက်ထဲထည့်ပေးလိုက်သည်။ ကောင်လေးက ကျွန်မပေးသော ဖြတ်ပိုင်းလေးကို သေချာကြည့်ပြီး Tray ပေါ်တွင်တရွေ့ရွေ့ပါလာနေသော ကျွန်မ၏ Luggage ကို ဆွဲချကာ တွန်းလှည်းပေါ်တင်လိုက်သည်။ ပြီးတော့ "ရပြီ အစ်မ" တဲ့...။

ကျွန်မလည်း ခေါင်းလေးညိမ့်ပြီး ကောင်လေးဦးဆောင်ရာ အကောက်ခွန်ကောင်တာသို့ ဆက်လှမ်းခဲ့ရပြန်သည်။ အကောက်ခွန်အရာရှိက ပတ်စ်ပို့ကို သေချာကြည့်ပြီး ဖွင့်မကြည့်တော့ပါဘူးဟုဆို၏။

ကျွန်မရှေ့တွင် ကာဆီးနေသော မှန်နံရံကြီးကို ထိုးဖောက်ထွက်နိုင်ခဲ့ပြီ...။

ခန်းမထဲက ထွက်လာသည့် ကျွန်မကို ဆီးကြိုပွေ့ဖက်သည့် ညီမလေးနှင့် သူသူအောင်၊ ရင်ခွင်ထဲထည့်ကာ ပါးနှစ်ဖက် ပေါက်ထွက်မတတ် နမ်းသည့်မေမေ၊ ၀မ်းသာပျော်ရွှင်နေသော အပြုံးများနှင့် ဖေဖေ...

ကမ္ဘာအစစ်ထဲက နွေးထွေးသည့် မိသားစုလေးထဲသို့ ကျွန်မပြန်လည် ရောက်ရှိခဲ့ပြီလေ...။

- လေဆိပ်မှာ လာကြိုပေမယ့် မိသားစုဝင်တွေကြားမှာ မခေါ်ရဲလို့ အိမ်ရောက်မှဖုန်းဆက်ပြီး ညနေချင်းအိမ်ကိုလိုက်လာတဲ့ သူငယ်ချင်းရန်နိုင်နှင့် စကားလက်ဆုံးပြောမကုန်တဲ့ ၁၇ရက်နေ့ညနေခင်း

- လေဆိပ်ကနေ အိမ်ကိုမပြန်တော့ပဲ ကျွန်မနဲ့အတူညအိပ်တဲ့ သူသူအောင်၊ ညီမလေးနဲ့အတူတူ တစ်ခြင်ထောင်ထဲ သုံးယောက်ပေါင်းအိပ်ပြီး ည ၂နာရီခွဲအထိ တွတ်ထိုးခဲ့ကြတဲ့ ၁၇ရက်နေ့ည


မုန့်ဟင်းခါးအလွတ်


လပ်ကီးဆဲဗင်းက ဆမူဆာသုတ်

- နောက်နေ့မနက် မိုးလင်းတာနဲ့ တစ်ခါတစ်လေမှတွေ့ရတဲ့ သူငယ်ချင်းကို ကြေးအိုးလိုက်တိုက်မယ်လို့ ဖုန်းဆက်ခေါ်တဲ့ သူငယ်ချင်းစိုးမင်းလတ်နဲ့အတူ ကြေးအိုးစားရင်း ထွေရာလေးပါးပြောခဲ့ကြတဲ့ တစ်နေ့တာ

- သမီးကြီးရောက်တုန်းရောက်ခိုက်ဆိုပြီး ရာသီဥတုပူပူမှာ ချွေးတလုံးလုံးနဲ့ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးတဲ့ မေမေ့မေတ္တာ


မေမေ့ထမင်းဝိုင်း



ရွှေပုဇွန် ဒိုမီနို

- အပြင်သွားရင် နေပူမယ်ရယ်လို့ သွားလေရာကို ကိုယ်တိုင်ကားမောင်းပို့ချင်တဲ့ ဖေဖေ့စေတနာ

- ကျွန်မပြန်ရောက်နေပြီဆိုတာသိလို့ ရောက်လေရာနေရာက ဖြစ်အောင်ဖုန်းဆက်တဲ့ ကျွန်မချစ်သော မောင်လေး

- သူငယ်ချင်းတွေ ဖုန်းဆက်တိုင်း "ငါ့အစ်မ ခွင့်ရလို့ ပြန်ရောက်နေတယ်" လို့ ပျော်ပျော်ရွှင်ရွှင်ပြောတတ်တဲ့ ညီမလေး

-သောက်ချင်လွန်းလို့ နေ့လည် နေပူပူကိုတောင် ဂရုမစိုက်ပဲ တကူးတက သွားသောက်ခဲ့တဲ့ ဆူးလေကျောက်ကျော


ဆူးလေကျောက်ကျော

-နေပူဒဏ်ကို မခံနိုင်လွန်းလို့ ဘုရားရင်ပြင်ပေါ်မှာတောင် ဓါတ်ပုံမရိုက်နိုင်ပဲ ဘုရားဖူးပြီးတာနဲ့ အပြေးအလွှား ပြန်ဆင်းပြေးရတဲ့ မိသားစုပဲခူးဘုရားဖူး

- ညီမအရင်းလို ချစ်ရတဲ့ ဇူဇူး၊ အချစ်ဆုံးသူငယ်ချင်း ရန်နိုင်၊ ဖိုးလမင်း တို့နဲ့အတူ မုန့်တွေလျှောက်စား၊ ကစားကွင်းတွေလျှောက်သွား၊ မိုးပျံရထားစီးခဲ့တဲ့ ပျော်စရာနေ့လေးတစ်နေ့

-သူငယ်ချင်းဝင်းလဲ့၊ ညီမလေးဇူဇူး၊ အစ်ကို ကိုဇေယျာထွန်းတို့နဲ့ လှည်းတန်း YKKO မှာကြေးအိုးသွားစားပြီးအပြန် အင်းလျားကန်ပေါင်မြက်ခင်းမှာ လှဲအိပ်လို့ ပြည့်တော့မယ့်ဆဲဆဲ လမင်းကိုမော့ကြည့်ခဲ့တဲ့ ညတစ်ည

YKKO ကြေးအိုးနဲ့ စတော်ဗယ်ရီသီးဖျော်ရည်

-ညနေ ၅း၀၀ မိတ္ထီလာကိုပြန်ဖို့ရှိနေတာတောင် မမကြီးကိုတော့ ဖြစ်အောင်လာတွေ့မယ်ဆိုကာ မနက်အစောကြီး အိမ်ကိုရောက်လာခဲ့သည့် မောင်လေးဖြိုးပြည့်

- ဘယ်တော့ရောက်ရောက် ဘယ်တော့ဖူးဖူး၊ ဖူးလို့မ၀အောင် သပ္ပါယ်သည့် လေးဆူဓါတ်ပုံရွှေတိဂုံဘုရားကြီးကို မိသားစုဖူးခဲ့သည့် မနက်စောစော


ရွှေတိဂုံဘုရား



ရွှေပန်းမွေ့ယာ

- ခန္ဓာကိုယ်တစ်ခုလုံးကို မှီပြီးအိပ်လိုက်လာတဲ့ ညီမလေးကြောင့် ထိုင်လျက်က လုံးဝလှုပ်လို့မရဘဲ နိုးတစ်ဝက် အိပ်တစ်ဝက် ဖြစ်ခဲ့ရသလို၊ ဂျီတီအိုင်ပြီးကတည်းက အပြင်မှာ လုံးဝပြန်မတွေ့ရတော့သော တစ်ချိန်က ကျွန်မတို့ရဲ့ မြို့ပြဌာနမှုး ဆရာဦးမြသိန်းကို ကားတစ်စီးတည်း အတူတူအဖြစ် တွေ့လိုက်ရလို့ သိပ်ဝမ်းသာသွားခဲ့ရတဲ့ ရန်ကုန်-မန္တလေးအသွား မန်းရွှေပြည်ကားပေါ်က ညတစ်ည

- ပြင်ဦးလွင်ရောက်ရောက်ချင်း မိသားစုနဲ့အတူ သစ်သီးဆွမ်းကပ်ပြီး အေးအေးဆေးဆေး ပုတီးစိပ်ခဲ့ရတဲ့ ပြင်ဦးလွင်-လားရှိုးလမ်းပေါ်မှာ တည်ထားတဲ့ မဟာအံ့ထူးကံသာ ဘုရားကြီးပေါ်က နေခြည်နုနု ပြင်ဦးလွင်မနက်ခင်း

- တည်းခိုခန်းကြိုပြီး Booking လုပ်ပေးထားတဲ့အပြင် တစ်နေ့တာလုံး သွားလေရာ ဆိုင်ကယ်ကိုယ်စီနဲ့ မိသားစုလေးယောက်လုံးကို မညီးမညူလိုက်ပို့တဲ့ သူငယ်ချင်း လှိုင်မင်းဟန်၊ နိုင်ထွန်းအောင်၊ နေမျိုးလင်းတို့နဲ့ သွားခဲ့တဲ့ ပြင်ဦးလွင်က တရုတ်ဘုံကျောင်းနဲ့ ကန်တော်ကြီး၊ နေ့လည်စာ စားခဲ့တဲ့ "ထီးလှိုင်"

- မရောက်တာ ငါးနှစ်ကြာတဲ့အခါ အရာရာပြောင်းလဲနေတဲ့ ပြင်ဦးလွင်မြို့

- "ညီမလေးရောက်နေတယ်"လို့ ဖုန်းဆက်လိုက်တာနဲ့ ကျွန်မရှိရာကို ချက်ချင်းထလိုက်လာတဲ့ ကျွန်မချစ်သော အစ်ကို ကိုစိုးမိုးကျော်

- ဆလိုက်မီးရောင်ထိန်ထိန်အောက်မှာ မေမေ၊ဖေဖေ၊ ညီမလေး၊ သူငယ်ချင်းတွေနဲ့ ဓါတ်ပုံရိုက်ဖို့ လုပ်နေတုန်း "၀ါး" ကနဲ သရဲခြောက်သလို ရောက်လာတဲ့ ဇော်လှိုင်အေးကို တွေ့လိုက်ရလို့ အတိုင်းမသိပျော်ခဲ့ရတဲ့ မင်းသုံးပါးရှေ့က ပြင်ဦးလွင် ညနေခင်း


- မင်းသုံးပါးကအပြန် အားလုံးစုပြီး စတော်ဘယ်ရီဝင်သောက်နေကြတုန်း "ငါဘယ်သူလဲ သိလား" ဆိုပြီး ရုတ်တရက်ရောက်လာတဲ့ ကျော်မျိုးလွင်ကြောင့် ပိုပြီးပွဲစည်သွားတဲ့ "ဒီဇင်ဘာ" က ပြင်ဦးလွင်ညဦး

-ည ၁၀း၀၀ တည်းခိုခန်းပြန်ရောက်လို့ အိပ်တော့မယ်ပြင်တုန်း ဧည့်သည်ဆိုလို့ အောက်ဆင်းသွားတဲ့အခါ "နင်မနက်စောစော ပြန်ဆင်းမယ်ဆိုလို့ ငါတို့ညချင်း လိုက်လာတာ" လို့ဆိုတဲ့ အလွန်ချစ်စရာကောင်းသော ကျွန်မရဲ့ သူငယ်ချင်း စန်းယုမောင် နဲ့ ထိန်လင်းအောင်၊ နောက်ထပ်တစ်ရက်လောက် ထပ်နေပါဦးလို့ အတင်းဆွဲတဲ့ ကျော်မျိုးလွင်တို့ကြောင့် ၀မ်းသာဝမ်းနည်းဖြစ်ခဲ့ရတဲ့ "ရွှေအိပ်မက် တည်းခိုခန်း"က ပြင်ဦးလွင်ည

- ပြင်ဦးလွင်ကို စောစောပြန်တက်ချင်ပေမယ့် ကျွန်မဆင်းလာတဲ့အထိ မန္တလေးကနေ စောင့်ပေးခဲ့တဲ့ သူငယ်ချင်းနောင်နောင် နဲ့ အစ်ကို ကိုချစ်ကို

- ငါးသလဲထိုးကြော်၊ အင်းပုဇွန်ကြော်ရွရွလေးတွေစားပြီး ဦးပိန်တံတားကို ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်လျှောက်ခဲ့တဲ့ သောင်တမန်အင်းက မန္တလေးညနေခင်း


သောင်တမန်အင်း



- သေသေချာချာဖူးလေ ကြည်ညိုစရာကောင်းလေ ဖြစ်ရတဲ့ မဟာမြတ်မုနိဘုရားကြီး

- အကွေ့အကောက် တောင်တက်လမ်းတွေနဲ့ အသည်းယားစရာ မန္တလေးတောင်ပေါ်က ရသေ့ကြီးဦးခန္တီတည်ထားခဲ့တဲ့ စေတီတော်နဲ့ မြွေကြီးနှစ်ကောင်


ရသေ့ကြီးဦးခန္တီ


မြွေကြီးနှစ်ကောင်

- ရာဇ၀င်ဇာတ်ကားတွေထဲမှာပဲ မြင်ခဲ့ရဖူးပေမယ့် တကယ်တမ်းကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရတဲ့အခါ ပိုပြီးတန်ဖိုးထားမြတ်နိုးမိတဲ့ မန္တလေးနန်းတွင်း


အပေါ်ထိရောက်အောင် ဆက်မတက်နိုင်ခဲ့တဲ့ နန်းမြင့်မျှော်စင်

- မန္တလေးကျွဲဆည်ကန်မှာ မီးလိုပူသလောက် အာကာသ ရန်ကုန်-မန္တလေးကားပေါ်ရောက်တဲ့အခါ ရေခဲလိုအေးစက်နေလို့ အပူရှပ်ပြီး ဖျားတဲ့ ရန်ကုန်အပြန်ည

- သင်တန်းတွေတက်ပြီး မအားတဲ့ကြားက တွေ့ချင်လွန်းလို့ ဖြစ်အောင်ချိန်းတဲ့ မြန်မာဂျီးနပ်စ်က Yellow Cloud၊ ဆေးရုံတက်နေတဲ့ သူငယ်ချင်းကိုညအိပ်စောင့်ပေးနေလို့ တစ်ညလုံး မအိပ်ထားရသေးတဲ့ကြားက ဖြစ်အောင်လာတဲ့ ကိုပေါက်ကရ၈၀တို့နဲ့ ရင်းနှီးနွေးထွေးသော Mr Brown ကတစ်ညနေ

- ဆရာမရင်မှာကလေးတွေလို တိုးဝင် ချွဲနွဲ့လို့ အိုင်ဘီစီမှာ မနက်စာစားခဲ့တဲ့ ဆရာမ၊ ပြည့်ဖြိုးနဲ့ ကျွန်မတို့ရဲ့ အင်းလျားကန်ဘေးက မနက်ခင်း

- ငယ်ငယ်ကလို အမေသွားလေရာ လက်ကလေးချိတ်ပြီး တကောက်ကောက်လိုက်ခဲ့ရတဲ့ နေရာတွေ

-ဖေဖေတာဝန်ကျရာ သီလ၀ါဆိပ်ကမ်းကိုလိုက်ရင်း ကျိုက်ခေါက်ဘုရားလည်း ရောက်ခဲ့တဲ့ သန်လျင်ကျောက်တန်းက မိုးဖွဲဖွဲကျနေတဲ့ ညနေခင်း

- ဖေဖေနဲ့ မေမေရဲ့ ၂၉နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် မိသားစုညစာစားပွဲ

-"နောက်တစ်ခါဆိုရင် ကျွန်တော်ခွင့်ပြန်မယ့်အချိန်နဲ့ တိုက်ပြီးပြန်လို့ရအောင် ကြိုးစားပေးပါနော်" လို့ဖုန်းထဲကနေ မှာနေတဲ့ မောင်လေးရဲ့စကားကြောင့် မောင်နှမသုံးယောက်လုံး မျက်ရည်ကျခဲ့ရတဲ့ ပြန်ခါနီးည

- ကဆုန်လပြည့်နေ့မှာ ပြုဖြစ်ခဲ့သမျှသော ဒါနကုသိုလ်အစုစု

-တွေ့ရလိမ့်မယ်လို့ မျှော်လင့်ခဲ့တဲ့သူကို အကြောင်းမတိုက်ဆိုင်လို့ မတွေ့ခဲ့ရပေမယ့် လေလှိုင်းကြားမှာ တွေ့ဆုံခဲ့ရသော သူပေးခဲ့သည့်ညများစွာ...

ဘာပဲဖြစ်ဖြစ် သုံးပတ်တာမှာ ပြောမပြတတ်အောင် ပျော်ခဲ့သည်။ စင်္ကာပူဆိုတာကိုနောက်ထပ် ပြန်မလာချင်လောက်အောင်ကို ကျွန်မပျော်ခဲ့ရပါသည်။ မိဘမောင်နှမ၊ သူငယ်ချင်းများ၏ နွေးထွေးသော မေတ္တာအရိပ်မှာ အေးချမ်းခဲ့ပါသည်။ ထိုမေတ္တာများကို အားအင်အဖြစ် သိမ်းဆည်းကာ နောက်ထပ်တစ်နှစ်တာကို ကျွန်မရုန်းကန်ရဦးမည်လေ...။

အပြန်ခရီးကို လိုက်ပို့ကြတဲ့ သူငယ်ချင်းတွေ၊ လေယာဉ်ကွင်းမှာ တရှုံ့ရှုံ့ငိုနေခဲ့တဲ့မေမေ၊ မျက်ရည်တွေလည်နေတဲ့ ဖေဖေ...။ မိဘရင်ခွင်မှထွက်လို့ ကျွန်မရင်ခွင်သို့ အားကိုးကြီးစွာ ပြေးဝင်လာသည့် ညီမလေး၏လက်ကို ဆွဲကာ အားလုံးကို ကျောခိုင်းပြီး လေယာဉ်ခန်းမဆောင်ထဲသို့ ကျွန်မပြန်လည်ခြေဦးလှည့်ခဲ့ရပြန်သည်။

လေယာဉ်လေကာပြူတင်းကနေ ကြည့်မိတော့ လေယာဉ်ကြီ်းက ပြေးလမ်းပေါ်မှာ ရွေ့လျားနေပြီ။ ရင်ထဲသို့ လှိုက်ခနဲလေရိုက်သွားသလို ကျွန်မမျက်ဝန်းမှ မျက်ရည်များကျဆင်းလာခဲ့သည်။ ကျဆင်းသွားသော မျက်ရည်ကို တစ်ရှူးဖြင့် ခပ်မြန်မြန်သုတ်ရင်း ညီမလေးကို သတိထားမိသည်။ တဖြေးဖြေးမှေးမှိန်ကျန်ခဲ့သော မြန်မာ့မြေပြင်ကို ငေး....လို့။ ကလေးလေးတစ်ယောက် မျက်နှာမညိုးစေဖို့ ရှိသမျှခွန်အားနှင့် ကျွန်မကြိုးစားရဦးမည်။

မေလ ၉ ရက်နေ့တွင် မြန်မာပြည်ကို တတိယအကြိမ်မြောက်အဖြစ် ကျွန်မစွန့်ခွာလာခဲ့ရပြန်ပါပြီ....။


11 ယောက်ဝေဖန်သွားတယ်:

အပြုံးပန်း said...

ဖတ်ပြီးတော့ လိုက်ပျော်တယ်၊
အဆုံးနားလေးရောက်တော့
လိုက်ပြီး ၀မ်းနည်းသလိုပဲ။
ပြင်ဦးလွင်ရောက်ခဲ့တယ်ပေါ့၊ သူငယ်ချင်းတွေနဲ့ သိုက်သိုက်ဝန်းဝန်းပါလား။

မဇနိ said...

ညီမရေ စားစရာတွေရော မိသားစုထမင်းဝိုင်းလေးရော သူငယ်ချင်းတွေ့ဆုံခန်းတွေပါ အားကျသွားတယ်။ ညီမအငယ်လေးကိုလည်း ခေါ်လာပြီဆို အဖော်ရတာပေါ့နော်။ အထီးကျန်ဆန်တာတွေ လွန်မြောက်လာပြီ။ ညီအစ်မနှစ်ယောက် ပိတ်ရက်ဆို လျှောက်လည် အတူတူဟင်းချက်စား။ ပျော်စရာကြီးဖြစ်မယ်။

Anonymous said...

ဟင်း.. ငိုချင်သလိုလိုတောင်ဖြစ်တွားပြီ. ထက်ထက်ကို သနားလို့... :(

ဖိုးသင်္ကြန် said...

"Mama, Im coming home"

Times have changed and times are strange
Here I come, but I ain't the same
Mama, I'm coming home
Times gone by seem to be
You could have been a better friend to me
Mama, I'm coming home

You took me in and you drove me out
Yeah, you had me hypnotized
Lost and found and turned around
By the fire in your eyes

You made me cry, you told me lies
But I can't stand to say goodbye
Mama, I'm coming home
I could be right, I could be wrong
Hurts so bad, it's been so long
Mama, I'm coming home

Selfish love yeah were both alone
The ride before the fall
But I'm gonna take this heart of stone
I just got to have it all

Chorus
I've seen your face a hundred times
Everyday we've been apart
I don't care about the sunshine, yeah
cause mama, mama, I'm coming home
I'm coming home


http://www.imeem.com/people/LO_4IB-/video/LSevt9ey/ozzy-osbourne-mama-im-coming-home-music-video/

Want to cry really... !_!

BLACK DREAM said...

လုပ်ကြပါ လုပ်ကြပါ..။ ရှင်တို့က ရဲတွေပဲ..။ အဟင့် YKKO က ကြေးအိုးခွက်ကြီးကြည့်ပြီးတော့ တိုက်ပေါ်က ခုန်ချခြင်စိတ်ပေါက်သွားတယ်.။ အီးးး

လင်းဦး(စိတ်ပညာ) said...

ဟိုက်ရှားပါ.. စားသဗျ... တော်တော်ပျော်တဲ့ပုံပဲ။ အမြဲတမ်းပျော်နိုင်ပါစေ....

Yellow Cloud said...

မမ ကိုပြန်တာတောင် လိုက်မနှုတ်ဆက်လိုက်ရဘူး။ ငွေဆောင်ကပြန်ရောက်ပြီး နောက်တပတ်မှာ သထုံကို အားခြင်းထသွားဖြစ်လိုက်လို့ပါ။
မမ နောက်တခါပြန်လာရင် မောင်လေးခွင့်ရတဲ့ရက်ပဲပြန်လာနော်။..

ဒါမှ မောင်နှမတွေကို အားလုံးမြင်ဖူးမှာ။

စိတ္တသုခနှင့် ပြည့်စုံပါစေ။
Yellow Cloud

Anonymous said...

လုံး......၀ မနာလိုဘူး..ဟင်းနော်

ရွှေပြည်သူ said...

ညီမလေးရဲ့ အိမ်ပြန်မှတ်တမ်းကို စာနဲ့အတူ လိုက်ပါစီးမျောရင်း... ခံစားချက်မျိုးစုံကို ခံစားရင်း... အားကျရင်းနဲ့ ဖတ်သွားပါတယ်...

Moe Myint Tane said...

အိမ်ပြန်ဇိမ်ခံတာ သုံးပတ်ဆိုတော်ရောပေါ့ ငါ့ညီမရယ်။
ဒါပေမယ့် ငါညဉ်းကို နှစ်လလောက်တော့နေစေချင်တယ်။
ဒါမှ ဖိုးဝရုပ်ဘ၀ကနေညဉ်းလွတ်သွားမှာ။ ဟဲ ဟဲ စတာပါညီမရေ။ ဒီလိုဘဲပေါ့ကွာ ပျော်ရာမှာမနေရ တော်ရာမှာနေရပေါ့ ။ ဆက်လက်ချီတက်ကြပါဦးစို့။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မိုးခါး said...

ပုံတွေ အားရအောင် ကြည့်သွားပါတယ် ..း) လွမ်းလိုက်တာ