သိပ်မကြာသေးခင်ကပဲ သက်ပိုင်သူက တက်ဂ်ထားပြီးတာ ဖြစ်နေပေမယ့် အစ်ကို ကိုလင်းဦးက ထပ်ရေးပါဦးဆိုလို့ နောက်တစ်ခါ ထပ်တင်လိုက်ပါတယ်နော်။ ( အသစ်မတင်နိုင်သေးခင် ဆားချက်တယ်လို့ ပြောရင်လည်း ရပါတယ် :P )
လူတစ်ယောက်မှာ မွေးလာကတည်းက ဗီဇ၀ါသနာဆိုတာ ရှိကြပါတယ်။ တစ်ချို့ကလည်း ငယ်ငယ်လေးကတည်းက သူဘာကိုဝါသနာပါတယ်ဆိုတာ ပေါ်လွင်နေတတ်သလို တစ်ချို့ကလည်း စိတ်ငြိမ်တဲ့အရွယ်ရောက်မှ သူ့ဝါသနာက ပိုထင်ရှားလာတတ်တာပါ။ လူသားထဲက လူတစ်ဦးဖြစ်တဲ့ ကျွန်မလည်း ဘာတွေဝါသနာပါလဲ။ သက်ပိုင်သူကြောင့် ကျွန်မရဲ့ဝါသနာတွေကို တစ်ခုချင်းစီပြီး စဉ်းစားဖြစ်သွားတယ်။ ထွေထွေထူးထူးတော့ မရှိပါဘူး။
မွေးကတည်းက တစ်ယောက်တည်း ဆိတ်ငြိမ်စွာနေရခြင်းကို ကြိုက်ပါတယ်။ ငယ်ငယ်ကဆိုရင် အမေက မီးဖိုချောင်မှာ ဟင်းသွားချက်မလို့၊ သမီးဒီနားမှာ ခဏထိုင်နေဆိုရင် အမေပြန်လာခေါ်တဲ့အထိ ထားခဲ့တုန်းက အတိုင်းပါပဲ။ တစ်လက်မမှ မရွေ့ပါဘူး။ အဲ့လောက်ထိ ငြိမ်တာပါ။
တစ်ယောက်တည်းနေတဲ့အခါ မပျင်းဘူးလားလို့ ထပ်မေးပါ။ မပျင်းပါဘူး။ စာအုပ်တစ်အုပ်နဲ့ ခဲတံတစ်ချောင်း ဒါမှမဟုတ် ကျောက်သင်ပုန်းနဲ့ ကျောက်တံရရင် ငြိမ်ဆေးပါပဲ။ ကလေးဆိုတော့ ဘာမှလည်း မရေးတတ်သေးပါဘူး။ ဒါပေမယ့် လျှောက်ခြစ်တာပေါ့လေ။ အဲ့ဒါကိုကြည့်ပြီး လူကြီးတွေက ဒီကလေး စာဂျပိုးဖြစ်မယ်လို့ ထင်ကြေးပေးကြတယ်။ :P
စာမဖတ်ပဲလည်း တစ်ယောက်တည်း ငြိမ်နေတတ်ပါတယ်။ တွေးချင်ရာလျှောက်တွေးနေတာပါ။ ဘယ်သူနဲ့မှ အခြေအတင်စကားမပြောရရင်ပြီးရော စိတ်ကူးတွေထဲမှာ ပျော်ပါတယ်။
နည်းနည်းသိတတ်လာတာနဲ့အမျှ စာဖတ်တာဝါသနာပါတယ်လို့တော့ ကိုယ့်ကိုယ်ကိုသိလာပါတယ်။ တွေ့သမျှစာအကုန်လိုက်ဖတ်တာပါ။ ငယ်ငယ်က အမေနဲ့ရုံးကိုလိုက်တဲ့အခါ အမေ့အလုပ်က စာရင်းဇယားတွေပါမကျန် စာလုံးမြင်တာနဲ့ အကုန်ဖတ်ရော။
နောက်တစ်ခုက လမ်းသွားရင် တအားငေးတတ်တာပါ။ ဘာငေးတာလဲဆိုတော့ ရန်ကုန်မြို့ထဲမှာဆိုရင် ဆိုင်းဘုတ်တွေများတယ်၊ ဆိုင်တွေများတယ်လေ။ အဲ့ဒါတွေလိုက်ဖတ်၊ လျှောက်ကြည့်ရင်း ငေးမိသွားတာပါ။
အသက်နည်းနည်းကြီးလာတော့ ၁၅နှစ်၊ ၁၆နှစ်လောက်မှာပေါ့နော်။ ရသစာပေတွေဖတ်ရတာကို သိပ်သဘောကျလာတယ်။ ပြီးတော့ ကိုယ့်ဟာကိုယ် လက်တည့်စမ်းရေးကြည့်တတ်တယ်။ စာလေးတစ်ကြောင်းရေးပြီး ကိုယ့်ဟာကိုယ် အကြိမ်ကြိမ်ပြန်ဖတ်၊ မချောဖူးထင်ရင် ပြန်ပြင်ရေး။ နောက်တစ်ခါ စာရေးဆရာတွေ ရေးတဲ့စာထဲက ကိုယ်ရေးတဲ့စာနဲ့ ဆိုလိုရင်းတူပြီး ရေးပုံကွဲနေရင် ငါရေးချင်တာကို ဒီလိုလည်းရေးလို့ရသေးပါလားလို့ မှတ်ထားလေ့ရှိတယ်။
စာအုပ်ဖတ်တာ၊ စာရေးတာ ၀ါသနာပါပြီးတော့ စာသင်တာလည်း ၀ါသနာပါတယ်။ ကျောင်းတက်တုန်းက သူများကို စာရှင်းပြဖို့ဆိုရင် ကိုယ့်ထမင်းချိုင့် ကိုယ်ဆွဲပြီး အာပေါက်အောင်၊ အမြှုပ်ထွက်အောင် ကိုယ်သိတာမှန်သမျှ တစ်လုံးမချန် ရှင်းပြတတ်ပါတယ်။ ( သက်ပိုင်သူ အသိဆုံးဖြစ်ပါတယ်။ )သူများကို စာရှင်းရမယ်၊ စာသင်ရမယ်ဆိုရင် ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်သူ့ကို ဖြစ်ဖြစ် စေတနာရှိပါတယ်။ အဲ့လောက်ထိ ၀ါသနာပါတာပါ။ တစ်နေ့နေ့ကျရင် ဆရာမလုပ်မယ်ရယ်လို့လည်း ရည်ရွယ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မဖြစ်ခဲ့ပါဘူး။
မြို့ပြအင်ဂျင်နီယာတစ်ယောက် အနေနဲ့ အဆောက်အဦးတွေကိုလည်း စိတ်ဝင်စားတယ်။ QS ရယ်လို့ဖြစ်လာတော့ ဆောက်လုပ်ရေးပစ္စည်းတွေကို ပိုပြီး လေ့လာမိတယ်ဆိုရင် မမှားပါဘူး။
ဈေးဝယ်ရတာလည်း ၀ါသနာပါတယ်။ ဘာတွေဝယ်သလဲဆိုရင်တော့ ကိုယ့်အတွက်ဝယ်တာနည်းတယ်။ မြင်မြင်သမျှ သူများအတွက်ပဲ လျှောက်ကြည့်ပြီး အဆင်ပြေမယ်ထင်တာတွေ ၀ယ်တာပဲ။ ရန်ကုန်တုန်းကဆိုရင် ယုဇနပလာဇာကို လေးထပ်လုံး ၃ခါလောက် အစအဆုံးတက်လိုက်ဆင်းလိုက်နဲ့ ပတ်ပြီး ၀ယ်တတ်ပါတယ်။ ကိုယ့်အတွက် အပင်ပန်းခံပြီး ရှာဝယ်တတ်တာက လက်ကိုင်အိတ်နဲ့ ဖိနပ်။
ဝယ်လာတဲ့ပစ္စည်းကို အလှကြည့်တတ်တာလည်း ကျွန်မရဲ့ ၀ါသနာတွေထဲမှာပါတယ်။ သုံးတာလည်း မဟုတ်ဖူး။ ကြည့်နေရရင် ကျေနပ်နေတာပဲ။ :P
မိန်းကလေးဆိုတော့ အလှအပတော့ စိတ်ဝင်စားမယ်လို့ ထင်မိရင် မှားပါမယ်။ GreenGirlက မျက်နှာအလှအပထက် လက်ချောင်းခြေချောင်းတွေကို အလှပြင်ရတာ ပိုကြိုက်ပါတယ်။ လက်သည်းခြေသည်းဆိုးခြင်း ၀ါသနာပါ၏။ အခုတော့ မဆိုးဖြစ်တာကြာပါပြီ။ လက်သည်းအရှည်လည်း ကြိုက်တယ်။
သီချင်းလည်း နားထောင်တတ်ပါတယ်။ ဒါပေမယ့် လိုက်ရှာရတာတော့ ပျင်းတယ်။ အသည်းအသန် လိုချင်တဲ့ သီချင်း၊ ကြိုက်မိတဲ့သီချင်းဆိုရင်တော့ ဇွဲကောင်းကောင်းနဲ့ ရှာပါတယ်။ :)
အကြောင်းအရာတစ်ခုကို အစရရင် ရေဆုံးမြေဆုံး လိုက်တတ်တာလည်း ၀ါသနာလို့ပဲ ပြောရမလားပဲ။ ဘယ်အကြောင်းအရာက ဘယ်လိုဇစ်မြစ်ကနေ စလာတယ်ဆိုတာကို စိတ်ဝင်တစား လေ့လာတတ်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ ၀ါသနာတူခြင်းတွေ့ရင် စာအကြောင်းပြောရတာ၊ နားထောင်ရတာကို နှစ်သက်ခြင်းပါပဲ။ မယုံရင် သက်ပိုင်သူနဲ့ အလှတရားကို မေးကြည့်ပါ။ အဲ့ဒီအချိန်မှာ GreenGirl မစားမသောက်မအိပ်ပဲ စကားပြောပါတယ်။
ထူးခြားတာတော့ မပါဘူးနော်။ ဒီထဲမှာ မပါတာဆိုရင် ၀ါသနာမပါဘူးလို့ မှတ်ပေါ့နော်။ တာဝန်အရလုပ်ရတဲ့ ကိစ္စမျိုးတွေတော့ ရှိတာပေါ့လေ။ စိတ်ဝင်စားလို့တော့ မဟုတ်ဖူး။ ဒီလောက်ဆိုရင် ၀ါသနာအကြောင်း လုံလောက်ပြီ ထင်ပါတယ်။ ဘုံ အထပ်၂၀ ဒီဇိုင်းများအလည်မှာ ရယ်ကာမောကာ မျက်နှာငွေလ ရွှင်ပြပြနဲ့ သက်ပိုင်သူ ၀မ်းမြောက်ပါလေတော့...။

9 ယောက်ဝေဖန်သွားတယ်:
ဖတ်သွားသည်။ :P
ဟီး ဟီး ဖွလိုက်ဦးမယ်.. ကျန်သေးတယ်လေ...။ ရန်တွေ့ရတာလည်းဝါသနာပါတယ်မဟုတ်လား..။ စိတ်ဆိုးရဝူးနော်..။ ခင်လို့စတာ...။ :D
မမ.. ပြန်လာရင် ညီမလေးဖို့ ဘာဝယ်လာမှာလဲ....
လက်သည်း အလှပြင်တာ ညီမလေးလည်း ကြိုက်တယ်.. ဟိုတရက်က သွားပြင်တာ ဘတ်(၇၀)ပဲပေးရတယ်... တန်တယ်လို့ထင်တာပဲ...:D
ဘော်ဒါရေ ကိုယ်နဲ့ ၀ါသနာတူရင် ကိုယ့်လို ဖြစ်မဗျ..
သတိထားပေတော့။ :D
ဟား.. ဟား.. နာ့ကို တိုင်တည်ပြီးတော့ အကုန်လုံးပြောသွားတယ်ပေါ့. ရဘူး အကုန်မှားတယ်..... ဟီးဟီးး နင့် ဆီမှာ တစ်ခုရှိသေးတယ်။ ၀ါသနာလေ။ ဟ.. ဟ.. အရုပ်ချစ်တဲ့ ၀ါသနာလေ... ဘာကြောင့်ချစ်လဲတိုတာ.. တော်ပီ.. ဖွတော့ဘူး... ခွိ.. ခွိ
ဝါသနာတူ ချင်း တွေ့ရင် စာအကြောင်း မအိပ်ပဲ ပြောနိုင်တယ် ဆိုလို့ တီ တောင် တခါ က ကြည့်ဖူးတဲ့ jane austin book club ဆိုတဲ့ အခွေလေး ကြောင့် အဲလိုလုပ်ချင်နေတာ နောက် ကြုံရင် တို့တွေ ပြောကြတာပေါ့ တို့ ကတော့ ဂျူး စာဖတ်အဖွဲ့ ဖြစ်ဖြစ် လုပ်မယ်လေနော်
ဟိုက်ရှားပါ... ကိုယ့်ညီမကတော့ မစားမသောက်ပဲ စကားပြောတယ် ဆိုပါလား ......စာပေအကြောင်း စိတ်ဝင်စားတာ ၀မ်းသာတယ်...
သူလဲ နာ့လိုပဲ ၀ါသနာပါရတာကို ၀ါသနာပါပုံရတယ် :P
ဝါသနာလေးတွေ မှတ်သားသွားပါတယ်ဗျား။
Post a Comment