တောင်လေရူးတွေ လာနေပြီ 'ကဗျာ'
သင်းပျံ့တဲ့ရနံ့၊
ဝင်းဖန့်တဲ့အဆင်း၊ ပင်မင်းရဲ့ပိတောက်
ဘယ်လိုပင် ထိန်ထိန်တောက်ပေမယ့်
သိပ်လှတဲ့ငါ့ချစ်သူ ကြည်ဖြူစွာနမ်းရှိုက်
ပန်လိုက်မှလှမယ်။
အခုတော့...
ချစ်သူကိုမမြင်
ငါ့ရင်မှာ လွမ်းရလွန်းလို့
ပြင်းပြလွန်းတဲ့နေအောက်
မွှေးမြလွန်းတဲ့ပိတောက်တွေရေ...
ချစ်ရလွန်းသူ ဒီတစ်ယောက်မှာတော့
ရင်နေပူအောက်... ဆိုသည့် မတောက်တခေါက် ကဗျာတစ်ပိုင်းတစ်စနှင့် ချစ်သူကို သိပ်လွမ်းခဲ့ရသော နွေရက်များကို ခံစားမိခဲ့ဖူးသည်။
"အခံရခက်သော အလွမ်းနာ"သည် ချစ်တတ်သော နှလုံးသားတစ်စုံအတွက် "တစ်သက်စာဆုလာဘ်"ဟု မှတ်ယူခဲ့ပါသည် "ကဗျာ"...
သိပ်ကို သာယာပြာစင်နေတဲ့ ကောင်းကင်ရင်ခွင်အောက် ရွက်ခြောက်ကျိုးကျဲသစ်တစ်ပင်ကိုမှီရင်း လွတ်လပ်ခြင်းရဲ့ အရသာကိုခံစား၊ အပြာရောင်ပိတ်ကားနောက်ခံမှာ ရိုးတံကျဲတဲ ပင်အိုတွေကလည်းလှပ၊ ခပ်ဖျော့ဖျော့တိုက်ချလိုက်တဲ့ လေပူနွေးတစ်ချို့ရဲ့ ဖျားယောင်းမှုမှာ ရော်ဝါရွက်တွေရဲ့ ကကြိုးကကွက်တွေက ဆန်းသစ်... ဒါ... နွေဦးရဲ့ ရွက်နုသစ်တွေပေါ့ "ကဗျာ"...
ပုရစ်ဖူးတွေကဝေ၊ တမာတွေကလည်းနုလို့ ငှက်ကျေးတွေဥတဲ့ ဒီလိုအချိန်မှာ
ငါလေ... အိမ်ပြန်စရာမရှိတဲ့ ဥသြငှက်တစ်ကောင်ရဲ့ အလွမ်းဖွဲ့တေးနဲ့ မင်းဘေးမှာနေခဲ့တဲ့ကာလကို သိပ်တမ်းတပါရဲ့ "ကဗျာ"ရယ်...
မင်းရဲ့ဂရုဏာမိုးနဲ့ မြေသင်းနံ့တွေကိုပျိုးယူ၊ မင်းရဲ့အကြင်နာမိုးစက်နဲ့ ပိတောက်ခက်တွေလတ်ဆတ်၊ စက်စက်ယိုအောင်လှခဲ့တာ ငါ့ပျော်ရွှင်ခြင်းတွေပေါ့"ကဗျာ"...
"မြနန္ဒာ"လိုတေးသွားမျိုးကို မရိုးတမ်းစွဲမက်၊
ငုဝါပန်းတွေရဲ့ ယိမ်းကကွက်ကို မလွတ်တမ်းရှုစား၊
မင်းဟာငါ့ရဲ့ တော်ဝင် "မဖုရား"ပါ...
မဖုရားရဲ့ ရင်တွင်းက ခါတော်မှီသင်္ကြန်သီချင်းတွေလွင့်ပျံ့၊ ဖယောင်းရနံ့သင်းနေတဲ့ သင်္ကြန်ထမင်း တွေကလည်း လတ်ဆတ်၊ ချစ်တတ် လွမ်းတတ် ခံစားတတ်တဲ့ ငါ့ရင်ဘတ်နဲ့သာ တစ်စိုက်မတ်မတ် နမ်းရှိုက်လိုက်ချင်ပါရဲ့ "ကဗျာ"။
ငုဝါ၀ါတွေ၊ နီတျာတျာစိန်ပန်းတွေကိုပန်ဆင်၊ တစ်မြေခြားက ပြန်ချင်နေတဲ့ငါ့ကို မင်းညှို့ငင်လေသလား...
ဟော... "တောင်လေရူးတွေ လာနေပြီကဗျာရေ..."
မွှေးအီတဲ့ရနံ့တစ်ချို့ကို မခို့တရို့သယ်ဆောင်ရင်း ကျွန်တော့်ရင်တွင်းကို မွှေနှောက်လို့ အလွမ်းတွေ တတောက်တောက်ကျရင်း ရင်ကွဲနာသီချင်းတွေ ရေးခွင့်မရှိတဲ့ဘ၀ကိုလည်း ကျွန်တော်စက်ဆုပ်လှပြီ။
"သာမာန်ခံစားတတ်တဲ့ နှလုံးသားတစ်ခုကို ပိုင်ဆိုင်သည့်သားတစ်ယောက်"အဖြစ် မွေးထုတ်မပေးခဲ့တဲ့ အမေ့ကိုသာ မချိတင်ကဲ အပြစ်ဆိုရမှာလား။
"ခံစားထိရှလွယ်တဲ့ ကျွန်တော့်ရဲ့ ဘယ်ဘက်ရင်အုံ"ကိုသာ ခပ်ဖွဖွ ချော့မော့ ဖြောင်းဖျ နားချရမှာလား။ ဒီမေးခွန်းနှစ်ခုနဲ့ ပွေ့ဖက်အိပ်စက်နေခဲ့ရတဲ့ ကျွန်တော့်ညတွေကို မြင်လှည့်ပါဦး "ကဗျာ"...
ရေငတ်နေတဲ့ ဆောင်းညတွေအလယ်မှာ...
မြတ်နိုးလွမ်းဆွတ်မှုနဲ့ ရင်ကွဲလုလုခံစားချက်တွေက မင်းမူ။ ကြေကွဲနာကျင်မှုနဲ့ ရုန်းကြွလုလုဒေါသတွေက ကြီးစိုး၊ မချိတင်ကဲဝေဒနာအတွက် "ပြတ်ကျလုလုနှုတ်ခမ်းတစ်စုံ"နဲ့ အသားမာတက်နေတဲ့ လျှာဖျားမှ "တောက်ခေါက်သံ"တွေက နေရာယူ၊ ဒီရင်ပူစရာအရပ်ကို ပက်ပက်စက်စက်မုန်းနေပြီ "ကဗျာ"...
ကျွန်တော်ပြန်လာတဲ့အခါ...
"လောကမှာ ငွေရှိရင်ဘာမဆိုဖြစ်ကြောင်း မဟောင်းနိုင်အောင် ပြောတတ်တဲ့နှုတ်ခမ်းတွေ"၊ အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ် နှစ်ကို "ဒီဒေသ"မှာ ပြားပြားဝပ်ကျခံနေကြရကြောင်း အတာရေလောင်းရင်း ပြောပြမယ် ကဗျာ...
ပြီးတော့.... ရိုးသားစွာ ၀န်ခံပါရစေ ကဗျာ...
"မြန်မာဆိုတဲ့ မင်းကို ကျွန်တော်သိပ်ချစ်တတ်လာပြီ"...
ရေးသားသူ... အတာ
ဒီပို့စ်လေးမှာ ထည့်ရေးခဲ့ဖူးတဲ့ သူငယ်ချင်းပြည့်ဖြိုးရယ်၊ ကျွန်မရယ်... စင်္ကာပူမှာ ပိတောက်ပန်းတွေ ပထမဆုံးပွင့်တဲ့နေ့က ပိတောက်ပန်းတွေကြောင့် မြန်မာပြည်ကို တမ်းတမ်းတတ ဖြစ်ရကြောင်း စကားစပ်မိခဲ့ကြတယ်။ ဒါနဲ့ မြန်မာပြည်ရဲ့ "နွေ"ကို စိတ်ထဲရှိသမျှ စာတစ်ပုဒ်အဖြစ် ရေးချကြအောင်ဆိုပြီး ပြည့်ဖြိုးက အဆိုပြုလာတာကြောင့် သူတစ်ပုဒ်၊ ကျွန်မတစ်ပုဒ် ရေးဖြစ်ခဲ့တယ်။ နှစ်ယောက်စလုံး တိုင်ပင်မထားပဲ တစ်ယောက်တစ်နေရာစီ ရေးခဲ့ပေမယ့် အားလုံးပြီးလို့ အပြန်အလှန်ဖတ်ကြည့်တဲ့အခါ... စာအသွားအလာက ဆင်တူဖြစ်နေလို့ အံ့သြရပါတယ်။
သူငယ်ချင်းနှစ်ယောက်ရဲ့ ရင်တွင်းဖြစ်ရေးဖွဲ့မှုကို စာဖတ်သူအားလုံး ဖတ်ရှုခံစားလို့ရအောင် ပို့စ်တစ်ခုအဖြစ် ဘလော့ခ်ပေါ်တင်လိုက်ပါတယ်။ "လွမ်းသုရင် နဲ့ အတာ" ရဲ့ "နွေလွမ်းချင်းလေးတစ်ပုဒ်"ကို ထပ်တူထပ်မျှ ခံစားပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း...။
...........................
ဥသြငှက်၏ နွေလွမ်းချင်း
ဥသြငှက်၏ နွေလွမ်းချင်း
နွေ...
ပန်းကလေးတွေနွမ်း
စမ်းကလေးတွေခမ်း
သစ်ရွက်တွေကြွေ
ဥသြတေးခြွေတဲ့
ဤကာလကို သတ်မှတ်ခေါ်စေ
"ဂိမာန်နွေ" တဲ့...
ဂျီတီအိုင် ပထမနှစ်သင်တန်း၊ ဒုတိယနှစ်ဝက် ကျောင်းပြန်ဖွင့်ချိန် မတ်လဆန်းလောက်မှာ ကျောင်းခန်းထဲက ပြူတင်းပေါက်နားမှာထိုင်ရင်း ခြစ်ခြစ်တောက် နေရောင်အောက်မှာ အရည်မပျော်ရုံ ပျော့အိနေတဲ့ ကျောင်းအ၀င်ကတ္တရာလမ်းလေးရယ်၊ ခြောက်သွေ့အက်ကွဲတော့မတတ် မြေနီနီဂ၀ံလမ်းကလေးနဲ့ လမ်းမကြီးတစ်ဖက်တစ်ချက်က ရေနုတ်မြောင်းတွေရယ်၊ လေတစ်ချက်ဝေ့သွားတိုင်း သစ်ခက်ခြင်းတိုက်မိတဲ့ တရှဲရှဲအသံနဲ့အတူ မြေပြင်ပေါ်ကို တဖျောဖျောကြွေကျရရှာတဲ့ မလေးရှားပိတောက် ရွက်ခြောက်လေးတွေ၊ ကျောင်းဝင်းထိပ်ပိတောက်ပင်ပေါ်က ပိတောက်ရွက်ဝါလေးတွေ၊ ဘယ်ဆီကအသံလာလို့ လာမှန်းမသိပေမယ့် တစ်ချက်တစ်ချက် သာသာယာယာ ကြားရတတ်တဲ့ ဥသြ... ဥသြဆိုတဲ့ အသံလေးတွေကို နားစွင့်မိရင်း "နွေ" ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို ဘာကိုလွမ်းလို့ လွမ်းမှန်းမသိ ခပ်ဆွေးဆွေးလေး ရေးဖွဲ့ခဲ့ဖူးသည်။ ပထမဆုံးအကြိမ် "နွေ" ဆိုတာကို ခံစားပြီး စာဖွဲ့မိခဲ့ခြင်းမျှသာ...။
အဲ့ဒီနောက်ပိုင်းတော့ ခံစားမှုတွေကပဲ မနူးညံ့တော့တာလား၊ စာတွေကဗျာတွေထက် အရေးပါတာတွေကပဲ စိတ်ထဲမှာ နေရာယူသွားသလား မပြောတတ်ခဲ့။ နွေဆိုတာ သူ့အချိန်တန်ရင် ပူလာသလို၊ မိုးဆိုတာလည်း သူ့ရာသီမှာ ရွာခဲ့။ ရာသီစက်ဝန်းတွေလည်း အချိန်နဲ့အမျှ ရွေ့လျားလည်ပတ်နေသလို အသက်တွေလည်း ကြီးလာကြ။ ဘ၀အခြေအနေတွေလည်း ပြောင်းလဲလာကြ။ မိုးကျချိန်မှာ ကျောင်းတွေဖွင့်မယ်၊ နွေရာသီမှာ ကျောင်းပိတ်မယ်ရယ်လို့ ငယ်ငယ်ကလို သတ်မှတ်ထားခြင်းမှ မရှိတော့ပဲလေ။ မိုးပဲရွာရွာ၊ နေပဲပူပူ၊ ဆောင်းပဲချမ်းချမ်း ဘာမှပြောင်းလဲသွားခြင်းမရှိတဲ့ ဘ၀သံသရာထဲမှာ လှုပ်ရှားလည်ပတ်နေကြ...။
ဒီလိုနဲ့ ခုနစ်နှစ်ကျော်ကြာ ဖြတ်သန်းလာခဲ့မိပြီ။ သည်ကနေ့နံနက် ရုံးပေါ်ကိုအရောက် မှန်ပြုတင်းကနေ အပြင်ကိုငေးမိတဲ့အခါ... ရွှေအိုရောင် တလက်လက်ထနေတဲ့ ပိတောက်ပန်းတွေက တစ်ပင်လုံးလှပနေလိုက်ကြတာ။ ကြည့်နေရင်း စိတ်ကူးထဲတွင် ပန်းတောက်ပန်းရနံ့များ သင်းပျံ့သွားမိ။ သြော်... ပိတောက်တွေတောင် ပွင့်နေမှပဲ။ နွေပီပီသသ ရောက်နေပြီပေါ့ဆိုသည့် အတွေးက တစ်စုံတစ်ခုကို လွမ်းမောစေသည်လေ...။
အင်္ဂလိပ်လို ဧပြီလ၊ မြန်မာလို တန်ခူးလ၊ နွေခေါင်ခေါင်ရာသီချိန်မှာ ခြစ်ခြစ်တောက် ပူနေမည့် အမိမြန်မာပြည်ကို လေအေးပေးခန်းထဲထိုင်ပြီး သက်တောင့်သက်သာ အလုပ်လုပ်နေရသည့် မြန်မာမကလေးတစ်ယောက် တသသနှင့် လွမ်းဆွတ်နေသည်ဟုဆိုလျှင် ပိုသည်ဟုဆိုကြလေမည်လား။ တကယ်ပါလေ... ဘယ်လောက်ပဲ အကျည်းတန်တဲ့ မိခင်ကိုမဆို သားသမီးတိုင်းက ချစ်ကြမြဲဖြစ်သလို၊ ဘယ်လောက်ပဲ ဝေးနေ၊ ဘယ်လောက်ပဲ ပူနေပါစေ၊ သည်အချိန်ဆိုလျှင် မြန်မာတိုင်း မြန်မာပြည်ကို သတိရတတ်သည်လေ။ ပြန်ချင်နေတတ်ကြသည်လေ။ "ဘာကြောင့်"ဆိုတဲ့ မေးခွန်းကိုတော့ မေးနေစရာလိုတော့မည် မထင်။
"နွေဦးကာလ မြူထသောခါ... ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ..." ဆိုသည့် ကဗျာလေးကို ကျက်မှတ်ခဲ့ရစဉ်က နွေခေါင်ခေါင် ဖုန်တွေတလိမ်းလိမ်းမှာ ထန်းတက်နေတဲ့ ထန်းတက်သမားကို မျက်ဝန်းတွင် မြင်ယောင်ကြည့်ခဲ့ဖူးသည်။ "သစ်ရွက်ရော်ရီ ဣန္ဒြရီဝယ် သီင်္ဂီတစ်ဝက် မြတစ်ဝက်နှင့်" ဆိုသည့် လင်္ကာအပိုင်းအစလေးတွေကို စာစီစာကုံးမှာ အသုံးပြုဖို့ စုဆောင်းခဲ့စဉ်က လမ်းသွားရင်း အမှတ်မထင် မြင်ခဲ့ဖူးသော မြစိမ်းရောင်တစ်ဝက်၊ ရွှေဝါရောင်တစ်ဝက် နွေဦးရော်ရွက်ဝါလေးတွေကို အမှတ်ရမိခဲ့သည်။
စာတွေကဗျာတွေထဲက နွေထက် အပြင်လောကနွေက ပိုပြီး စွဲအားပြင်းလှသည်။ အထီးကျန်နေတဲ့ သစ်ကိုင်းခြောက်တွေကလည်း လွမ်းအားပိုစေသည်။ ရွက်ဝါတွေကြွေလွင့်လို့ ပုရစ်ဖူးစပြုတဲ့အခါ နုထွတ် ပျိုမြစ်တဲ့ပသာဒက လွမ်းစိတ်ကို တဖန်ပြန်လည် နိုးထစေပြန်သည်။ ထိုအခိုက်... ၀တ်ဆံလှလှနှင့် ပန်းကံကော်ရနံ့တွေ ထုံသင်းလာသည်။ နွေဦးကံ့ကော်ဆိုတာ ရိုးရိုးစင်းစင်းနဲ့ ဘယ်တော့မှမရိုးသည့် အလှတစ်မျိုး။ ကံ့ကော်တွေ သင်းပြီးပြန်တော့ စိန်ပန်းနီနီတွေ ပင်လုံးကျွတ် ပွင့်ဖူးကြ၏။ မြေတလင်းမှာတော့ ပွင့်ဖတ်အကြွေတွေနဲ့ ပတ္တမြားရောင်တွေ တောက် လို့...
စိန်ပန်းတွေဝေတော့ ငုတွေကလည်း အားကျမခံ ပွင့်ကြပြန်သည်။ စိန်ပန်းနီနီက အဆုပ်လိုက်ပွင့်လို့ လှနေသလို ငုဝါကလည်း အခိုင်လိုက် တွဲလျားလေးတွေကျလို့ မြင်ရသူတိုင်း ကြည်နူးစရာ။ ကံ့ကော်၊ စိန်ပန်း၊ ငုပန်းတွေကပဲ နေရာယူနေကြတော့ ငုပန်းမျိုးထဲက ခရမ်းရောင်လေးတွေ ပွင့်တတ်တဲ့ ငုသိမ်ကလည်း မြန်မာ့မြေကို ခရမ်းရောင်လွှမ်းစေပြန်တာပေါ့။ ဖယောင်းသစ်ခွဆိုတဲ့ ခရမ်းရောင်သစ်ခွ ပန်းကလေးတွေကတော့ သင်္ကြန်ကျမှ ချီချီကြွကြွ ပွင့်ကြပြန်သည်လေ။ ပုပ္ပါးမြေမှာလည်း စကားဝါတွေ ဝေနေလုပြီပေါ့။ အရောင်မျိုးစုံခြယ်လို့ လှချင်တိုင်းလှနေတဲ့ ပန်းချီကားတစ်ချပ်မှာ ပိတောက်ဆိုတဲ့ ဆေးလေးတစ်စက် ပေါင်းဖက်ရေးခြယ်လိုက်တဲ့အခါ မြန်မာပြည်ရဲ့ သဘာဝပန်းချီကားဟာ အတိုင်းမရှိ ပြည့်စုံလှပသွားခဲ့ပြီ။ လွမ်းမိပါသည်။
ပိတောက်ပွင့်၊ ပိတောက်ရနံ့တို့က "လွမ်းမောသည်"ဆိုသည့် စကားလုံးတစ်ခုကို သေသေချာချာနားလည်စေခဲ့ပြီ။ သည်အချိန်ဆိုလျှင် အတာကူးတော့မည်။ မြန်မာနှစ်သစ်ကူးပွဲ၊ သင်္ကြန်ပွဲတော်အချိန် နီးကပ်နေပြီလေ။ နေရာတိုင်းမှာ သင်္ကြန်သီချင်းသံတွေ လွင့်ပျံနေတော့မည်။ လူကြီးတွေကလည်း အခါတွင်းဥပုဒ်သီလယူကြဖို့၊ အလှူအတန်းပြုကြဖို့ ပြင်ဆင်နေသလို လူငယ်လူရွယ်တွေကလည်း ရေပက်ခံလည်ဖို့ ပြင်တဲ့သူလည်း ရှိမည်။ မဏ္ဍပ်မှာရေကစားဖို့ စီစဉ်တဲ့သူလည်း ရှိမည်။ အများအားဖြင့် မိန်းကလေးတွေက ရေကစားဖို့ အားသန်ကြသည်။ နေပူမခံရသောကြောင့် ဖြစ်မည်ထင်သည်။ ဘာပဲဖြစ်ဖြစ် သင်္ကြန်ရေတွေကြားမှာ ပိတောက်ရွှေဝါနဲ့အတူ သင်္ကြန်မလေးတွေရဲ့ ရေစိုအလှဟာလည်း စာဖွဲ့စရာတစ်ခုပင်။
ဈေးဝယ်ထွက်မိသည့်အခါ ပိုလွမ်းရပြန်သည်။ ရှိရှိသမျှ Shopping Center တွေမှာ သင်္ကြန်အသုံးအဆောင်တွေနှင့် ၀ယ်သူတွေစည်ကားနေကြမည်။ စီးတီးမတ်လို၊ စူပါဝမ်းလို နေရာမျိုးမှာ ငုပန်းအတု၊ ပိတောက်ပန်းအတုတွေနှင့် သင်္ကြန်ကိုကြိုနေလိမ့်မည်။ ယုဇနပလာဇာ၊ စိန်ဂေဟာစူပါစင်တာတွေမှာ လူငယ်တွေပျော်ပျော်ပါးပါး ဈေးဝယ်နေကြလိမ့်မည်။ တကယ်ပါပဲ... မျက်လုံးထဲမှာ ကွင်းကွင်းကွက်ကွက်ပေါ်လာရတော့ ပိုပိုလွမ်းသည်။
သင်္ကြန်အကြိုနေ့ဆိုလျှင် အိမ်တိုင်းမှာ အတာအိုးကိုယ်စီနှင့် ကျက်သရေရှိနေဦးမည်။ မြေအိုးထဲမှာ ခုနှစ်နေ့နံပါတဲ့ အညွန့်လေးတွေထိုးလို့ အိမ်ရှေ့မှာ ထားတာဟာ ခုနှစ်ရက် သားသမီးက သင်္ကြန်မှာ လူ့ပြည်ကိုဆင်းလာမယ့် သိကြားမင်းကို ကြိုဆိုတယ်လို့ အဓိပ္ပါယ်ရှိသည်ဟု လူကြီးသူမတွေပြောတတ်သည်ကို မှတ်သားခဲ့ဖူးသည်။ မုန့်လုံးရေပေါ်၊ သာကူ၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း အစရှိသည့် သင်္ကြန်အစားအစာများကို စတုဒီသာကျွေးမွေးတတ်ကြသည့် အလေ့အထမှာလည်း အင်မတန်ချစ်စရာကောင်း၏။
နှစ်ဆန်းတစ်ရက်နေ့မနက်မှာ မိသားစုတစ်ခုခြင်းအားဖြင့် ဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ ဘေးမဲ့လွှတ်ပွဲများဖြင့် ကုသိုလ်ပြုတတ်သည်။ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းလှီးပေးခြင်း စသည့်ကောင်းမှုကုသိုလ် အစုစုတို့ဖြင့် နှစ်သစ်ကိုကြိုကြသည်။ ညနေဘက် နေ၀င်ရီတယောမှာ ရပ်ကွက်တိုင်း၊ လမ်းတိုင်းမှာ ဆရာတော်များပင့်ဖိတ်ပြီး ပရိတ်တရားများ ရွတ်ဖတ်ကြဦးမည်။ တွေးမိလေလေ တမ်းတမိလေလေ၊ သတိရလေလေ... အတာရေ...။
တွေးနေရင်းနဲ့ပဲ အပင်ပေါ်က ပိတောက်ပွင့်ဖတ်လေးတွေ လေပြေနဲ့အတူ လွင့်ကျလာပြန်ပြီလေ။ ကွန်ကရစ် ပလက်ဖောင်းပေါ်မှာ ပိတောက်ပွင့်ဝါ၀ါလေးတွေနဲ့ ဖုံးလွှမ်းနေပြီ။ ဆွေးမြေ့တဲ့စိတ်နဲ့အတူ ပိတောက်ပင်အောက် အပြေးလှမ်းလို့ ပွင့်ဖတ်လေးတွေကို တယုတယ ကောက်ယူရှိုက်နမ်းမိစဉ် တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ဖြာသွားရသည်။ အဝေးတစ်နေရာဟာ ဘယ်လောက်ပဲလှလှ၊ နေသားကျကျ၊ မြန်မာ့ရေ၊ မြန်မာ့မြေ၊ မြန်မာ့နွေရဲ့ အလှတွေကိုတော့ တုမမီနိုင်။ ဥသြငှက်ငယ်၏ တေးသံသာသည် မိခင်မြေရဲ့ နွေကိုလွမ်းမောနေသည့် မြန်မာမလေးတစ်ယောက်၏ နားထဲတွင်တော့ လွမ်းချင်းတစ်ပုဒ်သာ...။
ရေးသားသူ ... လွမ်းသုရင်

..............................
ဒီပို့စ်လေးမှာ ထည့်ရေးခဲ့ဖူးတဲ့ သူငယ်ချင်းပြည့်ဖြိုးရယ်၊ ကျွန်မရယ်... စင်္ကာပူမှာ ပိတောက်ပန်းတွေ ပထမဆုံးပွင့်တဲ့နေ့က ပိတောက်ပန်းတွေကြောင့် မြန်မာပြည်ကို တမ်းတမ်းတတ ဖြစ်ရကြောင်း စကားစပ်မိခဲ့ကြတယ်။ ဒါနဲ့ မြန်မာပြည်ရဲ့ "နွေ"ကို စိတ်ထဲရှိသမျှ စာတစ်ပုဒ်အဖြစ် ရေးချကြအောင်ဆိုပြီး ပြည့်ဖြိုးက အဆိုပြုလာတာကြောင့် သူတစ်ပုဒ်၊ ကျွန်မတစ်ပုဒ် ရေးဖြစ်ခဲ့တယ်။ နှစ်ယောက်စလုံး တိုင်ပင်မထားပဲ တစ်ယောက်တစ်နေရာစီ ရေးခဲ့ပေမယ့် အားလုံးပြီးလို့ အပြန်အလှန်ဖတ်ကြည့်တဲ့အခါ... စာအသွားအလာက ဆင်တူဖြစ်နေလို့ အံ့သြရပါတယ်။
သူငယ်ချင်းနှစ်ယောက်ရဲ့ ရင်တွင်းဖြစ်ရေးဖွဲ့မှုကို စာဖတ်သူအားလုံး ဖတ်ရှုခံစားလို့ရအောင် ပို့စ်တစ်ခုအဖြစ် ဘလော့ခ်ပေါ်တင်လိုက်ပါတယ်။ "လွမ်းသုရင် နဲ့ အတာ" ရဲ့ "နွေလွမ်းချင်းလေးတစ်ပုဒ်"ကို ထပ်တူထပ်မျှ ခံစားပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း...။

8 ယောက်ဝေဖန်သွားတယ်:
ဟွန်း.. နင်လုပ်မှ.. သင်္ကြန်ကို ပြန်လွမ်းလာပြန်ပီ....
မပြန်ရလို့ကတော့... ရှိသမျှဒေါသတွေ နင့်လည်ပင်းပေါ် လာညှစ်ချမယ်..
ဘာမှတ်နေလဲ... ဟွန့်....
သင်းပျံ့တဲ့ရနံ့၊
ဝင်းဖန့်တဲ့အဆင်း၊ ပင်မင်းရဲ့ပိတောက်
ဘယ်လိုပင် ထိန်ထိန်တောက်ပေမယ့်
သိပ်လှတဲ့ငါ့ချစ်သူ ကြည်ဖြူစွာနမ်းရှိုက်
ပန်လိုက်မှလှမယ်။
အခုတော့...
ချစ်သူကိုမမြင်
ငါ့ရင်မှာ လွမ်းရလွန်းလို့
ပြင်းပြလွန်းတဲ့နေအောက်
မွှေးမြလွန်းတဲ့ပိတောက်တွေရေ...
ချစ်ရလွန်းသူ ဒီတစ်ယောက်မှာတော့
ရင်နေပူအောက်...
ကဗျာကတော့ ကောင်းပါ့ဗျာ.. ရေးထားတာလေးတွေကလည်း တော်တော်လေးကို အလွမ်းတွေစီနေတယ်ထင်ပါ့
သင်းပျံ့တဲ့ရနံ့၊
ဝင်းဖန့်တဲ့အဆင်း၊ ပင်မင်းရဲ့ပိတောက်
ဘယ်လိုပင် ထိန်ထိန်တောက်ပေမယ့်
သိပ်လှတဲ့ငါ့ချစ်သူ ကြည်ဖြူစွာနမ်းရှိုက်
ပန်လိုက်မှလှမယ်။
အခုတော့...
ချစ်သူကိုမမြင်
ငါ့ရင်မှာ လွမ်းရလွန်းလို့
ပြင်းပြလွန်းတဲ့နေအောက်
မွှေးမြလွန်းတဲ့ပိတောက်တွေရေ...
ချစ်ရလွန်းသူ ဒီတစ်ယောက်မှာတော့
ရင်နေပူအောက်...
အဲဒီအပိုဒ်ကို ပိုကြိုက်မိနေတယ်.. စာကိုစစဖတ်ချင်း ရင်ထဲ “ဒုန်း”ကနဲ ၀င်လာတယ်ဗျ။
အတာဆိုတဲ့ သူငယ်ချင်းရေ.. ကဗျာမှာအရေးညက်လှသလို စကားပြေစီးဆင်းမှုကလည်း အားရစရာပါလားဗျာ။ မစိမ်းမေနဲ့မှ တွဲရေးပြီဆိုကတည်းက အရေးအသားကောင်းတာ သိပ်တော့မဆန်းဘူးပေါ့။ :)
သင်္ကြန်ကိုမလွမ်းတတ်ပေမယ့် မြန်မာပြည်ကိုတော့
စက္ကန့်နဲ့အမျှလွမ်းတယ်
အရေးအသားတွေ ကောင်းချက်က
ကမ်းကုန်ပဲ။
မြန်မာပြည်နဲ့နွေ၊ ပြီးတော့ ပိတောက်
လူပ်ရှားအသက်ဝင်သွားတယ်။
ငိုချင်ရက်လက်တို့ပါလားနော် ..း(
ပန်းအလှတွေဖွဲ့သွားတဲ့ လွမ်းသုရင်ရေ
သူငယ်ချင်းတစ်ယောက်ကတော့ သုံးလလုံး စိန်ပန်းပြာ အပင်အောက်က ဖြတ်လာပြီး
စိန်ပန်းပြာပွင့်နေတာကို မမြင်ဘူး။
သမာဓိရှိတယ်ပဲခေါ်မလား။
ကျနော်ကလည်း သင်္ကြန်မပျော်ဖူးဘူး။ တုံးတယ်ခေါ်မလား။
ဒီတော့ သိပ်မလွမ်းဘူး။ ဒါပေမဲ့ သူများတွေပျော်တာကိုတော့ ငေးချင်သေးတယ်။
:) Awesome!
Post a Comment