December 29, 2008

အခါလွန်မိုး

( ၁ )

တစ်ခုသော တနင်္ဂနွေနေ့မနက် ကိုးမိုင်ရှိ သီရိကွန်ဒိုမီနီယမ်မှ အထွက် ကားမှတ်တိုင်ကိုအရောက်...

"ဟယ်..ငါနင့်ကို ပြမလို့ မေ့သွားပြီ။ Ocean ရှေ့က Gift Shop လေးတွေမှာလေ လူအရုပ်ကလေးတွေ ရောင်းတာ သိပ်ချစ်စရာကောင်းတယ်။ ဓါတ်ခဲထည့်ပြီး ဗိုက်ကို လက်နဲ့ပုတ်လိုက်ရင် တဟီးဟီးနဲ့ ရယ်တာဟယ်... အသည်းယားစရာလေး သိလား။ ငါအရမ်းချစ်တာပဲ"

"ဟုတ်လား... ဒါဆို သွားပြန်ကြည့်မယ်လေ"

"နေပါစေတော့ဟာ..တော်ကြာနေ ကားလာနေဦးမယ်။ နောက်ကြုံမှပဲ ပြတော့မယ်။ စိန်ဂေဟာ စူပါစင်တာမှာလည်း ရှိတယ်။"

"နင်ကတော့လေ..."

အမှုမဲ့ အမှတ်မဲ့ ကျွန်မသိပ်ချစ်တဲ့ ကလေးအရုပ်လေးတွေအကြောင်းကို သူ့အားပြောပြမိခဲ့ဖူးသည်။ ထိုသို့ ပေါက်ပေါက်ရှာရှာ သဘောကျတတ်သော ကျွန်မကိုကြည့်တတ်သည့် သူ့မျက်ဝန်းတွေက သူ့အနားကပ်ခါ တောင်စဉ်ရေမရ စကားတွေတီတီတာတာ ပြောတတ်သည့် ကလေးတစ်ယောက်ကို ကြင်နာယုယသည့် မျက်ဝန်းမျိုး။ အဲ့ဒီမျက်ဝန်းတွေကို ကျွန်မတွယ်တာ မြတ်နိုးခဲ့သည်။

( ၂ )

သုံးလခန့်အကြာ...

"ဟဲလို... ငါပါ။ နင် ငါ့ဆီဖုန်းဆက်သေးတယ်ဆို"

"အေး..ဟုတ်တယ်။ ငါသွားတော့မယ်... နင်လိုက်ပို့ ဦးမှာလား"

"ပို့မှာပေါ့ဟ...ဒါပေမယ့် အဲ့ဒီနေ့ ဆေးရုံမှာ ငါဂျူတီကျတယ်"

"ဟာ...သူများနဲ့လဲကြည့်လို့ မရဖူးလားဟင်"

"လဲတော့ လဲကြည့်မယ်လေ... နော်"

"အေးပါဟာ..ရအောင်လဲနော်"

"အေးပါ..ငါဖြစ်အောင် ကြိုးစားပါ့မယ်"

( ၃ )

မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ် ( ရန်ကုန် )... မနက် ၉း၀၀...

"မေမေ...သမီး Check in ၀င်လိုက်ဦးမယ်နော်။ သူသူနဲ့ စိမ်း မရောက်သေးဖူး။ သတိထားလိုက်ဦးနော်။ ရှာမတွေ့ပဲ နေဦးမယ်"

"အေး..အေး သမီး။ မေမေတို့ ကြည့်ထားလိုက်မယ်။ စာရွက်စာတမ်း သေချာစစ်နော်"

"ဟုတ်ကဲ့"

Check in ၀င်ပြီး ပြန်ထွက်အလာ ကျွန်မရဲ့ လက်ဆွဲအိတ်မှာ ကျွတ်ကျွတ်အိတ်တစ်အိတ်ကို ညီမလေးနဲ့ သူငယ်ချင်း စိမ်း တို့ သေသေချာချာ ချည်နေသည်ကို မြင်လိုက်ရသည်။

"ဟဲ့..စိမ်း ရောက်လာပြီလား။ ဘာတွေချည်နေတာလဲ။ မချည်နေနဲ့။ သူသူရော..နင်တို့ အတူတူ လာမယ်ဆို"

"ဟာ... မချည်လို့မရဖူး။ နင်အဲ့လို မပြောပါနဲ့ဟာ။ သူသူလည်း ရောက်ပြီ။ ဟိုမှာ"

ကျွန်မ လှမ်းခေါ်လိုက်သည့်အတွက် စိမ်း တစ်ယောက် မျက်နှာပျက်သွားသလို ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ သူသူ့ မျက်နှာလည်း တည်သွား၏။ ကျွန်မကတော့ ဘာရယ်မဟုတ်။ ခွဲခွာခါနီးတွင် ကျွန်မချစ်သော သူငယ်ချင်းများ၏ မျက်နှာကို ဖြစ်နိုင်သမျှ အချိန်လေးတွေ ခြစ်ခြုတ်ပြီး ကြည့်နေချင်သေးသည်။ စကားပြောချင်သော်လည်း စကားလုံးတို့က ဆွံ့အနေပြီ။ မကြာမီအချိန်အတွင်း မိခင်မြေနှင့်အတူ ချစ်လှပါသည်ဆိုသည့် မိဘ၊ မောင်နှမ၊ သူငယ်ချင်း အားလုံးကို ကျွန်မခွဲခွာရတော့မည်။

"ဟယ်...အရုပ်ကလေးတော့၊ ချစ်စရာလေး မမရေ။ ဖေဖေ သမီးကို ဒီအရုပ်လေးနဲ့ ဓါတ်ပုံရိုက်ပေးပါလား"

ညီမငယ်၏ ရုတ်တရက် ပြောလိုက်သည့် အသံကြောင့် အားလုံးလန့်သွားပြီး ပြိုင်တူပင် ညီမလေးကို ကြည့်မိကြသည်။ ညီမလေး လက်ထဲမှာတော့ ကလေးလေး... ကလေးလေး အရုပ်ကလေးတစ်ရုပ်...။ မျက်နှာလေးက ပြုံးလို့။ သူ့ဗိုက်ကို ပုတ်လိုက်တော့ ရယ်လိုက်တာ တအား...။

"အို့... ကလေးဗိုက်ထဲက ဘာတွေ ထွက်လာတာတုန်း"

ကလေးလေးကို ပွေ့ဖက်ရင်းက အင်္ကျီအောက်မှ ပလတ်စတစ်လောင်းထားသည့် ဓါတ်ပုံလေးတစ်ပုံ လျှောထွက်လာသည်။

"ဟင်"

ကျွန်မ ချက်ချင်းသူ့ မျက်နှာကို ကြည့်မိတော့ မျက်လွှာချကာ အကြည့်ချင်းလွှဲပစ်လိုက်သည်။ ရင်ထဲက စကားတွေက လည်ပင်းတစ်လျှောက် တိုးတက်လာပေမယ့် အာခေါင်အ၀မှာ ဆို့နစ်လျက်...။

"သူ... ဒီအရုပ်ကလေးကို တစ်လမ်းလုံး တယုတယ ယူလာခဲ့တာ"

အနားကပ်ကာ တီးတိုးဆိုလာတဲ့ စိမ်း ရဲ့အသံတွေက ငိုသံတစ်ဝက်နဲ့ အက်ကွဲလို့...။

ကျွန်မလေ...ကျွန်မ ဘာပြောရမလဲဟင်။ ကျွန်မသူ့ကို ပြောချင်တဲ့ စကားတွေက အများကြီးပဲ။ ကျွန်မမှာ အဲ့ဒီစကားတွေကို ဖွဲ့နွဲ့နေဖို့ အချိန်မရှိတော့ဖူး။ ကျွန်မရဲ့ မျက်ဝန်းမှာလေ မျက်တောင်နဲ့ ပုတ်ခတ်ပစ်နေရတဲ့ မျက်ရည်စတွေ။ ကျွန်မ လေယာဉ်ပေါ် တက်ရတော့မယ်။ အဲ့ဒါ သက်မဲ့အရုပ်ကလေး မဟုတ်ပါဖူး။ အဲ့ဒါလေ... အဲ့ဒါ...

ကျွန်မရဲ့ လက်ဆွဲအိတ် အပြင်ဖက်မှာတော့ စိန်ဂေဟာ စူပါစင်တာဆိုတဲ့ စာတန်းလေးပါသည့် ကျွတ်ကျွတ်အိတ်လေးတစ်အိတ် ကပ်လျက်ပါလာခဲ့ပြီ။ လေယာဉ်စက်သံက ၀ီကနဲ့မြည်ပြီး မြန်မာပြည် မြေပေါ်ကနေ ဘီးကြွသွားသလို ကျွန်မရဲ့ နှလုံးသားတစ်စုံဟာလည်း မြန်မာပြည်မှာ ကျန်နေခဲ့ပါပြီ...။

( ၄ )

ငါ့အတွက် အထီးကျန် အဖော်မဲ့ခဲ့တဲ့ နေ့ရက်တွေတိုင်းမှာ နင့်ကလေးလေးက ငါ့ကိုအဖော်ပြုခဲ့တယ်။ ငါ့ရင်ထဲက နင့်ကိုပြောချင်နေတဲ့ စကားတွေအားလုံး သူ့ကိုငါ ပြောဖြစ်ခဲ့တယ်။ ငါ့ရဲ့ အမှတ်တမဲ့ စကားတစ်ခွန်းဟာ အမှတ်တရ ဖြစ်သွားလိမ့်မယ်လို့ ငါမထင်ခဲ့မိဖူး။ အခုတော့ ငါ့နှလုံးသား တစ်ခုလုံးပါ ဖြစ်နေခဲ့ပါပြီ။ သူသာ စကားပြောတတ်ရင် နင့်ကို အားလုံး ပြန်ပြောပြနေမှာပါ။ ငါသူ့ကို ဘယ်လောက်ချစ်တယ် ဆိုတာတွေကိုပေါ့။ ငါ့ရင်ထဲမှာလည်း မျက်ရည်မိုးတွေ ရွာနေခဲ့ပါပြီ သူငယ်ချင်းရယ်...။

xxxxx

လွမ်းသုရင်
၂၉ ဒီဇင်ဘာ ၂၀၀၈





5 ယောက်ဝေဖန်သွားတယ်:

Craton said...

မမစိမ်း.. ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့ ကောင်းလိုက်တာ.. ကရုဏာလည်းဖြစ်မိတယ်.. အဲ့ဒီအရုပ်လေးလားဗျ.. ချစ်ဖို့ကောင်းပါတယ်။ သူရီတာကြည့်ချင်တယ်။း)

PHYO said...

အမြန်ဆုံး ပြန်လည်ဆုံ စီး ကြပါစေဗျာ

ZWE said...

တစ်ခါတလေမှာ ရင်ဘတ်နဲ့ရင်းတဲ့အဖြစ်အပျက်တွေက..
ထင်တားတာထက်ပို ခံစား ထိခိုက် နက်ရှိုင်းလွယ်တတ်တယ်..
အမှတ်တမဲ့ကနေ အမှတ်တရဖြစ်သွားသလို..အမှတ်တရကနေလည်း
အမှတ်တမဲ့ ဖြစ်သွားတတ်တယ်..ဘယ်လိုဘဲဖြစ်ဖြစ်..ရင်နဲ့ရင်းတဲ့အရုပ်ကလေး
ရဲ့သက်တမ်း နှလုံးသားရဲ့မှတ်တမ်းတလျှောက်မှာ..စဉ်းစားကြည့်လိုက်ပါ...
ရဲရဲတောက် ပွဲဝင်ခဲ့တယ်...လတစ်စင်းရဲ့ အလင်းနဲ့ အသက်ဆက်တဲ့..ကြယ်လေးတွေ
ပြိုးပြက်တဲ့ညတိုင်း..ရင်တွင်းရုပ်ရဲ့ တယုတယရီသံတွေအောက်မှာ..မင်းချစ်တဲ့ သူငယ်ချင်း
တစ်ယောက်..၀မ်းမြောက်ဝမ်းသာရှိနေမှာပါ..ထာဝရအရုပ်လေး မင်းလက်ထဲပေးခဲ့လို့ပေါ့..။

ဇွဲရဲရင့်

အိမ် said...

မစိမ်းပင်ကြီး ရာယ် ကလေးလဲ မဟုတ်တော့ပဲ
အခုထိ အရုပ်တွေ ကြိုက်တုန်းလားဗျ

pyae said...

ah yuu ma lay!I thi tal naw