December 24, 2008

ခရစ်စမတ်လက်ဆောင်...

ဒီဇင်ဘာလရဲ့ ချမ်းစိမ့်စိမ့် ညတစ်ည...အိမ်ပြင်ဘက်မှာ မှောင်မည်းလို့ လေအေးတွေက တရွှမ်းရွှမ်းမြည်အောင် တိုက်ခတ်နေ၏။

မျက်နှာစာ ပေ၁၀၀၊ အနောက်ဖက်သို့ ပေ၂၀၀ရှည်သော ခြံကျယ်ကြီးရဲ့ အလယ်က တစ်ထပ်အုတ်တိုက် လေးထဲမှာတော့ အသက် ၃၅နှစ်ဝန်းကျင် ဇနီးမောင်နှံနှစ်ဦး၊ လေးနှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ နှစ်နှစ်သားအရွယ် ယောက်ျားလေးတစ်ဦး၊ အသက်နှစ်ဆယ်အရွယ် လူရွယ်တစ်ဦးရယ်ပေါ့။ အမျိုးသမီးက နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်။ ခင်ပွန်းဖြစ်သူ အလုပ်ကပြန်လာချိန်မို့ ညနေစာထမင်းစားရန် ပြင်ဆင်နေသောအချိန်...။

ထိုအချိန်မှာပဲ ဇနီးဖြစ်သူက ဒီနေ့ညများ မီးဖွားတော့မလား မသိဘူးဟု အောက်စိုက်နေပြီးဖြစ်သော ဗိုက်ကိုပွတ်ပြီး ခင်ပွန်းသည်ကို ရုတ်တရက် ပြောလိုက်သည်။ ဆရာဝန် ခန့်မှန်းပေးထားသော မီးဖွားရက်ကလည်း အလွန်နီးကပ်နေပြီ။ နာရီကိုကြည့်တော့ အချိန်က ည ၈း၀၀ရှိပြီ။ လူအသွားအလာ ကျဲပါးသေးသော သန်လျင်၊ ကျောက်တန်းမြို့အ၀င်ဝလို ဒေသလေးမှာ ညရေးညတာသာ အရေးအကြောင်း ရှိလျှင် ဆေးရုံဆေးခန်း သွားဖို့မလွယ်။ အငှားကားရယ်လို့လည်း ငှားဖို့ရာ မလွယ်ကူ။ မြင်းလှည်းတွေကလည်း သိမ်းပြီ။ မွေးလူနာဆိုလျှင် ပိုဆိုးသေးသည်။ ထို့ကြောင့် ခင်ပွန်းသည်က မစားရသေးသော ထမင်းဝိုင်းကို အသာထားကာ ဇနီးသည်ကို ပြောလိုက်သည်။

"အိမ်နောက်က အခန်းကို မွေးခန်းအဖြစ် ပြင်ထားလိုက်တော့။ ငါဆရာဝန်သွားပင့်မယ်"

ပြောပြောဆိုဆို လက်နှိပ်ဓါတ်မီးကိုဆွဲကာ စက်ဘီးကိုထုတ်ပြီး မြို့ထဲသို့ ထွက်သွားတော့သည်။ သန်လျင်၊ ကျောက်တန်းမြို့အ၀င် ကြိုဆိုပါ၏ဆိုသည့် ဆိုင်းဘုတ်တည်ရှိရာ နေရာမှ ကျောက်တန်းမြို့ထဲအထိ စက်ဘီးနှင့် ခပ်သွက်သွက်နင်းလျှင် နာရီဝက်လောက်တော့ ကြာသည်။ ကလေးနှစ်ယောက် မွေးထားဖူးသော အတွေ့အကြုံအရ နေ့စေ့လစေ့ ဖြစ်နေသော ကိုယ်ဝန်မှာ ဒီနေ့ညမွေးနိုင်သည်ဟု အမျိုးသမီးက သိနေသည်။ ထိုအချိန်က နယ်ဆေးရုံများတွင် ကူးစက်ရောဂါများ ပျံ့နှံ့လွယ်သည်ဟုဆိုကာ ဆေးရုံတွင်လည်း မမွေး၊ ရန်ကုန်သို့လည်း မပြန်၊ တာဝန်ကျရာ ကျောက်တန်းမြို့တွင်သာ ကလေးကိုရအောင်မွေးမည်၊ အိမ်မှာပင် ဆရာဝန်ပင့်ကာ မွေးမည်ဟု ဆုံးဖြတ်ထားသော သတ္တိကားမသေးလှ။ နောက်ပြီး ရိုးရိုးမွေး ဖြစ်သည်။

တစ်နာရီ ကျော်ကျော်အကြာတွင် ခင်ပွန်းဖြစ်သူ ပြန်ရောက်လာပြီး လုံချည်အပြာဝတ် သူနာပြုဆရာမ နှစ်ယောက် ပါလာသည်။ ဆရာဝန်က ခရီးသွားနေရသည်တဲ့လေ။ သို့သော် သည်သူနာပြု နှစ်ယောက်၏ အတွေ့အကြုံကို ယုံသည်။ သားတုန်းကလည်း သည်ဆရာမများနှင့်ပင် မွေးခဲ့ပြီးပြီ။ ထိုနေ့ညက ဆရာမနှစ်ယောက်လည်း ပြင်ဆင်စရာရှိသည်များ အသင့်ပြင်ထားပြီး ချမ်းချမ်းစီးစီး မွေးလူနာစောင့် အိပ်ရသည်။ ကိုယ်ဝန်ဆောင်သည်မှာ ဗိုက်နာတစ်ချက်၊ မနာတစ်ချက်နှင့် တစ်ညလုံး မမွေးနိုင်ပဲ မနက်စောစော ၆း၃၀ခန့်တွင်မှ အမလေး တ ကာဗိုက်နာတော့သည်။

ကလေးနှစ်ယောက်ကလည်း အငြိမ်မနေ၊ အခန်းတွင်းမှ အမေ၏ အော်ငြီးသံကို ကြားရသည့်အခါ အခန်းဝတွင် သွားချောင်းကြည့်ကြသည်။ ထို့ကြောင့် ကလေးနှစ်ယောက်ကို တစ်ဖက်ခြံတွင် သွားပို့ထားရတော့သည်။ ဘုရားစင်ရှေ့တွင် အင်္ဂုလိမာလသုတ် ရွတ်နေသော ခင်ပွန်းသည်မှာ မျက်နှာပင် ပျက်နေလေပြီ။

တဖြည်းဖြည်းနှင့် မိခင်မှာ ညှစ်အားလျော့လာသည်။ မွေးခုတင်တွင် မွေးရခြင်းမဟုတ်ပဲ ကြမ်းပြင်တွင် မွေးရခြင်းကြောင့် အားပြုစရာ အမှီအတွယ်လည်း မရှိ။ ဆရာမနှစ်ယောက်က ကလေးအခြေအနေကို ကြည့်ကာ စိုးရိမ်သွားရသည်။ သည်တစ်ခါ ကလေးက အတော်ထွားသည့် အနေအထားရှိသည်။ နှစ်ယောက်တည်းနှင့် မနိုင်တော့။ ကြံရာမရသောအခါ နောက်ဆုံးနည်းကို စဉ်းစားရတော့သည်။ မိခင်သာ အားကုန်စိုက်ပြီး တစ်ချက်ညှစ်လိုကနိုင်လျှင် ကလေးက ထွက်လာနိုင်သည်။ ယခုက မိခင်အတွက် အားကုန်ယူပြီး ညှစ်စရာ အမှီအတွယ် ရှိမှဖြစ်မည်။ ထို့ကြောင့် မွေးလူနာ၏ ခါးတစ်ပိုင်းကို ဖြတ်ပြီး အပေါ်မှ ကြိုးတန်းကာ စောင်ပါးများဖြင့် ခန်းဆီးသဖွယ်ကာလိုက်ပြီး ခင်ပွန်းသည်အား အကူအညီ တောင်းရတော့သည်။

မွေးခန်းထဲသို့ ဆရာဝန်မှလွဲပြီး ယောက်ျားသား ၀င်ရန် မသင့်တော်သော်လည်း မွေးလူနာ၏ ခင်ပွန်းဖြစ်သည်ကတစ်ကြောင်း၊ မည်သို့မျှ ရွေးချယ်စရာလမ်း မရှိသည်က တစ်ကြောင်းတို့ကြောင့် မွေးခန်းထဲသို့ ခင်ပွန်းသည်အား ခေါ်သွင်းလိုက်ပြီး မွေးလူနာ၏ ခေါင်းရင်းမှနေကာ လက်ဖျံနှစ်ဖက်ကို ယောက်ျားအားဖြင့် အမှီအတွယ်သဖွယ် တောင့်ခံပေးလိုက်ရသည်။ သည်တော့မှ "အူဝဲ" ဆိုသည့် အသံတစ်ချက် ခြံအတွင်းဝယ် ထွက်ပေါ်လာနိုင်ခဲ့တော့သည်....။

ဖြူဖြူဖွေးဖွေး ချစ်စရာအလွန်ကောင်းသော မိန်းကလေးတစ်ယောက် လူ့လောကသို့ ရောက်ရှိလာခဲ့ပြီလေ....။

xxxxxxxxx

ဟိုးလွန်ခဲ့တဲ့ ၂၂နှစ်က "မောင်လေးက သိပ်အနိုင်ကျင့်တယ် မေမေရယ်...ဒီတစ်ခါတော့ ညီမလေး မွေးပေးပါ"လို့ ပူဆာခဲ့တဲ့ ကျွန်မအတွက် အသားဖြူဖြူဖွေးဖွေး၊ ချစ်စဖွယ် မျက်လုံးဝိုင်းလေးတွေနှင့် ညီမလေးတစ်ယောက်ကို မွေးဖွားပေးခဲ့သည်။ "သမီးရေ...ငါ့သမီးမှာ ညီမလေးတစ်ယောက်ရှိပြီ" လို့ ၀မ်းသာအားရနှင့် လာပြောကာ သူများခြံတွင် ရှိနေသော ကျွန်မကို ဖေဖေလာခေါ်ခဲ့တုန်းက ၀မ်းသာလွန်းလို့ ထပင်ခုန်ခဲ့မိသည်။ ကျွန်မအပေါ်မှာ သိပ်ဆိုးပေမယ့် သိပ်ချစ်ရတဲ့ မောင်လေးတစ်ယောက် ကျွန်မမှာ ရှိခဲ့ပြီ။ နောက်ထပ် သိပ်ချစ်စရာ ကောင်းသော ညီမလေးတစ်ယောက်ကို ခရစ်စမတ်အကြိုနေ့မှာ မေမေက ကျွန်မအတွက် ခရစ်စမတ်လက်ဆောင် ပေးခဲ့ပြန်ပါပြီ။

တစ်လောကလုံး မြူခိုးတွေ အုံ့ဆိုင်းနေသလို ကျွန်မရင်ထဲတွင်လည်း ညီမလေးကို ချစ်သော အချစ်တို့ဖြင့် ဖုံးအုပ်ခဲ့ရသော ထိုနေ့သည်.... ဒီဇင်ဘာလ ၂၄ရက်နေ့ပဲပေါ့...။

ကျွန်မချစ်သော ညီမလေးတစ်ယောက်...

ကျွန်မလိုချင်ခဲ့ပေမယ့် မရခဲ့သော ပျော်ရွှင်မှုများ၊ အခွင့်အရေးများ အားလုံး ရပါစေ...

လွတ်လပ်ပေါ့ပါးစွာဖြင့် သင်လိုသမျှ ပညာတွေအားလုံး သင်ခွင့်ရပါစေ...

မိဘကျေးဇူးသိတတ်သော သမီးကောင်းတစ်ယောက် ဖြစ်ပါစေ...

သာသနာပြုနိုင်သောသူ ဖြစ်ပါစေ...

လိုတိုင်း တလို့ ရနိုင်ပါစေ...။



8 ယောက်ဝေဖန်သွားတယ်:

PHYO said...

မကြီး ကညီမလေးကိုတော်တော်ချစ်တာပဲ နော်
ကျနော့မှာတော့ညီလေးရှိတယ်ဗျ ကျနော်လည်းအမေမွေးခါနီးတုံးက
ညီမလေးလိုချင်တာ ညီလေးဆိုတော့လည်းချစ်ရတာပါပဲ
အမ လိုပဲ ကိုမလုပ်ခဲ့နိုင်တာတွေ ကိုမရခဲ့တာတွေသူ့ကို ပေးနိုင်အောင်ကြိုးစားနေတယ်ဗျာ

KPZ said...

ညီမလေးက ညီမလေးမရခဲ့တာတွေရပါစေလို့ ညီမအငယ်လေးကို ဆုတောင်းပေးခဲ့တယ်။ အမကိုတော့ အမညီမလေးက အစစ အရာရာ အနစ်နာ ခံပေးခဲ့တယ်။ ဒီပို့စ်ကို ဖတ်ပြီး စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတယ်...
Anyway...Be Happy... dear sis!

ဖြိုးငယ် said...

အမတောင်းတဲ့ ဆုများနဲ့ ခရစ်စမတ်လက်ဆောင်လေး ပြည့်ဝပါစေလို့
ဆုတောင်းပေးပါတယ်အမရေ ...

sin dan lar said...

happy birthday ပါ GreenGirl ရဲ့ ညီမလေးရေ

ကိုရင်နော်ခင်လေးငယ် said...

စာအရေးကောင်းတဲ့..
ညီမလေးရဲ့ ညီမလေး အတွက်
ဆုတွေ အများကြီး တောင်းပေးလိုက်တယ်နော်..
ဘဝကြီးထဲမှာ ထာဝရ ငြိမ်းချမ်း ပျော်ရွှင်ပါစေပေါ့...

အမြဲခင်တဲ့...
ကိုရင်၊ ခင်လေး၊ ကလေးလေး

Upasaka said...

မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ ညီမငယ်ရေ
သာသနာတော်အကျိုးကို သယ်ပိုးနိင်တဲ့ ပါရမီရှင်လေး ဖြစ်ပါစေ

ရှင်ရဲထွတ် said...

လွမ်းသု့ရဲ့ အရေးအသားနဲ့ ညီမငယ်ကို ပိုင်ဆိုင်ခဲ့ရပုံကို တင်ပြတာ ကောင်းလိုက်တာ ညီမလေးအတွက် ဆုတောင်းပေးပါတယ် လွမ်းသု့ရင်လိုပေါ့

zutun said...

mama ya'nyi ma mie ya' fri atwat mie la' sut taung pay par dal!life 1 shouk lone mar always happy naing p lo yar sanda pyae par zay loe ! ayan chit ya tae friend lay always smlie p nay naing par zay loe ! 1 chain chian mar nin nae pyan twe chin par tay dal !