မနေ့က "အချစ်ဆိုသည်မှာ"ဆိုတဲ့ ပို့စ်လေးကိုရေးဖြစ်တော့ ကိုမိုးမြင့်တိမ်က "တစ်ဘက်သတ်အချစ်" ဆိုရင်ရောဆိုပြီး ကွန်းမန့်မှာထပ်လာရေးပါတယ်။ ရေးရုံတင်မကပဲ လူကိုယ်တိုင်ပါ ဖုန်းဆက်ပြီးတော့ကို တစ်ဘက်သတ်အချစ်အကြောင်း ရေးပါဦးတဲ့။ ဒီတော့လည်း အချစ်ဆိုတဲ့နေရာမှာ ၁၅၀၀အချစ်ကနေ ဆင့်ပွားဆင်းသက်လာတဲ့ တစ်ဘက်သတ်အချစ်ဆိုတာကို နားလည်သလောက် ထပ်ရေးလိုက်ရပါတယ်။ ပုံနှိပ်ဖတ်စာက Definition ရယ်လို့လည်းမရှိ၊ ဘယ်ကမ္ဘာကျော် ပညာရှင်ကမှလည်း အတိအကျမဆိုမိန့်ခဲ့ပါပဲ အချစ်ဆိုတဲ့ ကျယ်ပြန့်ခက်ခဲနက်နဲတဲ့ ဘာသာရပ်ကို ကိုယ့်ခံယူချက်နဲ့ကိုယ်၊ နားလည်သမျှ ခံစားမိရသမျှ အဓိပ္ပါယ်ဖွင့်နေရတာမို့လို့ ထုံးစံအတိုင်းပဲ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ။ မတိုက်ဆိုင်ရင်လည်း သည်းခံပေးကြပါဦးနော်။
"တစ်ဘက်သတ်အချစ်ဟာ ဆိုးပါသည်...အသက်တစ်မျှ ချစ်တာခက်လှသည်..."တဲ့။ ဘယ်သူဆိုတာမှန်းတော့ မမှတ်မိတော့ပါဘူး။ ရှေးမကျ နောက်မကျ သန်းဖေလေးတို့၊ ကိုမြကြီးတို့ခေတ်က ဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ ကျွန်မငယ်ငယ်ကတော့ ရေဒီယိုတို့၊ ရုပ်မြင်သံကြားတို့မှာ ခဏခဏကြားရတတ်လို့ စာသားကိုတော့ မှတ်မိနေပါတယ်။ အခုနောက်ပိုင်း ဆယ်ကျော်သက်တွေကတော့ သိချင်မှလည်း သိတော့မှာပါ။ သိတာမသိတာက ထားလိုက်ပါတော့ သူပြောချင်တာကိုက "တစ်ဘက်သတ် အချစ်ဟာ ဆိုးပါသည်"တဲ့။ တကယ်ဆိုးလား၊ မဆိုးသလား ဆိုတာတော့ ကိုယ်ကိုယ်တိုင်ခံစားကြည့်ဖို့ မပြောနဲ့ တွေးကြည့်တာနဲ့ကို သိနိုင်ပါတယ်။
ကျွန်မ မနေ့ကရေးခဲ့ပါတယ်နော်။ အချစ်လို့ဆိုလိုက်တာနဲ့ ရယူခြင်း၊ ပိုင်ဆိုင်လိုခြင်းဆိုတဲ့ အတ္တလေးကတော့ အနည်းနဲ့အများ ငြိတွယ်ပြီးပါလာတတ်တယ်လို့။ အဲ့ဒီလို ရယူလိုစိတ်၊ ပိုင်ဆိုင်လိုစိတ်ရှိတယ် ဆိုကတည်းက တစ်ဖက်လူရဲ့တုန့်ပြန်မှုကို လိုချင်တာပါပဲ။ နှစ်ဦးသဘောတူချစ်ကြရင် တု့န်ပြန်မှုဆိုတာက အနည်းနဲ့အများ မျှော်လင့်လို့ရနိုင်ပါသေးတယ်။ ကိုယ်မှန်းသလောက် ရချင်မှသာရမယ်။ နည်းနည်းလေးဖြစ်ဖြစ်တော့ အားနားပါးနာနဲ့ဖြစ်စေ ရနိုင်တယ်လေ။ အဆုံးအစွန်ကို ပြောပြတာပါ။
တစ်ဘက်သတ်အချစ်ဆိုမှတော့ ကိုယ်ကသာ ချစ်ရတာ၊ တစ်ဘက်လူက သိချင်လည်းသိမယ်၊ မသိချင်လည်း မသိဘူး၊ သိသိနဲ့ မသိဟန်ဆောင်နေတာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒီတော့ ကိုယ်ပေးသလောက် သူ့ဆီကတုန့်ပြန်မှု ပြန်ရဖို့ဆိုတာက တစ်,ရာခိုင်နှုန်းတောင် မသေချာပါဘူး။ မျှော်လင့်ရင်းသာ အချိန်တွေကုန်သွားမယ်။ ဘာတုန့်ပြန်မှုမှ မရတဲ့အခါ ရင်နာရတယ်ပေါ့။ အဲ့ဒီလိုရင်နာစရာတွေ ဖြစ်လာတဲ့အခါ ချစ်နေတဲ့သူက စိတ်ထားတတ်ဖို့ သိပ်ကိုလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ အချစ်ဆိုတာ အမိန့်ပေးပြီး ချစ်ခိုင်းလို့လည်း မရသလို၊ ဓားပြတိုက်သလိုလည်း လုယက်ယူလို့ ရကောင်းတဲ့အရာ မဟုတ်လို့ပါပဲ။ ကိုယ်ကဘယ်လောက်ချစ်ချစ် သူမှမချစ်နိုင်တော့ သူ့ဘ၀နဲ့သူ ပျော်နေပါစေတော့၊ ရှိပါစေတော့ရယ်လို့ စိတ်မျိုးကိုထားနိုင်ရင် ချစ်တဲ့သူရော၊ အချစ်ခံရတဲ့သူရော ဘယ်လိုစိတ်ဖိစီးမှုမှမရှိပဲ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးသွားမှာပါ။
ဒီလိုမှမဟုတ်ပဲ ငါကတော့ချစ်လိုက်ရတာ၊ သူကငါ့ကိုဘာလို့ ပြန်မချစ်တာလဲ၊ မေတ္တာဆိုတာ အသွားအပြန်ရှိတယ်ဆို၊ ငါ့ကိုပြန်ချစ်ကိုချစ်ရမယ်ဆိုတဲ့ ပြန်လိုချင်တဲ့ အတ္တတွေဖုံးလွှမ်းနေရင်တော့ ချစ်ရတဲ့သူဟာလည်း သူ့ဆီကကိုယ်လိုချင်တာ ပြန်မရတဲ့အတွက် ပူလောင်ခြင်း၊ အချစ်ခံရသူကလည်း ကိုယ်မချစ်တဲ့သူနဲ့ ရင်ဆိုင်နေရလို့ စိတ်ဆင်းရဲပင်ပန်းခြင်းတွေကို ခံစားရတော့မှာပေါ့။
မြတ်စွာဘုရားက ဓမ္မစင်္ကြာတရားတော်မှာ ဟောတော်မူခဲ့ပါတယ်။ မြန်မာလိုပြောရရင် ချစ်သောသူနဲ့ ကွေကွင်းရခြင်းသည်လည်း ဒုက္ခ၊ မချစ်မနှစ်သက်သောသူနဲ့ အတူနေရခြင်းသည်လည်း ဒုက္ခတဲ့။ နှစ်ကိုယ်တူချစ်ကြတဲ့ သူတွေကတော့ ချစ်သူနဲ့ဝေးရတာ ဒုက္ခပေါ့။ ဒါပေမယ့် တစ်ဘက်သတ်ချစ်နေရတဲ့ သူတွေ ဆိုရင်တော့ အစကတည်းကိုက ကိုယ်ချစ်တဲ့သူနဲ့ အတူမနေရတဲ့ ဒုက္ခကိုခံစားနေရပြီလေ။ တကယ်လို့ အတူနေရပြီပဲထားပါတော့။ ကိုယ်ကသူ့ကိုချစ်တော့ သူနဲ့အတူနေရတာဟာ ကိုယ့်အတွက် သုခ၊ သူက ကိုယ့်ကိုမချစ်တော့ ကိုယ်နဲ့အတူ သူနေရတာက သူ့အတွက်ဒုက္ခပေါ့။ သူမပျော်တဲ့အခါ၊ သူစိတ်မချမ်းမြေ့တဲ့အခါ ကိုယ်ချစ်တဲ့လူရဲ့အပူက ကိုယ့်ကိုဟပ်ပြီး ကိုယ့်မှာလည်း ဒုက္ခပါပဲ။ တစ်ဘက်သတ်ချစ်ရတဲ့ ကိုယ့်အတွက်က ကိုယ်ချစ်တဲ့သူနဲ့ ဝေးနေတော့လည် ဒုက္ခ၊ ကိုယ်ကချစ်ရက်နဲ့ ကိုယ့်ကိုမချစ်တဲ့သူနဲ့ အတူနေရတော့လည်း သုခလိုလိုနဲ့ ဒုက္ခ၊ ဒီတော့တစ်ဘက်သတ်အချစ်မှာ ရယူပိုင်ဆိုင်ခြင်းဆိုတာ ပါနေသရွေ့ ဘယ်မှာလာပြီး အေးချမ်းပါတော့မလဲနော်။
ဒါကြောင့်တစ်ဘက်သတ်အချစ်ဟာ ဆိုးပါတယ်ဆိုတာ ရှည်ရှည်ဝေးဝေး ခံစားကြည့်နေစရာ မလိုအောင်ပါပဲ။ စိတ်ထားတတ်ဖို့သာ အဓိကပါ။ ကိုယ့်အချစ်ဟာ တစ်ဘက်သတ်အချစ်ဖြစ်နေပြီ ဆိုတာသေချာရင် ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရယူလိုစိတ်ထက် သူစိတ်ချမ်းသာတာ၊ ပျော်နေတာကိုတစိမ့်စိမ့်ကြည့်ပြီး ချစ်နိုင်တဲ့သူအဖြစ် စိတ်ထားတတ်မှသာ၊ အချစ်ဆိုတာ ပေးဆပ်ခြင်းဆိုတဲ့တရားကို လက်ကိုင်ထားနိုင်မှသာ တစ်ဘက်သတ်အချစ်ဟာ သူရော၊ ကိုယ်ရောအတွက် ငြိမ်းချမ်းခြင်းအပြည့်အ၀ မဟုတ်ရင်တောင် နည်းနည်းတော့ခံသာပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ ငါပေးသလောက်ဘာလို့ တု့န်ပြန်မှုမရှိရတာလဲဆိုတဲ့စိတ်နဲ့ တစ်ဘက်သတ်အချစ်ကို ချစ်မိနေပြီဆိုရင်တော့ အတ္တမီးတွေဟာ နှလုံးသားကိုပါမက ကိုယ့်တစ်ဘ၀လုံးကိုပါ ဟုန်းဟုန်းတောက် လောင်ကျွမ်းသွားစေနိုင်တဲ့ ပူလောင်တဲ့အဆိပ်တွေပဲ ဖြစ်လာပါလိမ့်မယ်။
ကျွန်မ နှလုံးသွင်းခံယူထားတဲ့ တစ်ဘက်သတ်အချစ်ကတော့ ဒီလောက်ပါပဲ။ လူသားအားလုံးလည်း ဖြစ်လေရာဘ၀မှာ တစ်ဘက်သတ်အချစ်နဲ့ မကြုံတွေ့ကြရပါစေနဲ့။ အတ္တကင်းသော ချစ်ခြင်းနဲ့ ချစ်နိုင်ကြပါစေလို့ ကျွန်မဆုတောင်းပါတယ်။ ကိုမိုးမြင့်တိမ်လည်း ကျေနပ်လောက်ပြီ ထင်ပါတယ်။ မကျေနပ်ပဲ နောက်ထပ်အချစ်တစ်မျိုး ထပ်ပေါ်လာရင်တော့... ဟော ဟဲ...ဟော ဟဲ...:P ရှာထွက်တာ မဟုတ်ဖူး။ ဆံပင်ဖြူမှား)

5 ယောက်ဝေဖန်သွားတယ်:
ကောင်းပါ့ဗျာ။ တဘက်သတ်အချစ်၏ defination ။ ငါ့ညီမလေးတော်တယ်။ တဘက်သတ်အချစ်ကတော့ တကယ်ဆိုးဝါးတယ် ညီမလေးရေ။ ညီမလေးကို ထပ်မမေးမဲ့ မေးခွန်းတွေရှိသေးတယ်။ ဒါပေမယ့် မမေးတော့ပါဘူး။ ငါ့ညီမကို သနားလို့။ အခုလို ထပ်ပြီးရေးပေးတာကိုဘဲ ကျေးဇူးတင်လှပါပြီ။
မှန်လိုက်တာ အမရေ .. တစ်ဖက်သတ် အချစ် ဟာ တကယ်ကို ပူလောင်တဲ့ အချစ်တွေ ဖြစ်လာနိုင်ပါတယ် ... တစ်ဖက်သတ် ဆိုတည်းက တစ်ဖက် ကို သတ် နေတာ ပါ..
very nice post! :)
အချစ်ဆိုတာ အမိန့်ပေးပြီး ချစ်ခိုင်းလို့လည်း မရသလို၊ ဓားပြတိုက်သလိုလည်း လုယက်ယူလို့ ရကောင်းတဲ့အရာ မဟုတ်လို့ပါပဲ။ ကိုယ်ကဘယ်လောက်ချစ်ချစ် သူမှမချစ်နိုင်တော့ သူ့ဘ၀နဲ့သူ ပျော်နေပါစေတော့၊ ရှိပါစေတော့ရယ်လို့ စိတ်မျိုးကိုထားနိုင်ရင် ချစ်တဲ့သူရော၊ အချစ်ခံရတဲ့သူရော ဘယ်လိုစိတ်ဖိစီးမှုမှမရှိပဲ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးသွားမှာပါ။
ကောင်းလိုက်တဲ့ စာသားလေး။green girl ရဲ့ ကလောင်စွမ်းကလည်း ထက်ပါ့နော့်း)
ရင်ဘတ်နဲ့ ခံစားပြီးရေးတယ် ထင်တယ်။ဖတ်လို့ ကောင်းလိုက်တာ :)
Post a Comment