အချစ်ဆိုသည်မှာ...တဲ့။ ညီမလေး မီးငယ်က "အရမ်းချစ်တတ်တဲ့ မမလဲ့"ဆိုတဲ့ နာမည်ကြီးနဲ့ TAG ထားပါတယ်။ မမလဲ့ဆိုတဲ့ ရှေ့မှာ "အရမ်းချစ်တတ်တဲ့" ဆိုတာကြီးပါနေလို့ ကျွန်မရေးရမှာ တာဝန်ကြီးနေတာကြောင့် TAGထားတာကြာနေပေမယ့် အခုမှရေးဖြစ်တော့တယ်။ ကိုမိုးမြင့်တိမ်ကလည်း
လာလာအော်တယ်လေ။ တက်အကြွေးတွေ ဆပ်ပါတော့တဲ့။ ကျွန်မလည်း ဦးနှောက်တော်တော် စားသွားလို့ပါ။ အချစ်...အချစ်...အချစ်၊ အချစ်ဆိုတာ ဘာလဲပေါ့။ လူတွေက ချစ်တော့ချစ်နေကြတာပဲ။ အချစ်ဆိုတာရဲ့ အဓိပ္ပါယ်ကိုတော့ ဘယ်သူမှသေချာ မသိနိုင်သေးပါဘူး။ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေတောင်မှ အဓိပ္ပါယ်မဖွင့်နိုင်ခဲ့တဲ့ ဒီအချစ်ဆိုတဲ့အရာကို ကျွန်မကရော ဘယ်လိုအနက်ဖွင့်ရပါ့မလဲ။ တော်တော်မလွယ်တဲ့ ကိစ္စပါ။ ကျွန်မရေးခဲ့သမျှထဲမှာတော့ ဒီပို့စ်ဟာ အခက်ဆုံးနဲ့ အချိန်အကြာဆုံး စဉ်းစားခဲ့ရတဲ့ TAG ပို့စ်တစ်ခုပါပဲ။
ဘာတွေစဉ်းစားလိုက်ရသလဲဆိုတော့ အများကြီးပါပဲ။ ဘယ်အရာကိုအချစ်လို့ ခေါ်သလဲ။ အချစ်ဆိုတဲ့ အနက်ရဲ့ ကျယ်ပြန့်နက်နဲမှု...ဘုရား..ဘုရား...အဲ့ဒါတွေ အကုန်လျှောက်တွေးပြီး ကိုယ်မရေးခင် သူများရေးတာတွေ လျှောက်ဖတ်ကြည့်တော့ တစ်ယောက်တစ်မျိုး၊ မရိုးအောင် လက်စွမ်းပြထားကြတာ။ ကိုယ့်အယူအဆနဲ့ကိုယ်၊ ကိုယ့်အတွေးအခေါ်နဲ့ကိုယ်လေ။ ကျွန်မတောင် ရေးစရာမကျန်တော့ သလောက်ပါပဲ။ မကျန်တော့ဘူးဆိုပြီး မရေးပဲနေရင်လည်း အချစ်ဝတ္ထုတွေ၊ အချစ်အကြောင်းတွေကို မမကဘယ်လိုခံစားချက်၊ ခံယူချက်တွေနဲ့ ရေးနေပါသလဲဆိုတဲ့ ခေါင်းစဉ်နဲ့မီးငယ်ဆီမှာ ထပ်ပြီးဖြေရှင်းရမှာ သေချာပါတယ်။
ကျွန်မကလည်း အချစ်အကြောင်းတွေကို အများကြီးမဟုတ်ရင်တောင်၊ အတန်အသင့်ရေးခဲ့ဖူးတာကိုး။ အချစ်=ခလုတ်တိုက်ခြင်း၊ သဘာဝပါကွယ်၊ ကျွန်မခံစားမိသောအချစ်၊ လွဲနေသောဆုံမှတ်များ စတာမျိုးတွေပေါ့လေ။ ဒါကြောင့်အချစ်ဆိုတာနဲ့ ပတ်သက်လို့ ကျွန်မရင်ဘတ်နဲ့ ခံစားမိသလောက်၊ ဦးနှောက်နဲ့အနက်ဖွင့်လို့ မီသလောက် ကိုယ်ပိုင်ခံယူချက်လေးကို ကြိုးစားပြီးရေးမိပါတယ်။ တိုက်ဆိုင်မှုရှိရင်လည်း ခွင့်လွှတ်ပါ။ မတိုက်ဆိုင်မှုရှိရင်လည်း သည်းခံပါလို့ ကြိုတင်တောင်းပန် ထားပါရစေနော်။
အချစ်အကြောင်းကို စပြောရရင်တော့ အမေ့ဝမ်းထဲကျွတ်ခါစ မေမေနဲ့ဖေဖေကို ချစ်တဲ့အချစ်ကနေ စပြောရမှာပဲ။ မိဘတွေက ကလေးတွေ စကားတတ်တဲ့အရွယ်ဆိုရင် မေးလေ့ရှိကြပါတယ်။ "ဖေဖေနဲ့မေမေ ဘယ်သူ့ကို ပိုချစ်သလဲ"ဆိုတဲ့ မေးခွန်းပါ။ အဲ့ဒီအရွယ်မှာ အချစ်ဆိုတာမပြောနဲ့ ရင်ခုန်တယ်ဆိုတာတောင် ဘာမှန်းမသိသေးတဲ့ ကလေးလေးက ဘယ်သူကိုပိုချစ်တယ်ဆိုပြီး ဖြေလိုက်ကြတယ်။ တကယ်တမ်း အဲ့ဒီကလေးက အချစ်ဆိုတာကို နားလည်တယ်ရယ်လို့တော့ မဟုတ်ဖူး။ သူ့အနေနဲ့ သူ့အနားမှာ ပိုရှိနေစေချင်တဲ့သူကို ပိုချစ်တယ်လို့ပြောလိုက်တာပါ။ သူ့ကိုပျော်စေတဲ့သူ၊ သူ့အပေါ်မှာကောင်းတဲ့သူ၊ သူ့ကိုကာကွယ်ပေးတဲ့သူကို ဘယ်ကလေးမဆို တွယ်ကပ်နေတတ်ပါတယ်။ တစ်ချို့ကလေးဆိုရင် အဲ့ဒီလိုလူကို မျက်စိအောက်ကတောင် အပျောက်မခံအောင် တွယ်ကပ်နေကြတာပါ။ အဲ့ဒါကို ချစ်လို့လို့ ထင်မှတ်လိုက်ပေမယ့် တကယ်တော့ ကိုယ့်အနားမှာ အမြဲရှိစေချင်တယ်ဆိုတဲံ စိတ်ပါပဲ။ ငါ့အနားမှာ သူရှိမှဖြစ်မယ်ဆိုတဲ့ ပိုင်ဆိုင်လိုမှု အတ္တတစ်ခုပဲပေါ့။
မိဘကို သားသမီးချစ်တယ် ဆိုတာတောင် မသိမသာနဲ့ အတ္တဆိုတာက စွဲကပ်ပါသေးရင် ချစ်သူ၊ သမီးရည်းစားတွေ ချစ်တဲ့အချစ်ကရော...ပိုဆိုးပါတယ်။ မိဘဆိုတာက ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာဖြစ်ဖြစ် ကိုယ့်မိဘဟာ ကိုယ့်မိဘပါပဲ။ သူများမိဘ ဖြစ်မသွားပါဘူး။ အဲ့ဒီအတွက် အတ္တဆိုတာလည်း ရှိတော့ရှိပေမယ့် အဲ့ဒီအတ္တကို လူမသိပါဘူး။ ၁၅၀၀အချစ်ကျတော့ အချိန်မရွေး ကိုယ့်ချစ်သူပဲ ဖြစ်နေလိမ့်မယ်ရယ်လို့ ပုံသေသတ်မှတ်လို့ မရနိုင်တော့ပါဘူး။ အဲ့ဒီအခါမှာ ကိုယ်ချစ်တဲ့သူကို ကိုယ့်အနားက ခွဲခွာမသွားစေလိုတဲ့ ပိုင်ဆိုင်လိုစိတ်အတ္တတွေက ပေါက်ကွဲထွက်လာပါတော့တယ်။ ကိုယ့်အနားမှာသူ့ကို ရှိစေချင်တယ်ဆိုတာ ကိုယ့်စိတ်အလိုပါ။ ကိုယ့်စိတ်အလိုကိုပြည့်ဖို့အတွက် သူ့ကိုကိုယ့်အနားမှာရှိအောင် ကြိုးစားရပါတယ်။ ဒီတော့ သူ့ကိုကိုယ်ချစ်တာ ဒုတိယ၊ ကိုယ့်ကိုယ်ကိုချစ်တာ ပထမပါပဲ။
ကိုယ်ချစ်တဲ့သူကို ကိုယ့်အနားကနေ ခွဲမသွားစေချင်တဲ့အခါ သူကိုယ့်အနားမှာပျော်အောင်၊ စိတ်ချမ်းသာအောင်၊ ပြုစုဖန်တီးယူကြတယ်။ ဒီအချိန်မှာ အချစ်ဆိုတာ အရာရာလှပခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ထင်ရပါတယ်။ လက်ရှိအချိန်မှာ သူ့အတွက်ဘာတွေ ဖန်တီးမယ်၊ အနာဂတ်အတွက် ဘာတွေဖန်တီးနိုင်အောင် ကြိုးစားပေမယ်ဆိုတဲ့ စိတ်ကူးတွေ၊ ရည်ရွယ်ချက်တွေ ရှိလာကြတယ်။ သူအနားမှာရီနေတော့ ကိုယ်လည်းစိတ်ပျော်တယ်။ စိတ်ပျော်နေတဲ့အတွက် ဘယ်အရာကိုမဆို စိတ်ကြည်ကြည်လင်လင်နဲ့ စဉ်းစားပြုမူနိုင်လို့ အောင်မြင်မှုဆိုတာ ရှိလာတယ်။ ဒါကိုလည်း အချစ်ကပေးတဲ့ ခွန်အားလို့ ခေါ်ပြန်ပါတယ်။
အရာရာလှပခြင်း၊ ကြည်နူးခြင်း၊ သာယာခြင်း၊ ပေးဆပ်ခြင်းတွေနဲ့ အချစ်ဆိုတာကို လှပအောင်ဖန်တီးပြီးတဲ့အခါ အစကတည်းက အတ္တစိတ်ဆိုတာလေး ရှိနေတဲ့အတွက် ကိုယ်ပေးသလောက် ကိုယ့်အပေါ်မှာ သိတတ်မှုဆိုတာမျိုးကို ပြန်လိုချင်လာပြန်တယ်။ ကိုယ်လိုချင်တဲ့ အတိုင်းအတာကိုရတဲ့အခါ အချစ်ဆိုတာ တစ်ခါပြန်ပြီး လှပနှစ်လိုဖွယ် ကောင်းနေပေမယ့် ကိုယ်မျှော်လင့်သလို မဖြစ်လာတဲ့အခါ စိတ်ဖိစီးမှုတွေ၊ အိပ်ပျက်ညတွေ ဒေါသမီးတွေ တောက်လောင်ရပြန်ပါတယ်။ ဒီအခါမှာ အချစ်ဆိုတာ နူးညံ့ခြင်း၊ လှပခြင်းဆိုတာထက်၊ ကြမ်းတမ်းမှု၊ ခါးသီးမှု၊ နာကျည်းမှု၊ ၀မ်းနည်းပူဆွေးမှုတွေနဲ့ အကျည်းတန်သွားစေပြန်ပါတယ်။
ဒီလိုအကျည်းတန်မှုမျိုးကို မိဘနဲ့သားသမီးကြားမှာ ဘာလို့မတွေရသလဲ။ အဖြေကရှင်းပါတယ်။ မိဘကလည်း သားသမီးကိုချစ်တဲ့အချစ်မှာ ငါ့သားငါ့သမီးတစ်သက်လုံး ငါ့အနားမှာပဲရှိရမယ်။ ဘယ်သူကိုမှမပေးဖူးဆိုတဲ့ ပိုင်ဆိုင်လိုစိတ်အတ္တ မပါသလို၊ ငါ့မိဘကို သူများမိဘဖြစ်သွားမှာ ကြောက်တယ်ဆိုတဲ့ အတ္တမပါရှိလို့ပါပဲ။ မိဘရယ်လို့ ဖြစ်လာကတည်းက အချိန်တန်၊ အရွယ်ရောက်လို့ အတောင်စုံရင် အပျံသင်ကြမှာပါဆိုတဲ့ စိတ်ကိုနှလုံးသွင်းပြီး ခွဲခွာသွားမယ်မှန်း သိသိနဲ့ ကောင်းရာကောင်းကြောင်း ရင်းနှီးမြှုပ်နှံညွှန်ကြားပေးတဲ့ မိဘရဲ့ချစ်ခြင်းဟာ ကိုယ့်အတွက်မျှော်လင့်မှုဆိုတဲ့ အတ္တမပါတဲ့ မေတ္တာပါ။ အဲ့ဒီအတွက်လည်း ထာဝရအေးချမ်းပါတယ်၊ လှပပါတယ်၊ ဘယ်တော့မှ အကျည်းမတန်ပါဘူး။
ချစ်သူတွေချစ်တဲ့အချစ်၊ ၁၅၀၀အချစ်ကလည်း ဒီလိုပါပဲ။ ကိုယ်ကပြန်ပြီး ပိုင်ဆိုင်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ အတ္တတွေနဲ့ရှင်သန်နေမယ် ဆိုရင်တော့ လှပတဲ့အခါလည်းရှိမယ်၊ နူးညံ့တဲ့အခါလည်းရှိမယ်။ ကြမ်းတမ်းတဲ့အခါလည်းရှိမယ်၊ အကျည်းတန်တဲ့အခါလည်း ရှိမယ်။ သူပေးချင်ပေး၊ မပေးချင်လည်းနေ၊ ကိုယ့်အနားရှိချင်ရှိ၊ မရှိချင်လည်းနေ ကိုယ်ကတော့ သူကောင်းဖို့တစ်ခုတည်းကိုပဲ ရှေးရှုမယ်ဆိုတဲ့ မေတ္တာစိတ်လေးတစ်ခုကိုပါ ထည့်ပြီးချစ်နိုင်ရင်တော့ အချစ်ဆိုတာ အမြဲတမ်းအေးချမ်း လှပနေမယ့်အရာတစ်ခုပါပဲ။
အားလုံးကိုပြန်ချုပ်ပြီးပြောရရင် အချစ်ဆိုတာ ကိုယ့်ကိုယ်ကိုချစ်တဲ့ အတ္တတစ်ခုပါ ပါလာရင် အရာရာကိုပျက်ဆီးစေနိုင်တဲ့ အရာတစ်ခု၊ ပူလောင်ခြင်း၊ ၀မ်းနည်းခြင်း၊ ကြောင့်ကြခြင်းတွေကိုပဲ ပေးစေမယ့်အရာတစ်ခု။ အတ္တကိုဖယ်နိုင်ပြီး မေတ္တာနဲ့တွဲနိုင်ရင်တော့ အချစ်ဆိုတာ အရာရာကိုလှပဆန်းကြယ်စေတဲ့အရာ၊ ဘယ်လိုအခက်အခဲတွေကိုမဆို ကျော်ဖြတ်အောင်မြင်နိုင်တဲ့ ခွန်အားတစ်ခု၊ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ သာယာအေးချမ်းခြင်းတွေကို ပေးစေမယ့်အရာတစ်ခုပါ။ ဒီတော့ကိုယ်ချစ်တဲ့အချစ်က ဘယ်လိုအချစ်လဲဆိုတာကို မူတည်ပြီး အချစ်ရဲ့အနက်အဓိပ္ပါယ်ဟာလည်း ကွဲပြားသွားပါလိမ့်မယ်။ ကျွန်မအနေနဲ့ကတော့ အချစ်ဆိုတာကို လူတိုင်းအတွက် လှပခြင်း၊ သာယာခြင်းတွေကိုပဲ ပေးတဲ့အချစ် ဖြစ်စေချင်သလို၊ အားလုံးလည်း မေတ္တာနဲ့ယှဉ်သောအချစ်နဲ့ ချစ်နိုင်တဲ့သူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
စာကြွင်း။ ။ညီမလေးမီးငယ်ရေ မမဥာဏ်မီသလောက်၊ ရင်ဘတ်ထဲမှာ ခံစားမိသလောက် အချစ်ဆိုတာကတော့ ဒီလောက်ပါပဲကွယ်။ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ ကိုမိုးမြင့်တိမ်လည်း ဘယ်လိုရေးရမလဲဆိုတာ စဉ်းစားထားတော့နော်။ GreenGirl ရေးပြီးပါပြီ။း)

3 ယောက်ဝေဖန်သွားတယ်:
ဖတ်သွားတယ်။ညီမ. အချစ်ဆိုတာ သိတ်ခက်တဲ့ subject ပါဘဲ။
အမလေးဗျာ သူရေးပြီးတာနဲ့ အကိုလုပ်တဲ့သူကို ရန်ရှာပါရောလား။ ဘုရား ဘုရား ဘယ်လိုရေးရပါ့။ အတ္တကင်းတဲ့ အချစ်တဲ့။ ဒါပေါ့ညီမလေးရယ် သိပ်မှန်တာပေါ့။ ဒါဆို တကယ်ငြိမ်းချမ်းသွားမှာ။ ဒါနဲ့ ညီမလေး တဘက်သက်အချစ်တွေကို ကျတော့ ဘယ်လိုပြောမလဲ???? ထပ်ဖြေပေးပါ။ မပြည့်စုံသေးပါ။ ပိုစ့်တွင်ထပ်ဖြည့်ပေးပါ။
ကိုကြီး မှတ်ထားနော်..မမလဲ့အစားဖြေပေးမယ်..
တဘက်သက်အချစ်တွေဆိုတာ အများစုက စွန့်လွှတ်အနစ်နာခံခြင်းနဲ့ ပေးဆပ်ခြင်းတဲ့ မတိရင်မှတ်ထားနော် ခလေးကြီး..ဟိ.. :P(ကဲကဲသုံးခေါက်လိုက်ဆို...တဘက်သတ်အချစ်ဆိုသည်မှာစွန့်လွှတ်အနစ်နာခံခြင်းနဲ့ ပေးဆပ်ခြင်း ဖြစ်ပါသည်။ )
မမလဲ့ရေ ကျေးဇူးနော်...မှတ်သွားတယ်..အဟဲ
တစ်ဘက်သတ် နှစ်ဘက်သက်အလကားအချစ် မင်းမရှိလို့ငါ့မှာဘာမှ မဖြစ်..အဟဲ သီချင်းဆိုတာနော် :D
Post a Comment