October 12, 2008

လက်ရည်တပြင်တည်း

အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်.... တဲ့


ငယ်ငယ်က ရေဒီယိုမှာ ကြားရတတ်တဲ့ သီချင်းလေးတစ်ပုဒ်ပါ။ မိသားစု၊ ညီအစ်ကို မောင်နှမတတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ထမင်းစားတဲ့အခါ ဟိုးရှေးခေတ်က နှီးဒေါင်းလန်းကြီးရဲ့ အလယ်မှာ ဟင်းတွေပုံလို့ ဘေးပတ်လည်မှာ ထမင်းတစ်ပုံစီပုံကာ အဲ့ဒီဟင်းတွေက ကျလာတဲ့ ဟင်းရည်တွေက ဘေးမှာရှိတဲ့ ဟင်းတွေဆီကို စီးကျပြီး စားနေတဲ့သူ တစ်ယောက်စီရဲ့ ထမင်းနဲ့ဟင်းနယ်ဖတ်ထားတဲ့ အရည်တွေဟာလည်း နှီးဒေါင်းလန်းကြီးမှာ ပြန့်ကြဲလို့။ အဲ့ဒီလိုပြန့်ကြဲနေတဲ့ ထမင်း၊ဟင်းတွေကို အားလုံးစည်းစည်းလုံးလုံး စုစုဝေးဝေးနဲ့ အတူတူ စားသောက်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် မရွံမရှာဘဲ စားသောက်ကြတယ်တဲ့။ တနည်းအားဖြင့် လက်ရည်တပြင်တည်း စားသောက်တယ်ဆိုတာ အချင်းချင်းချစ်ခင်မှုကို ပြသသလို၊ စည်းလုံးခြင်းကိုလည်း ဖော်ဆောင်ပါတယ်။ ဟိုးအရင်ကလူကြီးတွေ၊ လူငယ်တွေ တစ်ယောက်နဲ့တစ်ယောက် အဲ့ဒီလောက်တောင် ချစ်ခင်စည်းလုံးကြတယ်ပေါ့။

ဒီဘက်ခေတ်ရောက်လာတော့ နှီးဒေါင်းလန်းနဲ့တော့ မစားကြတော့ပေမယ့် မိသားစုထမင်းဝိုင်း ဆိုတာကတော့ ရှိနေဆဲပါ။ မိဘ၊ညီအစ်ကို မောင်နှမတွေ စုစုရုံးရုံးနဲ့ အတူတူ ထမင်းတစ်ဝိုင်းတည်း စားကြတယ်လေ။ မိသားစုထမင်းဝိုင်းဟာ စားလို့လည်းမြိန်သလို မိသားစုအချင်းချင်း ပိုပြီးချစ်ခင်ရင်းနှီးမှုကို ဖြစ်စေတယ်လို့တော့ ခံစားမိပါတယ်။ မိသားစုတွေမှ မဟုတ်ပါဘူး။ လူမှုပတ်ဝန်းကျင်မှာ အစုအဝေး၊ အသင်းအဖွဲ့နဲ့ နေသူတိုင်း ၀ိုင်းလုပ်ဝိုင်းစားဆိုတာ ရှိပါတယ်။ အလုပ်လုပ်စရာရှိရင်လည်း မခိုမကပ် တက်ညီလက်ညီ လုပ်ကြသလို စားစရာရှိရင်လည်း အတူတူဝေမျှ စားသောက်ကြတာမျိုးပါ။

အဲ့ဒီလို လက်ရည်တပြင်တည်း ဆိုတာကိုတွေးမိတော့ ဟိုးအရင်မိသားစု ထမင်းဝိုင်းလေးကို သတိရသလို၊ ရန်ကုန်ရုံးမှာတုန်းက လုပ်ဖော်ကိုင်ဘက်၊ ဆရာတပည့်၊ မောင်နှမတတွေ အလုပ်တွေဘယ်လောက်များများ ထမင်းစားချိန်မှာ တစ်ယောက်နဲ့တစ်ယောက် စောင့်ပြီးအတူတူ ၀ိုင်းဖွဲ့စားကြတာကို သတိတရဖြစ်မိတယ်။ အိမ်မှာဆိုရင်လည်း ညနေဘက် ထမင်းစားချိန်ဆိုရင် လူမစုံသေးရင်တောင် ဘယ်သူပဲကျန်တော့တယ်၊ ရောက်တော့မှာပါ ခဏစောင့်ပြီးမှ စားတာပေါ့လို့ ပြောတတ်သလို၊ ရုံးမှာဆိုရင်လည်း မန်နေဂျာကစလို့ ကဲထမင်းစားမယ်ဆိုပြီး အတူတူရင်းရင်းနှီးနှီး စားကြတယ်။

အလုပ်များနေရင်တောင်မှ ဘယ်သူတော့ အလုပ်များနေတယ်၊ စောင့်လိုက်ဦးမယ်လို့ ပြောတတ်သလို၊ အလုပ်များနေတဲ့ သူကလည်း ထမင်းစားချိန်ရောက်လို့ မစားနိုင်သေးရင်တောင် မစောင့်နဲ့တော့ စားနှင့်တော့ရယ်လို့ တစ်ယောက်နဲ့တစ်ယောက် ညှာတာပြီး ပြောလေ့ရှိတယ်လေ။ အချိန်လွန်နေရင်တောင် ဘေးကလူက ဟဲ့အချိန်လွန်နေပြီ၊ သိပ်ပြီးလုပ်စရာ မကျန်တော့ရင် ထမင်းအရင်စားဦး၊ ပြီးမှဆက်လုပ်ဆိုပြီး သတိပေးတတ်တယ်။ ဘယ်လောက်များ ချစ်စရာကောင်းတဲ့ အပြုအမူပါလဲ။ အခုတော့ အဲ့လိုဝိုင်းဖွဲ့ မစားရတာကြာပါပြီ။ မိသားစုထမင်းဝိုင်းဆိုတာ ဝေးတာကြာပြီပေါ့။ ဘယ်လောက်ကြာကြာဆက်ပြီး တစ်ယောက်တည်း စားရဦးမလဲတော့ မသိနိုင်သေးဖူးလေ။

ဒါနဲ့ပဲ တစ်ယောက်တည်း ထမင်းစားရတာ ပျင်းတာလည်းတစ်ကြောင်း၊ ထမင်းဝိုင်းဆိုရင် စားဝင်တာကလည်း တစ်ကြောင်းကြောင့် ဒီနေ့မနက်က ညနေကျရင် ဘာဟင်းချက်မယ်လို့ စဉ်းစားပြီးတာနဲ့ GreenGirlနဲ့ အနီးဆုံးနေတဲ့ ကိုမိုးမြင့်တိမ်ကို ညနေထမင်းလာစားမလားလို့ မေးတော့ သူကလည်းလာခဲ့မယ်တဲ့။ :P သူလာမယ်ဆိုရင် GreenGirlက ဟင်းချက်ရတာ အားရှိတယ်လေ။ ဘာလို့လည်းဆိုတော့ တစ်ယောက်တည်းဆိုရင် ကိုယ့်ဟာကိုယ်ချက်ပြီး ကိုယ့်ဟာကိုယ် တစ်ယောက်တည်း စားရတာ။ မောပြီးတော့ စားလည်းမစားနိုင်တော့ဖူးလေ။ ချက်ရတာပင်ပန်းတာပဲ ရှိတယ်။

အစ်ကိုလာတော့ ကိုယ်ချက်တာတွေ သူပါစားပေးတော့ အဆင်ပြေတာပေါ့။ ကိုယ်လည်း ချက်ပြီးစားမယ့်သူရှိတော့ မောရကျိုးနပ်တယ်။ ကိုယ်ဘာချက်ချက် အစ်ကိုကလည်း စားတယ်။ ငန်ငန်၊ ချဉ်ချဉ် ဘာမှပြောဖူး။ :D ထမင်းစားရင်း ရှေးဟောင်းနှောင်းဖြစ် ပြောဖြစ်သလို၊ လက်ရှိအခြေအနေလည်း ပြောဖြစ်တယ်လေ။ ပညာရေး၊ လူမှုရေး၊ စီးပွားရေးတွေပေါ့။ အဲ့ဒါကြောင့်လည်း ထမင်းဝိုင်းနဲ့စားတာ ပိုပြီးစားဝင်သလို ပိုပြီးရင်းနှီးမှု ရှိတယ်လို့ ပြောတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် GreenGirl အတွက်တော့ ကိုယ်ချက်တဲ့ဟင်းကို အချိန်မရွေး လာစားပေးမယ့် အစ်ကိုတစ်ယောက်ရှိတာ တော်တော်ကံကောင်းတယ် ပြောရမှာပဲ။ အဟဲ... ဘာဟင်းဖြစ်ဖြစ်၊ ဘယ်လိုအရသာဖြစ်နေနေ မငြီးမငြူစားပေးတဲ့ အစ်ကိုမိုးမြင့်တိမ်ကို ကျေးဇူးအများကြီးတင်သလို နောက်ထပ် အမြဲတမ်းဒီလို ခေါ်နိုင်ပါစေဆိုတဲ့ အစ်ကိုပေးတဲ့ဆုနဲ့လည်း ပြည့်ပါစေလို့ ဆုတောင်းပါတယ်။

အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တပြင်တည်း ရှေးကထက် ပိုချစ်နိုင်ပါစေပေါ့...




( ဘဲဥချဉ်ရည်ဟင်း၊ မုန်ညင်းရွက်ကြော်၊ ငါးပိကြော်နဲ့ ညနေစာတူတူ စားခြင်း အမှတ်တရပါ။ ချက်ရတာ အခက်ကြီး မဟုတ်ပေမယ့် တစ်ယောက်တည်း ဆိုရင် အဲ့ဒီလောက်လေး ချက်ပြီးရင်တောင် မစားနိုင်တော့လောက်အောင် မောလို့ပါ။ နောက်တစ်ခါဆိုရင်တော့ ဒီထက်ကောင်းအောင် ချက်ဖို့ ကြိုးစားရဦးမယ်...း) )

8 ယောက်ဝေဖန်သွားတယ်:

မိုးမြင့်တိမ် said...

အောင်မလေးဗျာ နောက်တစ်ခါဆို လာမစားရဲအောင် လုပ်တာလားညီမလေးရေ။ မိုးမြင့်တိမ်ငတ်တာတော့ လူတွေသိကုန်တော့မှာဘဲ။

GreenGirl said...

အန်..ကိုကြီး ငတ်ပါဘူး။ လဲ့လဲ့ခေါ်လို့ လာစားပေးတာပါ။ အခုလိုလာစားတဲ့အတါက်တောင် ကျေးဇူးတင်ပါတယ်း)

Moe Myint Tane said...

Photo ပေါ်မပေါ် စမ်းကြည့်တာ

မီးငယ် said...

ကိုကြီး အဲသလိုပဲအိမ်လှည့်ပြီးစားနေကျလား..ဟဲဟဲ..တော်ပီ ညီမလေး စလုံးကိုလာတော့ဝူးကျောင်းပီးရင် ဟီးဟီး....(စတာနော် အစ်ကိုကြီးချိတ်ချိုးနဲ့).. မမလဲ့ကအစ်ကိုကြီးပဲခေါ်တယ်..ညလေးကျတော့ခေါ်မကျွေးဘူး...အဟင့်ဟင့်...

KPZ said...

သူတို့ပဲ စားကြတယ်၊ သူများကိုကျတော့ ခေါ်ဝူး။ ဟွန်း.. နှစ်ယောက်လုံးကို စိတ်ဆိုးတယ်။ :)

masumon said...

ညီမလေးရေ စားချင်လိုက်တာဟယ်
အစ်မက ဘဲဥချဉ်ရေဟင်း တော်တော်ကြိုက်တယ် ထိုင်းမှာက တစ်လုံးကို နှစ်ဘတ်..ခနခန ချက်စားတယ်..မုန်ညင်းရွက်ကြော်နဲ့  ငါးပိကြော်လဲ မိုက်တယ် စားချင်တယ်..

khin oo may said...

နောက်ဆိုရင် ဟင်းချိုလေးပါ ထည်.ပါ ညလေး။ ရေကလေး ပြူတ် ဆုလာရင် ဟင်းရွက်ထည်. အချိုမျူန်းဆာ.ထည်.ပြိြးီ့ပီ။ ဟင်းခါးလေ. ချဉ်ရည်လေးလုပ်ပါ. များများလက်ရည်သွေးပါ။ တိုးတက် မည်။
(ဟိ နှမ်းဖြူးခဲ့သည်)

khaingzm said...

nar u lar pay tae .. bae au !!.. ae dar par htae yayy payy par.. hont.. :P