ဘယ်နေရာမှာမဆို ဆရာမဖြစ်ခင် တပည့်အရင်လုပ်ရတယ်တဲ့။ ဆရာမပြရင် ငါးပိဖုတ်တာတောင် နည်းမကျဘူးလို့ ဆိုကြတယ် မဟုတ်လား။ လူတစ်ဦးတစ်ယောက်စီရဲ့ ဘ၀တိုင်းမှာလည်း မွေးကင်းစကနေ သေဆုံးတဲ့အထိ ကိုယ့်ရဲ့တတ်မြေက်မှု တစ်ခုစီတိုင်းမှာ ဆရာတစ်ယောက်စီ ရှိနေတတ်တယ်။ ကျွန်မအသက် ၂၆နှစ်ရောက်တဲ့အထိ နည်းခံလာရတဲ့ ဆရာတွေအများကြီးပါပဲ။ မသေမချင်းလည်း ဆရာသမားဆိုတာ ရှိလာဦးမှာပါ။ အဲ့ဒီဆရာတွေ အများကြီးထဲကမှ အခုလတ်တလောမှာ စိတ်ထဲက တော်တော်လေး အမှတ်တရ ဖြစ်နေမိတဲ့ ကျွန်မရဲ့ လက်ဦးဆရာတစ်ယောက်နဲ့ ပတ်သက်တဲ့ မှတ်မှတ်ရရလေးတွေ ပြောပြမယ်။
၂၀၀၃ခုနှစ် နိုဝင်ဘာလမှာ ကျွန်မဂျီတီအိုင် ဒုတိယနှစ်အောင်မြင်ခဲ့ပြီး အဲ့ဒီနှစ် နိုဝင်ဘာ ၂၃ရက်နေ့မှာပဲ ဇေကမ္ဘာဆောက်လုပ်ရေးမှာ ကျွန်မအလုပ်ဝင်ဖြစ်ခဲ့တယ်။ ကျွန်မတစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်မနဲ့အတူ ကျောင်းဆင်းဘက်လည်းဖြစ်၊ တစ်တန်းတည်း သူငယ်ချင်းလည်းဖြစ်တဲ့ နွေးနွေးရယ်၊ မေစန္ဒာရယ် သုံးယောက်အတူတူပေါ့။ ကျွန်မတို့သုံးယောက်ဟာ အပြင်လောက လုပ်ငန်းခွင်အကြောင်းကို ဘာမှမသိကြသေးပါဘူး။ လောလောလတ်လတ် ကျောင်းဆင်းတာမှ တစ်ပတ်ပဲရှိသေးတဲ့ အရိုးခံ၊ ကလေးစိတ်လေးတွေပါ။ အဲ့ဒီတုန်းက ကျွန်မတို့အသက်တွေက ၂၁နှစ်ပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကမှ ဂျီတီအိုင်ကျောင်းသား အဖြစ်နဲ့ Fieldဆင်းနေသေးတာ။ နေ့ချင်းညချင်း ကုမ္ပဏီဝန်ထမ်း ဖြစ်ခဲ့ရတယ်။
အင်ဂျင်နီယာပညာဆိုလို့ ကျောင်းစာကလွဲလို့ ဘာမှလက်တွေ့ကျကျ အသုံးမချတတ်သေးတဲ့၊ ဘာမှမတတ်သေးတဲ့ ကျွန်မတို့တတွေကို အလုပ်နဲ့ ပတ်သက်တာတွေ သင်ကြားပေးဖို့ ကျွန်မတို့ထက် အလုပ်ဝင်တာ ၂နှစ်လောက်စောသလို ဒါရိုက်တာရဲ့ ညာလက်ရုံးလို့လည်း ပြောလို့ရတဲ့ စီနီယာအစ်ကို တစ်ယောက်ကို ဒါရိုက်တာက တာဝန်ပေးခဲ့တယ်။ စီနီယာကျတယ်ဆိုပေမယ့် သူကအသက်ခပ်ကြီးကြီးတော့ မဟုတ်ဘူး။ အလွန်ဆုံး အသက်ပိုကြီးမှ ၂နှစ်ပေါ့။ ပြီးတော့ မျက်မှန်နဲ့။ QSအလုပ်တွေကို တစ်ယောက်တည်း အကုန်သိမ်းပြီး လုပ်နေတဲ့ သူ့အတွက်တော့ ကျွန်မတို့ သုံးယောက်ဟာ အသစ်စက်စက် ပထမဦးဆုံး တပည့်လေးတွေ ဖြစ်မယ်ထင်ပါရဲ့။
အလုပ်စ၀င်ပြီး ဒုတိယနေ့မှာပဲ ကျွန်မတို့သုံးယောက်နဲ့ တစ်ရုံးလုံးက ဗိုလ်ထိန်လို့ ခေါ်ကြတဲ့ ကျွန်မတို့ဆရာ လှလှပပကြီးကို တွေ့ကြပါတော့တယ်။ ကိုယ့်အိမ်မှာကိုယ် အကြီးဆုံးတွေ ဖြစ်ကြတဲ့ ကျွန်မတို့သုံးယောက်၊ သူ့အိမ်မှာ အငယ်ဆုံးဖြစ်တဲ့ ကျွန်မတို့ဆရာ။ ကျွန်မတို့ သုံးယောက်က ကျောင်းဆင်းကာစ ကလေးစိတ်ကလည်း မပျောက်သေးတာမို့ ဆရာဆိုပေမယ့် အစ်ကိုအရွယ်မို့ "ကိုကြီး"လို့ ခေါ်ဖြစ်ကြတယ်။ ပထမတော့ သူ့ကိုယ်သူ ကျွန်တော်လို့ ပြောတတ်တဲ့ ဆရာ၊ ကျွန်မတို့ ကိုကြီးလို့ခေါ်တာကို နားယဉ်သွားတဲ့အခါ သူ့ကိုယ်သူ အစ်ကိုလို့ ပြောတတ်လာခဲ့တယ်။
ဆရာတပည့် လေးယောက်သာရှိတဲ့ QS Section မှာ ကျွန်မတို့အတွက် အစစအရာရာ ခေါင်းခံမယ့်သူဟာ အစ်ကိုပါ။ သူအမြဲဆူလို့ ရတာလည်း ကျွန်မတို့ သုံးယောက်ပါပဲ။ ပထမဆုံး အစ်ကိုကျွန်မတို့ကို သင်ပေးတာ Data Combination ပေါ့။ ဒါပေမယ့် ကျွန်မနဲ့ နွေးနွေးသာ အဲ့ဒီအပိုင်းကို လုပ်ရတာ များပါတယ်။ မေစန္ဒာကတော့ Drawing တွေနဲ့ပဲ အမြဲတွက်နေရတတ်တယ်။ အဲ့ဒီမှာ ကျွန်မတို့ သုံးယောက်ရဲ့ ကျွမ်းကျင်မှုဟာ မတူတော့ပါဘူး။ မေစန္ဒာက Drawing ဖတ်တာလည်း တော်ပါတယ်။ ပုံတွေကိုလည်း မြင်လွယ်တယ်။ အနုစိတ်ကြည့်ရမယ့် ပုံဆိုရင်လည်း စိတ်ရှည်ပါတယ်။
ကျွန်မနဲ့ နွေးနွေးက ပုံဖတ်အား နည်းပါတယ်။ ကျွန်မဆိုရင် ပိုဆိုးပါတယ်။ လက်ပေါက်ကပ်ရင် အဲ့ဒီပုံကို မဖတ်ချင်တော့ပါဘူး။ ကျွန်မတို့ကြည့်ခဲ့ရတဲ့ ပုံတွေဟာ မြန်မာပြည်က ကိုယ့်ဟာကိုဆွဲတဲ့ ပုံတွေမဟုတ်ဘဲ၊ တန်၂၀၀ ပျော့ဖတ်စက်ရုံ စီမံကိန်း ( သာပေါင်း )အတွက် တရုတ်ပြည်က ချပေးတဲ့ ပုံတွေဖြစ်ခဲ့တော့ ပိုပြီးစိတ်ညစ်ရပါတယ်။ Main Drawing တစ်ပုံဆိုရင် Refer Detail Drawing နဲ့ Standard Drawing တွေက ငါးပုံလောက်ရှိပါတယ်။ အေ၀မ်းဆိုက်ဇ် ပုံတွေအကုန် ဖြန့်ခင်းလိုက်ရင် စောင်ခြုံပြီး အိပ်လို့ရပါတယ်။
အဲ့ဒီလိုနဲ့ မေစန္ဒာက Drawing ကနေ Measurement တွက်ထုတ်ရတဲ့ အပိုင်းများပြီး ကျွန်မနဲ့နွေးနွေးက တွက်ပြီးသား Measurement တွေကို ကွန်ပျူတာထဲကိုထည့်ပြီး ပစ္စည်းအရေအတွက်နဲ့ နောက်ဆုံးခန့်မှန်းတန်ဖိုး ရတဲ့အထိ ဆက်ပြီးတွက်ထုတ်ပေးရပါတယ်။ ကျွန်နဲ့ နွေးနွေးဟာ အင်မတန် စေ့စပ်သော၊ စိတ်တိုတတ်သော၊ ဆူတတ်သော အစ်ကိုရဲ့ ဆူပူခြင်းကို နေ့စဉ်နဲ့အမျှ ခံရတတ်ပါတယ်။ တစ်ခါတစ်လေဆိုရင် မျက်ရည်တောင် ပေါက်ပေါက်ကျပါတယ်။
အဲ့ဒီနေ့က ကျွန်မကို Project Engineer က Steel Structure တွေတွက်ခိုင်းပါတယ်။ တစ်ခါမှ သံထည်တွေရဲ့ Estimate ကိုမတွက်ဖူးတဲ့ ကျွန်မ၊ ကြိုးစားပမ်းစားနဲ့ ရှိသမျှလူ အကုန်လျှောက်မေးလိုက်၊ Referance တွေကြည့်ပြီး တွက်လိုက်နဲ့ ပြီးတော့ပြီးသွားပါတယ်။ ပြီးတော့ ခန့်မှန်းတန်ဖိုး ထွက်တဲ့အထိ ဆက်တွက်ပေးရမယ်ဆိုတော့ ကျွန်မပဲ ဆက်တွက်ပေးရပါတယ်။ ကွန်ပျူတာထဲကို Data တွေထည့်တဲ့အခါ Format ကရှိပြီးသားပါ။ ကျွန်မက ရိုက်ထည့်ပြီး Formula သွင်းရုံပါပဲ။ ဈေးနှုန်းတွေကတော့ အလုပ်ဝင်ကာစမှာ သိပ်မသိသေးတော့ ခဏခဏ မေးရတာပေါ့နော်။ ဒီလိုနဲ့ ကျွန်မရဲ့ Steel Structure တွေ ခန့်မှန်းတန်ဖိုး ထွက်သွားတယ်။ Print ထုတ်ခါနီးကျတော့ ပုံမှန်အတိုင်း အစ်ကို့ဆီမှာ အစစ်ခံရတာပေါ့။ ဇာတ်လမ်းက အဲ့ဒီမှာ စပါတော့တယ်။
အစ်ကိုက စစ်ပြီဆိုရင် Estimate တစ်စောင်လုံးကို Format ကအစ Formula အဆုံး အကုန်လိုက်စစ်တာပါ။ Format ကလည်း သူပဲကျွန်မကို ပေးတာပါ။ ကျွန်မဘာမှ မပြင်ပါဘူး။ အဓိကကျတဲ့ Data တွေမှန်လို့ တန်ဖိုးငြိမ်သွားရင် ပြီးပြီလို့ ကျွန်မက ခံယူတယ်လေ။ ဒါပေမယ့် အစ်ကိုက ပထမအကြိမ် စစ်လို့ မှားနေတဲ့ဈေးနှုန်းတွေ ပြင်ခိုင်းပြီး ကျွန်မစိတ်က ပြီးပြီလို့ ထင်တဲ့အချိန်မှာ ဘာထပ်ပြောလည်းဆိုတော့ Item ခေါင်းစဉ်တွေကို Bold တင်ပါတဲ့။ ကျွန်မလုပ်ပေးလိုက်ပါတယ်။ အချိန်က ညနေ ၆း၀၀ ရှိနေပါပြီ။ ဒါလေးပြီးရင် အိမ်ပြန်ရတော့မယ်ဆိုပြီး မျှော်လင့်ချက်လေးနဲ့ မြန်မြန်ပြီးစေချင်လို့ ဘာမှအတွန့်မတက်ပဲ လုပ်ပေးနေတာပါ။ နောက်တစ်ခါ သူပြန်လာကြည့်ပြန်တယ်။ ဟိုလိုကြည့်လိုက် ဒီလိုကြည့်လိုက်နဲ့ Item ခေါင်းစဉ်တွေ အောက်မှာ Underline တားပါတဲ့။ ဒီတစ်ခါပြီးရင်တော့ ပြီးလောက်ပြီပေါ့။ ကျွန်မလုပ်ပေးလိုက်ပါတယ်။ နောက်တစ်ခါ ပြန်လာကြည့်တဲ့ အချိန်မှာ ကျွန်မ တော်တော်လေး စိတ်တိုသွားမိတယ်။ ခုနက Bold တင်ထားတာတွေ ပြန်ဖြုတ်ပါတဲ့။ ကျွန်မမျက်နှာ တော်တော်လေးကို ပျက်နေပြီ ဆိုတာကို သူမသိတာလား၊ မသိဟန်ဆောင်နေတာလား မသိပါဘူး။ လူကို တမင်သက်သက် ရစ်နေသလိုပါပဲ။ အိမ်ပြန်ရောက်တော့ ကျွန်မ မျက်ရည် ပေါက်ပေါက်ကျရပါတယ်။
ဒီအဖြစ်အပျက်ကို နွေးနွေးနဲ့ မေစန္ဒာကို ပြောပြတော့ သူတို့နှစ်ယောက်က နောက်ပြီး အစ်ကို့ကို ကျွန်မဆရာလို့ ပြောကြပါတယ်။ တစ်ခုခုပြောရင် မလဲ့ နင့်ဆရာကလေ ဘာညာပေါ့။ သူတို့ကသာ အဲ့ဒီလို ပြောပေမယ့် တစ်ရုံးလုံးကတော့ ကျွန်မတို့သုံးယောက်ကို ဗိုလ်ထိန်တပည့်တွေလို့ အသိအမှတ် ပြုပြီးသားပါ။ စကားပြောဖြစ်ကြရင်တောင် နွေးနွေးတို့ဆရာက၊ မေစန္ဒာတို့ဆရာက ဆိုပြီးတော့ ကျွန်မတို့သုံးယောက် နာမည်တွေနဲ့ တွဲပြီးပြောတတ်ကြပါတယ်။ လေးငါးလလောက် ကြာတဲ့အခါ အလုပ်တွေအသားကျလာတယ်။ အစ်ကိုကလည်း တစ်နေ့တစ်မျိုး မရိုးအောင် ဆူတတ်သလို ကျွန်မတို့သုံးယောက်ကလည်း တစ်ယောက်တစ်မျိုး မထပ်အောင် စိတ်ကောက်ကျပါတယ်။ သုံးယောက်သား အတင်းပြောရင်းက အစ်ကို့ကို ခေါ်တဲ့ ကျွန်မတို့ စကားဝှက်က ဆရာဂလဲ (Glare) ရယ်လို့ ဖြစ်သွားတယ်။ တစ်ရုံးလုံး ဘယ်သူမှ မသိခဲ့တဲ့ စကားဝှက်ပါပဲ။ :P
တကယ်တော့ အစ်ကိုက သူ့ညီမလေးတွေ အရွယ်သာရှိသေးတဲ့ ကျွန်မတို့ သုံးယောက်အပေါ်မှာ အစ်ကိုကြီး တစ်ယောက်လို၊ ဆရာသမားလို စေတနာထားသလို အမြဲတမ်းလည်း ကျွန်မတို့ ရှေ့ကရပ်ခဲ့သူပါ။ သူသိသမျှ၊ သူတတ်သမျှကို သူ့တပည့်တွေဖြစ်တဲ့ ကျွန်မတို့ကို အကုန်တတ်စေချင်တယ်။ ဆူစရာရှိရင် သူပဲ နာအောင်ဆူတတ်သလို၊ စိတ်ကောက်သွားမှန်း သိရင်လည်း ချော့တတ်ပါတယ်။ ကျွန်မနဲ့မေစန္ဒာက ငိုခဲပါတယ်။ နွေးနွေးကတော့ မျက်ရည် တစမ်းစမ်းနဲ့။ ကျွန်မတို့ကလည်း ဆူခံရတုန်းသာ စိတ်ကောက်ကြတာပါ။ တကယ်တမ်း တစ်ခုခုအရေးအကြောင်းဆိုရင် "ကိုကြီးရေ" လို့ပဲ အပူကပ်ရတာပါပဲ။
ကျွန်မတို့ သုံးယောက်က ရွယ်တူလည်းဖြစ်၊ ကျောင်းတုန်းကတည်းက သူငယ်ချင်းလည်း ဖြစ်ခဲ့တော့ လူလစ်ပြီဆိုရင် စကားအင်မတန် ပြောချင်ပါတယ်။ စားပွဲချင်းကပ်လျက် နွေးနွေးနဲ့ ကျွန်မက ပိုဆိုးပါတယ်။ ဆရာဂလဲ လစ်တာနဲ့ ရှိသမျှ ပေါက်ပန်းစေ့ အကုန်ပြောပါတောတယ်။ အဲ့ဒါကိုသိတဲ့ အစ်ကိုက ညီးတို့နှစ်ယောက် သိပ်စကားများတယ်။ နောက်ဆိုရင် နေရာခွဲထားမယ်လို့ ပြောတယ်လေ။ သုံးယောက်သား ပြောဖြစ်တော့ ရယ်မိကြတယ်။ ငါတို့ကိုများ သူငယ်တန်းကလေးတွေ ကျနေတာပဲပေါ့။ ပြီးတော့ ရှိသေးတယ်။ အစ်ကိုက အလုပ်လုပ်ရင် စေ့စေ့စပ်စပ်နဲ့ သပ်ရပ်ပါတယ်။ ဘယ်နေရာမှာ ဘာလုပ်ထားတာ ဘာကြောင့်ဆိုတာမျိုးကို အတိအကျမှတ်ထားတတ်သူပါ။ သူလုပ်ထားတာတွေလည်း ကျွန်မတို့ကို သေချာပြောပြတတ်တယ်။
ဒါပေမယ့် တပည့်ဆိုတာ ဆရာကို မှီခိုတယ်လေ။ ကျွန်မနဲ့ နွေးနွေးက ဘယ်တော့မှ မမှတ်ပါဘူး။ အရေးအကြောင်းရှိလို့ ထားပါတော့ ဈေးနှုန်းတစ်ခုခု အထူးအဆန်းပါလို့ ဒီဈေးနှုန်းဘယ်ကရလဲလို့ မေးရင် သူပြောထားတာတွေ ခေါင်းထဲက ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပါတယ်။ ကျွန်တို့ လက်သုံးစကားက "ကိုကြီးပြောတာလေ၊ ကိုကြီးဆီက ယူတာလေ" ဆိုတာပါပဲ။ အဲ့ဒီစကားကို အစ်ကိုကလည်း မကြိုက်ဆုံးပါပဲ။ အမှန်တော့ ဒီအကျင့်မကောင်းမှန်းလည်း သိပါတယ်။ ဒါပေမယ့် ကိုယ့်ရှေ့မှာ ခေါင်းခံမယ့်သူရှိတော့ သေချာမမှတ်တာပါ။ ညီးတို့တတွေ ငါပြောရင် မကြိုက်ဖူး။ လေ့လာပါဆို အိပ်ငိုက်နေတယ်။ ပြီးရင် ကိုကြီးက ဘာမှမပြောဘူးလို့ ပြောဦးမယ်။ ငါဆူတော့လည်း မျက်ရည် တစမ်းစမ်းနဲ့ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး တဗျစ်တောက်တောက် ဆူရင်တော့ သုံးယောက်လုံး ငြိမ်ကုတ်နေတာပါပဲ။ ဘာသံမှမထွက်ရဲပါဘူး။
အိုးကောင်းချင်ရင် နာနာရိုက်ရတယ်တဲ့။ ဆန်ရင်း နာနာဖွတ်ရတယ်တဲ့။ တကယ်တော့ အစ်ကိုဟာ ကွှန်မတို့ သုံးယောက်ကို သူတတ်သလို သိစေချင်၊ တတ်စေချင်လို့ သူလိုချင်တဲ့ ပုံစံမရတဲ့အခါ ဆူခဲ့တာပေါ့။ ရုံးချုပ်မှာဆိုလည်း ရုံချုပ်မှာမိုလို့၊ Site ထဲမှာဆိုလည်း Site ထဲမှာမိုလို့၊ စက်မှု (၁)မှာ Estimate တွေစစ်တော့လည်း စက်မှု (၁)မှာမို့လို့ အစ်ကိုတစ်ယောက်လို အစစအရာရာ စောင့်ရှောက်ဂရုစိုက်ခဲ့တယ်။ ကျွန်မတို့ သုံးယောက်ကလည်း ဘယ်နေရာမှာ ဘာတွေဖြစ်နေနေ ဆရာဂလဲရှိရင် အလိုလိုလုံခြုံမှု ရှိနေသလိုပါပဲ။ သူဒီလောက် ပြောဆို သွန်သင်ခဲ့လို့လည်း သုံးနှစ်ဆိုတဲ့ ကာလမှာ ကျွန်မတို့သုံးယောက် အတွေ့အကြုံတွေ အများကြီး ရခဲ့တယ်။ ဒါပေမယ့် ၀န်ခံပါတယ်။ ကျွန်မတို့သုံးယောက်ဟာ ဆရာဂလဲခြေရာကို ခြေဖျားတောင် လိုက်မမီသေးပါဘူး။ ဆူခံလိုက်၊ စိတ်ကောက်လိုက်နဲ့ပဲ ဆရာဂလဲနဲ့ ကျွန်မတို့သုံးယောက်ဟာ လုပ်ဖော်ကိုင်ဖက်၊ ဆရာတပည့်ဆိုတာထက် မောင်နှမလို သံယောဇဉ်ဖြစ်ခဲ့ကြတယ်လေ။
အခုတော့လည်း တစ်ချိန်က တစ်မိုးတည်းအောက်မှာ အတူတူတက်ညီလက်ညီ ရင်ဆိုင်လှုပ်ရှားလာတဲ့ ကျွန်မတို့ဆရာတပည့် လေးယောက်လုံး စင်္ကာပူကို ရောက်နေကြပါပြီ။ အစ်ကို ကိုယ်တိုင်ကိုက QS Firm ကိုစိတ်ကုန်ပြီး Auto CAD လိုင်းကို ပြောင်းခဲ့သလို မေစန္ဒာကလည်း Auto CAD အပိုင်းကို ပြောင်းသွားတယ်။ ကျွန်မနဲ့ နွေးနွေးသာ QSအဖြစ် ဆက်လက်ရပ်တည်ခဲ့တယ်။ နွေးနွေးနဲ့ မေစန္ဒာတို့ရဲ့ စိတ်ထဲမှာ ကျွန်မတို့ရဲ့ အလုပ်သင်ဘ၀ နေ့ရက်တွေကို သတိရမရမသိပေမယ့် ကျွန်မကတော့ အလုပ်တစ်ခုပြောင်းတိုင်း လက်ဦးဆရာဖြစ်တဲ့ အစ်ကိုဆရာဂလဲကို သတိရပါရဲ့။
Estimate တစ်စောင် ဖြစ်လာဖို့အတွက် ပထမအဆင့်ဖြစ်တဲ့ အတိုင်းအတာ တွက်ချက်မှုက စလို့ နောက်ဆုံးခန့်မှန်းချေတန်ဖိုး ထွက်လာတဲ့အထိ အကိုးအကားတွေ သိမ်းဆည်းတတ်အောင်၊ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို အထက်လူကြီးက ဘယ်လိုပြန်ပြီး မေးခွန်းတွေ ထောက်လာနိုင်တယ် ဆိုတာကို ကြိုတင်စဉ်းစားတတ်အောင်၊ ကိုယ်ယူသုံးလိုက်တဲ့ အချက်အလက်တစ်ခုရဲ့ ဇစ်မြစ်က ဘယ်ကလာတယ်ဆိုတာမျိုး တိတိကျကျလေ့လာ မှတ်သားထားတတ်အောင် အများကြီးလေ့ကျင့်ပေးခဲ့သူပါ။ ကျွန်မအလုပ် လေးခုပြောင်းလာပေမယ့် ဘယ်စီနီယာကမှတော့ အစ်ကိုလောက် အာပေါက်ခံပြီးမပြောပါဘူး။ တော်ရုံတန်ရုံ ခေါငိးလည်း မခံပါဘူး။ ကိုယ်မှားရင် ကိုယ်ခံပါပဲ။
အလုပ်အသစ်မှာ အစက ပြန်သင်ရတိုင်း ကျွန်မနားထဲမှာ အစ်ကိုဆူတတ်တဲ့ နေရာလေးတွေကို ပြန်ကြားယောင်တယ်။ ဘယ်နေရမှာ ဘာလုပ်ရင်တော့ ဘယ်လိုဆူဖူးတယ်။ ဘယ်နေရာမှာ ဘယ်လိုအမှားမျိုး ရှိနိုင်တယ် ဆိုတာမျိုးတွေ ကျွန်မအမြဲ အမှတ်ရပါတယ်။ အဲ့ဒီအတွက်လည်း ကျွန်မအလုပ်လုပ်တဲ့အခါ သတိအမြဲကပ်ခဲ့တယ်။ အထပ်ထပ်အခါခါ သင်ပေးခဲ့တဲ့ အစ်ကို့ကိုလည်း ကျွန်မကျေးဇူးတင်မိတယ်။ ကျွန်မQS လုပ်နေသမျှဟာ အစ်ကို့သင်ကြားမှုတွေပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မဟာ ဗိုလ်ထိန်တပည့်ပါပဲ။ ကျွန်မတစ်သက်မှာ လက်ဦးဆရာတွေထဲက လက်ဦးဆရာတစ်ယောက်။ လက်ဦးဆရာဆိုတာ မေ့ကောင်းသူမှ မဟုတ်ပဲလေ...။
စာကြွင်း။ ။ အလုပ်ဝင်ကာစ ကာလတွေကို ပြန်သတိရပြီး ရေးမိခြင်း ဖြစ်ပါသည်။ ဆရာဂလဲဟု ခေါ်ခြင်းအတွက် ချစ်ကြောက်ရိုသေရသော အစ်ကိုဆရာ ကိုမိုးမြင့်တိမ် စိတ်မဆိုးပါစေလိုကြောင်း။

3 ယောက်ဝေဖန်သွားတယ်:
အော် ဒီလောက်အတန်တန်ပြောထားတဲ့ ကြားထဲကရေးဖြစ်အောင် ရေးသေးတယ် ဘာတဲ့ ဆရာဂလဲ ဟုတ်လား အော်ပြောချင်တာတွေ ပြောပြီးတော့မှ စိတ်မဆိုးပါနဲ့တဲ့ ရမလား ဒီလိုလုပ်လို့ ဘယ်ရမလဲ ဟဲဟဲ စတာနော်ညီမလေး ဒီနေ့ဒီအချိန်မှာ အကို့ ညီမတွေ လုပ်ငန်းခွင်အသီးသီးမှာ ကျွမ်းကျင်အဆင့်တွေနဲ့ အဆင်ပြေနေတာတွေ့ရတာ ၀မ်းသာတယ်ညီမလေး အကိုဆူခဲ့ ပြောခဲ့ရကြိုး နပ်တာပေါ့ အခုအချိန်မှာ ညီမတို့က အကို့ထက်တောင်သာသွားလောက်ပါပြီ အဲဒီအတွက် အကိုကျေနပ်တယ် အကိုသွန်သင်ခဲ့တာတွေကို မမေ့တဲ့ ညီမလေးလည်း နောက်ဒီ့ထက်အောင်မြင်မှုတွေ ရပါစေလို့ အကိုလှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ် အော်ပြောဘို့မေ့တော့မလို့ ညီမပြောတဲ့ စကားဝှက်ကို တစ်ရုံးလုံး မသိဘူးလို့တော့မထင်နဲ့ ညီမလေး တစ်ယောက်သိတယ် အဲဒါ အကို ကိုယ်တိုင်ဘဲ ဒါပေမယ့် အကိုမသိချင်ယောင်ဆောင်နေခဲ့တာ ဘယ်လိုသိလည်းလို့တော့ မမေးနဲ့ အကိုက ညီမတွေရဲ့ အရိပ်အကဲကို ဖမ်းတဲ့ နေရာမှာ အရမ်းတော်တယ် ဟဲဟဲ
ဟီးဟီး... ဟုတ်လား ဒါဆို လဲ့လဲ့တို့ညံ့သေးတာပေါ့။ ပြောပြီးပြီပဲ...ကိုကြီးခြေဖျားကို မမီသေးဘူးလို့လေ :P
သြော်... ကိုမိုးမြင့်တိမ်က Green Girl ဆရာကိုး
အရေးအသားကလည်း ဆရာတပါးပါပဲဗျာ။
သူ့စာတွေ ကဗျာတွေ ကြိုက်တယ်။
Post a Comment