ကျွန်မဘ၀ရဲ့ ပဲ့ကိုင်
ကျွန်မဘ၀ရဲ့ ခွန်အား
ကျွန်မဘ၀ရဲ့ အလေးစားရဆုံးပုဂ္ဂိုလ်
ကျွန်မဘ၀ရဲ့ အလင်းရောင်
ကျွန်မအချစ်ဆုံး ဖေဖေ...
ကျွန်မဒီစာကို ရေးနေချိန်မှာ ဖေဖေဘယ်နေရာမှာ ဘာတွေလုပ်နေလဲ သေချာမသိပါဘူး။ ဒါပေမယ့် သားသမီးတွေအတွက်၊ မိသားစုအတွက်ဆိုတာကို စိတ်ထဲမှာထည့်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးချုပ်ရဲ့ တတိယထပ်တစ်နေရာမှာ ဖေဖေတစ်ယောက် သောင်တူးသင်္ဘောတွေနဲ့ အလုပ်ရှုပ်နေလိမ့်မယ်လို့တော့ ကျွန်မမှန်းမိပါတယ်။ ဖေဖေ နေကောင်းပါရဲ့လား။ အလုပ်တွေများပြီး စိတ်ဖိစီးမှုတွေ များနေလား။ ကျွန်မစိတ်ပူမိတယ် ဖေဖေ...။
သားသမီး မျက်နှာကို မှန်လိုတစိမ့်စိမ့် ကြည့်တတ်လို့ မဆူရက်၊ မပြာရက်နဲ့ ချစ်တတ်တဲ့ ဖေဖေ့ကို ကျွန်မသတိရတယ်။ ရုံးကပြန်လာတိုင်း သမီးစားဖို့၊ သားစားဖို့၊ မိန်းမစားဖို့ဆိုပြီး တစ်နေ့တစ်မျိုး မရိုးရအောင် မုန့်တွေဝယ်လာတတ်တဲ့ ဖေဖေ့ရဲ့ ရုံးပြန်ချိန်တွေကို ကျွန်မမြင်ယောင်တယ်။ မနက်မိုးလင်း အိပ်ရာထတိုင်း သားတို့သမီးတို့ ဘာစားကြမှာလဲလို့ မေးတတ်ပြီး မုန့်ဟင်းခါးဆိုရင် မုန့်ဟင်းခါး၊ အီကြာကွေးဆိုရင် အီကြာကွေး စားချင်တာကို ကားတစ်စီးနဲ့ သွားဝယ်ပေးတတ်တဲ့ ဖေဖေ့မေတ္တာကို အောက်မေ့တယ်။ တစ်နှစ်ခွဲကြာမှ အိမ်ကိုပြန်တာတောင် မနက်မိုးလင်း အိပ်ရာနိုးတဲ့ အချိန်မှာ သမီးစားဖို့ဆိုပြီး ညှပ်ခေါက်ဆွဲနဲ့ ဘူးသီးကြော်ကို တွေ့တော့ မုန့်ဟင်းခါးဝယ်ပေးတိုင်း ညှပ်ခေါက်ဆွဲနဲ့ ဘူးသီးကြော်စားတတ်တဲ့ ကျွန်မရဲ့အကျင့်ကို ဖေဖေအမှတ်တရ ရှိနေတဲ့အတွက် ကျွန်မတကယ်ပျော်ခဲ့တယ်။
သမီးတို့ညနေရုံးက ဘယ်အချိန်ပြန်ရမှာလဲ၊ ကျူရှင်ဘယ်အချိန် ပြီးမှာလဲ၊ ဘယ်ကိုလာကြိုရမှာလဲလို့ ရုံးသွားခါနီးမှာ စိတ်ဖြောင့်ဖြောင့်မသွားနိုင်ဘဲ အချိန်ဇယားမေးတတ်တဲ့ ဖေဖေ့မေးခွန်းတွေကို ကျွန်မအမြဲ ကြားနေမိတယ်။ ငယ်ငယ်က အိပ်ရာဝင်ချိန်မှာ ဖေဖေပြာခဲ့ဖူးတဲ့ ပုံပြင်တွေကို ပြန်တွေးနေမိတယ်။ သမီးကြီးက အဖေတူသမီးလို့ပြောရင် သဘောတွေကျပြီး ပြုံးနေတတ်တဲ့ ဖေဖေ့မျက်နှာပေါ်ကို အပြုံးကို ကျွန်မသိပ်ချစ်တယ်။ သမီးအကြီးဆုံး၊ ဖေဖေအချစ်ဆုံး၊ တန်ဖိုးအထားဆုံး၊ အားအထားဆုံးမို့ ကျွန်မအမှားတစ်ခု လုပ်မိရင် ဖေဖေစိတ်အဆိုးဆုံးဆိုတာ ကျွန်မနားလည်တယ်။
သားသမီးသုံးယောက်လုံး ဘွဲ့ရ၊ ပညာတတ်၊ အလုပ်အကိုင်ကိုယ်စီနဲ့ နေရာကျနေပြီလို့ ပြောခံရတိုင်း ပီတိဖြစ်နေတဲ့ ဖေဖေ့မျက်နှာပေါ်က အပြုံးဟာ ၂၈နှစ်တာ ဘယ်လောက်ပင်ပန်းခဲ့တယ်ဆိုတာ အရိပ်ထင်ဟပ်နေပါပြီ။ ဖေဖေ့ဦးခေါင်းမှာ ဆံပင်အနက်ရယ်လို့ တစ်ပင်မှမကျန်တော့ပါဘူး။ တွဲလျနေတဲ့ လည်ပင်းနဲ့ပါးပြင်က အရည်ပြားတွေ၊ တောက်ပမှုကင်းပြီး ရီဝေနေတဲ့ မျက်လုံးတွေကို ကြည့်ရင် အခုအချိန်ထိ ဖေဖေပင်ပန်းနေတာကို ကျွန်မမကြည့်ရက်ပါဘူး။ ကျွန်မဖေဖေ ဘယ်လောက်ပဲ ခန္ဓာကိုယ် သန်မာပါတယ်လို့ ပြောပြော စိတ်ပင်ပန်းမခံနိုင်တော့ဘူးဆိုတာ ကျွန်မနားလည်နေပါတယ်။ သူများတွေ အငြိမ်းစားယူပြီး အေအေးချမ်းချမ်းနဲ့ ဘုရားသွား၊ ကျောင်းသွားလို့ မြေးမြစ်တွေနဲ့ ပျော်နေတာတွေ့ရင် ဖေဖေ့ရဲ့ အငြိမ်းစားဘ၀ကိုလည်း အဲ့ဒီလို ငြိမ်းချမ်းစေချင်မိတယ်။
၂၀ရက်နေ့ ဇွန်လ ၂၀၀၈ခုနှစ်မှာ ဖေဖေ့အသက် ၅၇နှစ်တိတိပြည့်ခဲ့ပါပြီ။ တခြားဘာဆုမှ ထွေထွေထူးထူး မတောင်းချင်ပေမယ့် နောက်ထပ်အနှစ် နှစ်ဆယ်၊ သုံးဆယ်လောက်အထိတော့ သားသမီးတွေ၊ မြေးတွေနဲ့ ဖေဖေလိုချင်တဲ့ သိုက်သိုက်ဝန်းဝန်းရှိတဲ့ မိသားစုလေးမှာ အေးအေးချမ်းချမ်းနဲ့ အငြိမ်းစားဘ၀ကို ဖြတ်ကျော်စေချင်ပါသေးတယ်။ ဖေဖေ့အတွက် မွေးနေ့လက်ဆောင်ကို အမီမပို့ပေးနိုင်ပေမယ့် ကျွန်မစိတ်ထဲက တန်ဖိုးအထားဆုံး စကားတစ်ခုကို ဖေဖေ့အတွက် အမှတ်တရ ပြောမိပါတယ်...။

"ဖေဖေ့ကို သမီး အရမ်းချစ်တယ်"

0 ယောက်ဝေဖန်သွားတယ်:
Post a Comment