ကျွန်မကို GreenGirl ( အစိမ်းရောင်မိန်းကလေး ) လို့ ဒီဘလော့လေးနဲ့ ပတ်သက်ပြီး သိချင်လည်းသိကြမယ်။ အခြားအကြောင်းအမျိုးမျိုးကြောင့်လည်း သိချင်သိဖူးမယ်။ ဘယ်လိုကြောင့်ပဲသိသိ ကျွန်မကတော့ GreenGirl ပါပဲ။ ဘာကြောင့် ကျွန်မဒီစာကို ရေးဖြစ်သလဲဆိုတော့ မေးတဲ့သူတွေကလည်း မေးကြလို့ပေါ့နော်။ ဘာကြောင့် GreenGirl ဆိုတဲ့ နာမည်ကို ပေးသလဲတဲ့။ ဘာရယ်မဟုတ်ပေမယ့် ဒီနာမည်က ရုတ်တရက်ဆိုရင် ခပ်စိမ်းစိမ်းဖြစ်နေတာတော့ သေချာပါတယ်။ ကျွန်မက နာမည်သာ စိမ်းတာပါ။ လူကတော့ မစိမ်းဘူးဆိုတာ ခင်မင်သူတွေ သိကြပါတယ်။ ဒါကြောင့် ဘာလို့ ကျွန်မကိုယ်ကျွန်မ ဒီနာမည်ကို ပေးသလဲဆိုတာ မေးတဲ့သူတွေသိရအောင် အခုလိုပြောပြရတာပါ။
ပြောရရင် နည်းနည်းတော့ ရှည်လျားတယ်။ ဒါပေမယ့် ပြောမယ်။ ကျွန်မက သိတတ်စအရွယ်ကတည်းက အစိမ်းရောင်ကို အရမ်းကြိုက်ပါတယ်။ ဘာလေးပဲ ဖြစ်ဖြစ်စိမ်းနေမှ။ အ၀တ်အစားဆိုလည်း စိမ်းမှ။ အသုံးအဆောင်ဆိုလည်း အစိမ်းလေးမှ။ နောက်ဆုံး ထီးဝယ်တာတောင် အစိမ်းရောင်မရမချင်း လိုက်ဝယ်တတ်ပါတယ်။ ရန်ကုန်မှာဆိုရင် ယူဇနပလာဇာ လေးထပ်လုံးက ရှိသမျှထီးဆိုင် အကုန်ကုန်ပါတယ်။ အဲဒီလောက် အစိမ်းရောင်ကိုကြိုက်ပါတယ်။ ကြာတော့ ဈေးဝယ်ရင် ကျွန်မနဲ့အဖော်လိုက်ပေးတဲ့ သူငယ်ချင်းကတောင် ပြောပါတယ်။ တကိုယ်လုံးကို အစိမ်းရောင် သုတ်ထားလိုက်ပါလားတဲ့...။ ကောင်းရော။
နောက်တော့ Chatting တွေခေတ်စားလာတဲ့ အချိန်မှာ Chat Room ကိုဝင်ဖို့ နာမည်လှလှလေးတစ်ခု လိုလာခဲ့တယ်။ ကျွန်မကလည်း ခပ်အအရယ်။ သူများလို လှတပတနာမည်လည်း မပေးတတ်ဘူးလေ။ ကျွန်မရဲ့ Gtalk တောင် ကျွန်မနာမည်အရင်းတိုင်းပဲ ပေးထားတာလေ။ အဲဒီတော့ ကျွန်မကို Chat Room ၀င်ဖို့ သင်ပေးတဲ့ ညီမလေးတစ်ယောက်က အစ်မဘာအရာင်ကြိုက်သလဲလို့ မေးလာတော့ ကျွန်မလည်း အစိမ်းရောင်ကြိုက်တယ်ပေါ့။ ဒါနဲ့ပဲသူက တစ်ခါတည်း ကျွန်မကို GreenGirl ဆိုတဲ့ နာမည်ကို ပေးလိုက်တယ်။ ကျွန်မ အဲဒီနာမည်ကို ကြိုက်ပါတယ်။ အစိမ်းရောင်ကောင်မလေးပေါ့။ အဲဒီကနေစပြီး Nick Name သုံးရမယ့် နေရာတော်တော်များများမှာ GreenGirl ဆိုတာကို ကျွန်မသုံးခဲ့တယ်။
ဒါပေမယ့် ကျွန်မဘလော့ခ်ရေးဖို့ စဉ်းစားတုန်းကတော့ ဒီနာမည်ကို သုံးဖို့မစဉ်းစားခဲ့ဖူး။ "လွမ်းသုရင်" လို့ပေးမလို့ပါ။ ဘာလို့လဲဆိုတော့ လွမ်းသုရင်ဆိုတဲ့ နာမည်က ကျွန်မကျောင်းတတ်တုန်းက ကဗျာရေးရင် သုံးခဲ့တဲ့ နာမည်ဆိုတော့ အခုလည်းဆက်ပြီး ယူသွားမယ်ပေါ့။ အဲလိုတွေးပြီး ကျွန်မဘလော့ခ်တစ်ခုလုပ်တယ်။ လွမ်းသုရင်ဆိုတဲ့ နာမည်နဲ့ပါ။ ဘလော့ခ်သာ လုပ်လိုက်တာ။ ကျွန်မက အပျင်းထူသေးတယ်။ ပြီးတော့ အဲဒီအချိန်တုန်းက ကျွန်မရဲ့ အချိန်တော်တော်များများက Chatting နဲ့ပဲ ကုန်ဆုံးနေတာဆိုတော့ သူများရေးတာတော့ လိုက်ဖတ်တယ်။ ကိုယ်တိုင်တော့ တစ်ခါတစ်ရံ စိတ်ကူးပေါက်လို့ မတောက်တခေါက် ရေးတာကလွဲလို့ သတ်သတ်မှတ်မှတ်ကို မလုပ်ခဲ့ဘူး။
တစ်နေ့ကျတော့ ထူးထူးဆန်းဆန်း ကျွန်မရဲ့အစ်ကို ကိုစိုးမိုးကျော်က သူဘလော့ခ်တစ်ခု လုပ်နေတယ်လို့ ပြောလာတယ်။ ကျွန်မကလည်း သူလုပ်တယ်ဆိုတော့ အားပေးမယ်ပေါ့။ ကျွန်မနဲ့အစ်ကိုက အဲဒီလိုပါပဲ။ စကားအကောင်းပြောတဲ့ နေရာမှာလည်း ညီကြတယ်။ ဘယ်အရာကိုမဆို ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ရတယ်။ ရူးပေါပေါလျှောက်ပြောရင်လည်း အလိုက်သင့်လေး လျှောက်ပြောတတ်တယ်။ သူ့အကြောင်းကို ခရေစေ့တွင်းကျ ကျွန်မကိုပြောပြတတ်သလို ကျွန်မကလည်း အစ်ကိုတစ်ယောက်လို ဆွေးနွေးတိုင်ပင်နေကျပါ။ တကယ်မောင်နှမအရင်းလိုပါပဲ။ အဲလိုဆိုတော့ အစ်ကိုလုပ်တာဆိုတော့ ကျွန်မကလည်းလုပ်ပေါ့။ ဒါပေမယ့် သူကပြောလာတယ်။ ဒီဘလော့ခ်ကို ညီမလေးကိုပေးတယ်။ ညီမလေးကြိုက်တာရေးတဲ့။ အစ်ကိုပြန်ရင် ကျွန်မကို တစ်ယောက်တည်းထားခဲ့မှာလို့ အမြဲတမ်းပြောပြောနေတဲ့ ကျွန်မအတွက် တစ်ယောက်တည်းမဖြစ်ရအောင် ဘလော့ခ်လေးနဲ့ ထားခဲ့တာတဲ့။ တကယ်လည်းဟုတ်ပါတယ်။ သူလုပ်ထားတာတွေအားလုံး ကျွန်မနာမည်နဲ့ပါ။ GreenGirl ဆိုတဲ့ နာမည်ကိုသုံးလေ့ရှိတဲ့ ကျွန်မအတွက် သူယူထားတဲ့ ဘလော့ခ်ကGreengirlmyanmar ။ အဲဒီနေ့က ကျွန်မတကယ်ကို ဘယ်လိုခံစားရမှန်း မသိအောင်ကို ခံစားရပါတယ်။ ဆုံးဖြတ်ချက်တစ်ခုလည်း ချခဲ့တယ်။ အစ်ကိုရဲ့လက်ဆောင်ဖြစ်တဲ့ ဒီဘလော့ခ်လေးမှာ သူရေးစေချင်သလို ကျွန်မစာတွေအများကြီးရေးမယ်။ ကျွန်မကိုယ်တိုင်ကလည်း စာရေးဖို့ဝါသနာပါခဲ့တာပဲလေ။ ဘလော့ခ်ရေးရတာ ပျော်စရာကောင်းတယ် ညီမလေးရဲ့ ၊ အစ်ကိုကတော့ မလုပ်နိုင်တော့ဘူး၊ ညီမလေးကို အမွေပေးခဲ့တာလို့ ပြောခဲ့တဲ့အချိန်ကဆို ကျွန်မမျက်ရည်ပေါက်ပေါက်ကျအောင် ၀မ်းနည်းခဲ့ရပါတယ်။
သံယောဇဉ်ဆိုတဲ့အရာက စေစားလာတော့ အရင်က လွမ်းသုရင်လို့ ပေးခဲ့တဲ့ ဘလော့ခ်လေးကို ကျွန်မလုံးဝ လှည့်မကြည့်ဖြစ်တော့ပဲ Greengirlmyanmar ကိုသာ မြတ်မြတ်နိုးနိုး တန်းဖိုးထားခဲ့တယ်။ တစ်နေ့တစ်နေ့ ဒီဘလော့ခ်လေးနဲ့ပဲ ကျွန်မအချိန်ကုန်ခဲ့တယ်။ မှတ်မှတ်ရရ ကျွန်မမွေးနေ့ကျရင် သူငယ်ချင်းအားလုံးကို ပေးဖတ်မယ်ဆိုပြီး ကျွန်မစာတွေရေးနိုင်သလောက်ရေးခဲ့တယ်။ ဒါပေမယ့် စာတွေတော်တော်လေး ရေးမိပြီးတဲ့အချိန်မှာ ကျွန်မရဲ့ဘလော့ခ်လေး တစ်ခုခုမှားယွင်းသွားတယ်။ Password လုံး၀၀င်လို့မရတော့ဘူး။ ကျွန်မတော်တော်ငိုချင်သွားတယ်။ အစ်ကိုကလည်း အမျိုးမျိုးကြိုးစားကြည့်တယ်။ Password သိတာကလည်း သူနဲ့ကျွန်မ နှစ်ယောက်ပဲသိတာကိုး။ ဒါပေမယ့် ဘယ်လိုလုပ်လုပ် မရတော့ဘူး။ အဲဒီနေ့ကသာ ကျွန်မတစ်ယောက်တည်းဆိုရင် တော်တော်စိတ်ပျက်မိမှာပါပဲ။ အစ်ကိုရှိနေခဲ့တော့ ကျွန်မကိုချက်ချင်းအသစ်လုပ်ဖို့ ပြောတယ်။ သံယောဇဉ်လေ...။ မောင်နှမနှစ်ယောက်ပေါင်းပြီး တစ်ညနေထဲမှာ ဘလော့ခ်အသစ်တစ်ခု ချက်ချင်းပြန်လုပ်ကြတယ်။ ကျွန်မ မတတ်သေးတာတွေကိုသင်လိုက်၊ သူလုပ်ပြလိုက်နဲ့ အရင်ဘလော့ခ်နဲ့ တထေရာတည်းတူတဲ့ ဘလော့ခ်အသစ်တစ်ခု ညချင်းပြန်ရလိုက်တယ်။ Greengirlmyanmar တော့မဟုတ်တော့ဘူးပေါ့။ အစ်ကိုကတော့ ပြောပါတယ်။ ညီမလေးကြိုက်သလို နာမည်ပေးပါလို့။ Greengirlmyanmar ကို တန်ဖိုးထားမြတ်နိုးခဲ့တဲ့ကျွန်မ အခြားနာမည်ထက် အဲဒီနာမည်ကိုပဲ ပိုပြီးလိုချင်ခဲ့တယ်။ အရင်က အစိမ်းရောင်ကိုကြိုက်လို့ Greengirl ကို ကြိုက်ပေမယ့် အခုတော့ အစ်ကိုပေးတဲ့လက်ဆောင်အဖြစ် မြတ်နိုးတန်ဖိုးထားတယ်။ မရတဲ့အဆုံးတော့ ကျွန်မရဲ့နာမည်တပ်ပြီး Greengirllailai လို့ ဒီဘလော့ခ်လေးကို နာမည်ပေးလိုက်ပါတယ်။
ဒါကြောင့် ကျွန်မပြောထားပါတယ်။ ကျွန်မရဲ့အစ်ကိုဟာ အစိမ်းရောင်မိန်းကလေးကို ဖန်ဆင်းသူပါ။ သူဖန်ဆင်းခဲ့တဲ့ အစိမ်းရောင် မိန်းကလေးက ၀ါသနာအရရော၊ သံယောဇဉ်ကြောင့်ရောပါ Greengirl ဆိုတဲ့နာမည်ကို ဆက်လက်ထိန်းသိမ်းသွားမှာပါ။ Greengirl ရဲ့ ဖန်တီးမှုတိုင်းလိုလိုဟာ ကျွန်မအစ်ကိုရဲ့ စိတ်ကူးအစပြုရာပါ။
ဒီလိုဒီလို အကြောင်းများကြောင့်လည်း Greengirl ဆိုတဲ့နာမည်ရဲ့ ခံယူချက်က ပိုပြီးလေးနက်ခဲ့ရပါတယ်။
ထို့ကြောင့် ကျွန်မသည်လည်း ထာဝရ Greengirl ဖြစ်နေပါလိမ့်မယ်...။


2 ယောက်ဝေဖန်သွားတယ်:
အစိမ်းရောင်ကို အကြိုက်ဆုံးပါပဲ။ ဒါပေမယ့် အစိမ်းရောင် အသုံးအဆောင်ပစ္စည်းတွေ ၀ယ်တတ်ပေမယ့် အစိမ်းရောင် အ၀တ်အစားတော့ ၀ယ်ခဲတယ်။
ပျော်ရွှင်ပါစေ .. ဆက်လက်ရေရှည် တည်တံ့ပါစေ .. စာတွေ ဒီထက်ပိုရေးနိုင်ပါစေ ..း)
Post a Comment