February 10, 2008

ရစ်တွယ်မိသော...

ညကအိပ်တာ နောက်ကျလို့ ဒီနေ့မနက် ကျွန်မအိပ်ရာကနိုးတဲ့ အချိန်ကိုကြည့်လိုက်တော့ ၁၁း၀၀ရှိနေပါပြီ။ သြော်...ဒီနေ့ဆိုတာလည်း နေ့တ၀က်ရောက်သွားပါပြီကော။ မနက်ဖြန်... မနက်ဖြန်ဆိုရင်...အဲဒီလိုတွေးမိတိုင်း ကျွန်မစိတ်မကောင်း ဖြစ်ရပါတယ်။ ရင်မောရပါတယ်။ နင့်နင့်သီးသီးခံစားရတဲ့အခါ မျက်ရည်ဆိုတာလည်း ကျမိပါတယ်။ တွေ့၊ ဆုံ၊ ကြုံ၊ ကွဲဆိုတာ မဆန်းပေမယ့် သံယောဇဉ်ဆိုတာကို ရင်းပြီး ရစ်တွယ်မိရင်တော့ ကွဲကွာရမယ့်အခါ ရင်နဲ့အမျှ ခံစားရပါတယ်။ မခံစားချင်ပေမယ့် ခံစားရပါပြီ။ မခွဲခွာချင်ပေမယ့် ခွဲခွာရတော့မှာပါ။ အစကတည်းက မတွေ့ခဲ့ရင် ဆိုတာထက် တွေ့ဆုံချိန်ဟာ ဘာလို့ဒီလောက် နည်းရတာလဲလို့ပဲ ကျွန်မပြောချင်ပါတယ်။ ကံကြမ္မာရယ် ဒီထက်ပိုပြီးစောစော တွေ့ဆုံခွင့်ပေးပါတော့လား။ အခုတော့ ၁ နှစ်ဆိုတဲ့အချိန်ဟာ တိုတောင်းလွန်းပါတယ်။ အချိန်တိုတိုနဲ့ သံယောဇဉ်အများကြီး ရစ်ပတ်စေတာဟာ ကျွန်မကို ရက်စက်ဖို့လေလား ပြောခဲ့ပါဦး ကံကြမ္မာရယ်...။

၂၀၀၆ ခုနှစ် အောက်တိုဘာလလောက်မှာ မထင်မှတ်ပါပဲ ဆုံတွေ့ပြီး ခင်မင်ခဲ့သော သူတစ်ယောက်။ နေ့စဉ်နဲ့အမျှ တွေ့ကြုံဆက်ဆံရင်းက ရိုးသားပွင့်လင်းသူလို့ လက်ခံနိုင်သော သူတစ်ယောက်။ ကျွန်မပေါ်မှာ တစိုက်မတ်မတ် ညီမလေးတစ်ယောက်လို ချစ်ခင်ဂရုစိုက်လာသော သူတစ်ယောက်။ ကျွန်မထက် ငါးလလောက် အသက်ကြီးပေမယ့် ၂ နှစ်လောက်ကြီးသလိုပါပဲ။ ကျွန်မကို အမြဲတမ်း ညီမလေးပိစိကွေး လို့ခေါ်တတ်တဲ့ အစ်ကိုတစ်ယောက်။ အပြင်မှာတကယ် ခင်မင်ခဲ့တာဆိုရင် ဘယ်လောက်များ သံယောဇဉ်ဆိုတာ ငြိတွယ်လေမလဲ... ကျွန်မမတွေးရဲပါဘူး။ အခုတော့ ရစ်နှောင်မိသော သံယောဇဉ်ကြောင့် ကျွန်မမျက်ရည် ချောင်းစီးနေရပါပြီ...။

နေ့စဉ်နဲ့အမျှ မနက်မိုးလင်းကနေမိုးချုပ် ကျွန်မအစ်ကိုနဲ့ စကားပြောဖြစ်တယ်။ အစ်ကိုကပြောပါတယ်။ သူ့ရဲ့တစ်နေ့တာမှာ မနက်အိပ်ရာထထချင်း စကားစပြောရတဲ့သူဟာ ကျွန်မပါပဲတဲ့။ အဲဒီအတွက် သူအမြဲတမ်း ကျွန်မကို သတိရနေမှာပဲတဲ့။ ကျွန်မအနေနဲ့ရော ဘာထူးပါသလဲ။ ကျွန်မအလုပ်လုပ်နေသည်ဖြစ်စေ၊ အိမ်ရောက်နေရင်ဖြစ်စေ နေ့စဉ်မှန်မှန် စကားပြောဖြစ်တာဟာ အစ်ကိုတစ်ယောက်တည်းပဲ ရှိပါတယ်။ ဘာမှထွေထွေထူးထူး မပြောဖြစ်ရင်တောင် GoodMorning ဆိုတာလောက်တော့ အမြဲနှုတ်ဆက်နေကျပါ။ အစ်ကို့ချစ်သူ အွန်လိုင်းကို လာခဲ့ရင်လည်း ကျွန်မအမြဲခေါ်ပေးနေကျပါ။ ဘာတွေပဲ အလုပ်ရှုပ်နေရှုပ်နေ ကျောင်းသွာခါနီးရင် ညီမလေးရေ အစ်ကိုကျောင်းသွားပြီ၊ ကျောင်းကပြန်ရင်လည်း အစ်ကိုပြန်ရောက်ပြီလို့ ပြောနေကျ။ ကျွန်မညဥ့်နက်တဲ့အထိ မအိပ်သေးတာတွေ့ရင်လည်း ညီမလေးရေအိပ်ပါတော့လို့ အခါခါပြောတတ်တဲ့ အစ်ကိုတစ်ယောက်။ ကျွန်မနေကောင်းရဲ့လား၊ နေမကောင်းဘူးလား အမြဲဂရုတစိုက်ရှိတဲ့ အစ်ကိုတစ်ယောက်။ ကျွန်မအပြင်လျှောက်လည်ပြီး ဓာတ်ပုံရိုက်လာတိုင်း ဦးဦးဖျားဖျားပြတတ်တဲ့ အစ်ကိုတစ်ယောက်။ ကျွန်မစာတစ်ခုရေးပြီးတိုင်း ကျွန်မရဲ့ဘလော့ခ်ကို နေ့စဉ်ဝင်ဖတ်ပေးတဲ့ အစ်ကိုတစ်ယောက်။ ကျွန်မစာမရေးပဲ အကြာကြီးနေရင်လည်း စာဖတ်သူကို မလေးစားတာလားလို့ အမြဲဆူတတ်တဲ့ အစ်ကိုတစ်ယောက်။ cbox မှာအမြဲ ၀င်ဝင်ရေးတတ်တဲ့ ကျွန်မကိုအမြဲစတတ်တဲ့ အစ်ကိုတစ်ယောက်။ ကျွန်မရဲ့ ဒီဘလော့ခ်လေးက အစ်ကို့ဖန်တီးမှု။ ဒါတွေအားလုံးပေါင်းပြီး ကျွန်မဘယ်လိုမေ့မလဲ။ ကျွန်မလည်းအမြဲ သတိရနေမှာပါပဲ။

တကယ်လို့များ မြန်မာပြည်ကိုပြန်ခဲ့ရင် အစ်ကို့ဆီကို ဖြစ်အောင်လာခဲ့ပါတဲ့။ ကျွန်မကြိုးစားမှာပါ။ လာဖြစ်အောင်လည်း လာမှာပါ။ ကျွန်မသာအိမ်ထောင်မပြုပဲနေရင် အိမ်မှာခေါ်ထားပြီး ကလေးထိန်းခိုင်းမယ်ဆိုတဲ့ အစ်ကို့ဆီကို ကျွန်မလာချင်ပါသေးတယ်။ ကျွန်မအစ်ကို ကို ကျွန်မမြင်ချင် တွေ့ချင်ပါသေးတယ်။ ဒီနေ့ဟာ အရင်လိုတွေ့နိုင်ဖို့ နောက်ဆုံးနေ့ဆိုတာကို စဉ်းစားမိတိုင်း ကျွန်မရင်မှာ တဆစ်ဆစ်နာရပါတယ်။ ပြန်သွားမယ့်သူကို စိတ်မကောင်းအောင်၊ စိတ်မဖြောင့်အောင် လုပ်နေတာမျိုးလည်း မဖြစ်စေချင်ပါဘူး။ ဒါပေမယ့် ကျွန်မမျက်ရည်ကို ကျွန်မမနိုင်ဘူး... ။ ကျွန်မငိုရင် မငိုပါနဲ့ကလေးရယ်လို့ အမြဲစတတ်တဲ့ အစ်ကိုလည်း အခုတော့ မစနိုင်တော့ပါဘူး။ အမြဲတမ်းပြုံးနေလိုက်ပါလို့လည်း မပြောနိုင်တော့ပါဘူး။ ဘာလိုလဲဆိုတော့ သူလည်းစိတ်မကောင်း ဖြစ်နေတာကို ကျွန်မခံစားမိလို့ပါပဲ။ အရင်က Gtalk မှာ :imu ( I miss you ) ဆိုတဲ့ သင်္ကေတလေးတွေနဲ့ အမြဲလျှောက်စနေတတ်တဲ့ ကျွန်မအစ်ကို ဒီတစ်ခါ မစနိုင်တော့ပါဘူး။

အချိန်တန်လို့ အိမ်ကို ပြန်တော့မယ့် ကျွန်မချစ်တဲ့ အစ်ကိုတစ်ယောက် မြန်မာပြည်ကို ခရီးချောချောမောမောနဲ့ ပြန်လည်ရောက်ရှိနိုင်ပါစေ၊ မိဘ၊ညီအစ်ကိုတွေနဲ့ ပျော်ပျော်ရွင်ရွင် ပြန်လည်တွေ့ဆုံနိုင်ပါစေ၊ ဆယ်နှစ်ကြာချစ်ကျွမ်းဝင်ခဲ့သော ချစ်သူနဲ့အတူ သာယာသော ဘ၀တစ်ခုကို တည်ဆောက်နိုင်ပါစေ၊ နိုင်ငံတော်တာဝန်တွေကို ဆက်လက်ပြီး ကျေပွန်အောင် ထမ်းဆောင်နိုင်ပါစေ၊ ကျွန်မမြင်နေကျ စိုးမို3း58ဆိုတဲ့ အမည်လေး ကျွန်မရဲ့ GTalkမှာ အမြန်ဆုံး အွန်လိုင်းတက်လာပါစေလို့ ဆုတောင်းပေးနေပါတယ်။ ကျွန်မကတော့ ကျန်ခဲ့တဲ့လူပီပီ နေ့စဉ်တာဝန်တွေကို ဆက်လက် လုပ်ဆောင်နေရဦးမှာပါ။ အစ်ကိုမှာသလို ကျွန်မလိမ်လိမ်မာမာနဲ့ နေခဲ့မှာပါ။ စာတွေလည်းအများကြီး ရေးနေဦးမှာပါ။ အစ်ကိုပြန်သွားပေမယ့် ဒီဘလော့ခ်လေးကို အစ်ကိုမျက်စိရှေ့မှာ ရှိနေသလိုပဲ ကျွန်မဂရုစိုက်မှာပါ။ ရေစက်ဟာ ဒီမှာတင်မကုန်ပဲ ထပ်ပြီးဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းနေမှာပါ။

၁၁ရက် ဖေဖော်ဝါရီ ၂၀၀၈ စကာင်္ပူအချိန် ည ၁၁း၂၀ ကစပြီး ကျွန်မချစ်သော အစ်ကိုက Greengirlဆိုတဲ့ ဘလော့ခ်လေးနဲ့အတူ ကျွန်မကိုထားရစ်ခဲ့တော့မှာပါ။ ခွဲခွာရတယ်ဆိုပေမယ့် သံယောဇဉ်တွေ ရစ်နှောင်ခဲ့တာကြောင့် မုန်းပြီးခွဲရတာထက်စာရင် ကောင်းသောခွဲခွာခြင်းလို့ ကျွန်မလက်ခံရမှာပါပဲ။

ရစ်တွယ်မိသော သံယောဇဉ်ကြောင့် ခွဲခွာမှုအတွက် ၀မ်းနည်းစွာ ကျန်ရစ်ခဲ့ပေမယ့် အဲဒီသံယောဇဉ်ကြောင့်ပဲ ပျော်ရွှင်စွာ ထပ်မံတွေ့ဆုံနိုင်ပါစေလို့ ကျွန်မဆုတောင်းနေမှာပါ ...။ ။


( မြန်မာပြည်ကို ပြန်တော့မယ့် ကျွန်မချစ်သော အစ်ကို ကိုစိုးမိုးကျော်အတွက် အမှတ်တရ... )

1 ယောက်ဝေဖန်သွားတယ်:

မိုးခါး said...

လာလွမ်းသွားပါတယ် အစ်မရေ ..