February 2, 2008

ဖေဖေပြောသော ပုံပြင်တစ်ပုဒ် ( ၂ )

အရင်လတုန်းက ကျွန်မရဲ့ဖေဖေပြောဖူးတဲ့ ပုံပြင်တွေထဲက ဘုရင်ကြီးလက်ညှိုးပြတ်တာကို ပြောခဲ့ပြီးပါပြီ။ ပုံပြင်တွေထပ်ရေးပေးပါလို့ ပြောတဲ့သူငယ်ချင်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်မထပ်မရေးဖြစ်ခဲ့ပါဘူး။ ဒီနေ့တော့ မောင်ညိမ်းညိုရဲ့ ဘလော့ခ်ကို ဖတ်ရင်းက နောက်ထပ်ပုံပြင်တစ်ပုဒ် ထပ်သတိရတာနဲ့ ဒီနေ့ရေးဖြစ်လိုက်ပါတယ်။ ဒီပုံပြင်ကို သိပြီးသားလည်း ဖြစ်ချင်ဖြစ်ကြမှာပါ။ ဒါပေမယ့် ပြန်ရေးပေးလိုက်ပါတယ်။ ပုံပြင်ကြိုက်တဲ့ သူငယ်ချင်းတွေလည်း ဖတ်ပြီးအိပ်ပျော်နိုင်ပါစေ.... အဲ ကျွန်မရဲ့ ဖေဖေပြောသောပုံပြင်အတွက် ကျေနပ်နိုင်ပါစေ...။

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာနေတဲ့ သားအဖနှစ်ယောက်က အခြားမြို့တစ်မြို့ကို သွားပြီးအပြန်မှာ မြင်းတစ်ကောင်ကို ၀ယ်ပြီးပြန်လာခဲ့တယ်။ ပထမတော့ သားအဖနှစ်တယာက်လုံး မြင်းပေါ်မှာစီးပြီး လိုက်လာကြတယ်။ တစ်နေအရောက်မှာ သားအဖနှစ်ယောက်လုံး မြင်းကိုစီးလာတာ တွေ့တဲ့လူတွေက နှစ်ယောက်လုံး မြင်းကိုစီးကြတယ်။ သတ္တ၀ါကို မညှာတာဘူးရယ်လို့ ပြောကြတယ်။ အဲဒါနဲ့ နှစ်ယောက်လုံးမစီးတော့ပဲ သားဖြစ်သူကိုသာ စီးခိုင်းပြီး အဖေက လမ်းဆင်းလျှောက်တယ်။ အဲဒါကိုတွေ့တဲ့လူတွေက အဖေလုပ်တဲ့လူကို လမ်းလျှောက်ခိုင်းပြီး သားကကျတော့ မြင်းပေါ်ကနေ အခန့်သားလိုက်စီးတယ်လို့ ပြောကြပြန်တယ်။ အဲလိုအပြောခံရပြန်တော့ ဒီတခါ သားကလမ်းဆင်းလျှောက်မယ်၊ အဖေက မြင်းစီးပြီးလိုက်ခဲ့ဆိုပြီး လုပ်ကြပြန်တယ်။ ဒီလိုနဲ့ အဖေကမြင်းစီးပြီး သားကလမ်းလျှောက်လာလိုက်တာ မြင်တဲ့လူတွေက ကလေးငယ်ကို လမ်းလျှောက်ခိုင်းပြီး အဖေကကျတော့ မြင်းစီးတယ်။ ရက်စက်တဲ့ဖခင်ရယ်လို့ ပြောဆို ကဲ့ရဲ့ကြပြန်တယ်။ ဒီတကြိမ်မှာတော့ သားအဖနှစ်ယောက်လုံး စိတ်ပျက်ပြီး တော်ပြီ၊ ဘယ်လိုလုပ်လုပ် သူများအပြောခံနေရတာ ဘယ်သူမှမြင်းကို မစီးတော့ပဲ နှစ်ယောက်လုံး လမ်းလျှောက်ကျမယ်ဆိုပြီး လမ်းလျှောက်ကျတယ်။ ဒီလိုလမ်းလျှောက်လာလိုက်တာ ရွာထဲလည်းဝင်ရော ရွာကလူတွေကပြောကြတယ်။ မြင်းတစ်ကောင်လုံးပါရဲ့သားနဲ့ မြင်းမစီးပဲ လမ်းလျှောက်လာကြတာ တော်တော်တုံးအတဲ့ သားအဖပဲတဲ့။ အဲဒီလို အပြောခံလိုက်ရတဲ့ သားအဖဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာပြောလို့ ပြောရမှန်းမသိအောင် စိတ်ညစ်သွားကြတော့သတဲ့...။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှာ မျက်လုံးတွေက အများကြီးပါ။ မျက်လုံးတွေရှိသလို ပါးစပ်တွေကလည်း အငြိမ်မနေပါဘူး။ မြင်သမျှတွေ့သမျှ အားလုံးလိုက်ပြောတတ်ကြပါတယ်။ ကောင်းသတင်းဆိုရင်သာ မပြောရင်နေမယ်။ ကဲ့ရဲ့ပြစ်တင် ဝေဖန်ရှုံ့ချဖို့ ဆိုရင်တော့ နာရီပိုင်းမဆိုင်းပဲ သတင်းကထွက်တတ်ပါတယ်။ ဒါကြောင့် ဘယ်အရာကိုမဆို ကိုယ့်အကြောင်းကို ကိုယ်သာအသိဆုံးဖြစ်တာမို့ ကိုယ်မှန်တယ်လို့ ယူဆရင် ရဲရဲ ဆုံးဖြတ်ရမယ်။ ပတ်ဝန်းကျင်ဆိုတာ အရာတိုင်းကို လိုက်ပြီးဂရုစိုက်စရာ မဟုတ်ပေမယ့် မထေမဲ့မြင်တော့ လုပ်လို့မရဘူးပေါ့လေ။ လူဆိုတာ ပတ်ဝန်းကျင်နဲ့နေတာကိုး။ သင့်တင့်လျောက်ပတ်အောင်တော့ နေထိုင်တတ်ရမယ်။

ဒီသင်ခန်းစာနဲ့အတူ ဖေဖေပြောတဲ့ ပုံပြင်လေးဟာလည်း ကျွန်မဘ၀အတွက် ဆင်ခြင်စရာတစ်ခုဖြစ်ခဲ့ပါတယ်...။

0 ယောက်ဝေဖန်သွားတယ်: