ဖေဖေ...
ကျွန်မဘ၀၏ အစားထိုးမရနိုင်သော လူသားတစ်ဦး...
ကျွန်မဘ၀၏ ခွန်အားအရှိဆုံးသော မှီခိုအားထားရာ...
ကျွန်မဘ၀၏ အချစ်ဆုံးသော ပုဂ္ဂိုလ်တစ်ဦး...
ကျွန်မဘ၀၏ ပဲ့ကိုင်...
ကျွန်မရဲ့ ဖေဖေဟာ သမီးဦးဖြစ်တဲ့ ကျွန်မကို တော်တော်လေးကို ချစ်ပါတယ်။ တော်ရုံတန်ရုံ ဘယ်တော့မှ ဆူလေ့ရိုက်လေ့ မရှိပါဘူး။ တုန်နေအောင် ချစ်ပါတယ်။ ကျွန်မက အဖေတူသမီးလို့လည်း မေမေကအစ ပတ်ဝန်းကျင်ကပါ ၀ိုင်းပြီးပြောလေ့ရှိပါတယ်။ ငယ်ငယ်တုန်းကတော့ ကျွန်မကို ဖေဖေနဲ့ တူတယ်လို့ပြောရင် ကျွန်မ အရမ်းစိတ်ဆိုးပါတယ်။ ကျွန်မမြင်တာက ဖေဖေ နဲ့ မေမေ ယှဉ်ရင် မေမေက ပိုပြီး ရုပ်ရည်လှတယ်လို့ မြင်မိတော့ ဖေဖေနဲ့တူရင် ကျွန်မ မလှပဲနေမှာ စိုးရိမ်လို့ပါ။ ကလေးအတွေးလေ။ ကျွန်မကလည်း ကျွန်မပါပဲ။ မေမေ့ ဗိုက်ထဲမှာနေကတည်းက ဖေဖေ့ကို တစိမ့်စိမ့်ကြည့်ပြီးတော့များ အားလုံးကို ပုံတူကူးယူထားသလားလို့ အောက်မေ့ရပါတယ်။ ကျွန်မရဲ့ ရုပ်ရည်သွင်ပြင်ဟာ ဖေဖေနဲ့ တော်တော်ကို တူပါတယ်။ နှုတ်ခမ်း၊ သွားပေါက်တဲ့ အစီအစဉ်၊ စကားပြောနည်းတာက အစ စိတ်နေစိတ်ထားနဲ့ ဗီဇ၀ါသနာပါ အားလုံးနီးပါး ဖေဖေနဲ့ ချွတ်စွတ်တူပါတယ်။
ငယ်ငယ်က ဖေဖေနဲ့ မတူချင်ပေမယ့် အခုဒီအသက်အရွယ် ရောက်လာတဲ့ အခါမှာ ကျွန်မကိုယ်ကျွန်မ ဖေဖေနဲ့ တူပါတယ်လို့ လက်ခံလာခဲ့ပါတယ်။ ဖေဖေ့ကိုလည်း ပိုချစ်လာတယ်လို့ ခံစားလာမိပါတယ်။ ကျွန်မ ဖေဖေ့ကို သနားတယ်။ ချစ်တယ်။ ကျွန်မ အင်ဂျင်နီယာဖြစ်ခဲ့တာ ဖေဖေ့ရဲ့ဗီဇပါ။ ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ ဖေဖေ့သွေးတွေ စီးဆင်းနေပါတယ်။ ကျွန်မလုပ်ငန်းခွင် ၀င်နေတိုင်း ဖေဖေ့ပုံရိပ်ကို အမြဲမြင်ယောင်မိတယ်။ ငါ့အဖေဟာ အသက် (၆၀)နီးတဲ့အထိ၊ ငါတို့ကို ဒီအသက်ဒီအရွယ်ရောက်တဲ့အထိ မငြီးမငြူ ရှာဖွေကျွေးမွေးနေတုန်းပါလား၊ မိသားစုလိုအင်ကို ဖြည့်စွမ်းနေတုန်းပါလားလို့ တွေးမိတိုင်း ဖေဖေ့အပေါ်မှာ ကြင်နာစိတ်နဲ့အတူ လေးစားတန်ဖိုးထားမိတယ်။ စိတ်ထဲကလည်း အကြိမ်ကြိမ် အခါခါ ကန်တော့နေမိပါတယ်။
ကျွန်မ ဖေဖေ့ကိုလည်း ချစ်ပါတယ်။ ဖေဖေပေးတဲ့ အသိဥာဏ်ပညာတွေနဲ့ မိသားစုတာဝန်တွေကို ဝေမျှထမ်းဆောင်နေပါတယ်။ နေ့စဉ်နဲ့အမျှ ကျွန်မရဲ့ လှုပ်ရှားမှုတိုင်းဟာ ဖေဖေ့ အရိပ်တွေပါ။ အဖေတူသမီးလို့ ပြောကြရင်လည်း ကျွန်မ စိတ်မဆိုးတော့ပါဘူး။ ပြုံးပြုံးလေးနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောလိုက်ဦးမှာပါ။ ဟုတ်ပါတယ်... ကျွန်မဟာ ရာနှုန်းပြည့် အဖေတူသမီးပါ....။

( ကျွန်မ၏ ဖေဖေအား သတိရခြင်း များစွာဖြင့်... )

2 ယောက်ဝေဖန်သွားတယ်:
အစ်မလဲ အဖေတူ သမီးပဲ ညီမလေး အဖေနဲ့ ချွတ်စွပ်ပဲ
အစ်မကို အဖေကလဲ အရမ်းချစ်တယ် အဖေအားကိုးရမယ့် ထီးလို့ အမြဲပြောတယ် ညီမလေး ပို့ စ်လေး ဖတ်ပြီး မျက်ရည်ကျမိတယ် ညီမလေးရေ..
ညီမလည်း အဖေ့သမီးပါး))
Post a Comment