နှလုံးသားနဲ့ ဦးဏှောက် လွန်ဆွဲတဲ့အခါ
မျက်ရည်တို့က ဓါးစားခံဖြစ်ရတယ်ပေါ့...
ဦးဏှောက်ရဲ့ ဆုံးဖြတ်ချက်ဟာ
တည်တံ့ခိုင်မြဲတယ် ဆိုပေမယ့်
နှလုံးသားရဲ့ ဆုံးဖြတ်ချက်ကိုပဲ
ဦးစားပေးချင်တာ သဘာဝပေါ့...
ဘာကြောင့်လဲ...
ကံတရားလို့ပဲ ဆိုဆို
ဝဋ်ကြွေးလို့ပဲ ပြောပြော
ဦးဏှောက်မရှိဘူးလို့ပဲ ထင်ထင်
နောက်ဆုံးအချိန်ထိတော့
နှလုံးသားရဲ့ ဆုံးဖြတ်ချက်ကို
ကြားနာချင်မိပါသေးတယ်
ကြားနာချင်မိပါသေးတယ်...
လွမ်းသုရင်
၉ ဖေဖော်ဝါရီ ၂၀၁၀
February 9, 2010
ဆန္ဒ
စာရေးသူ...
GreenGirl
5
ယောက်ဝေဖန်သွားတယ်
January 22, 2010
ချွန်စက် နဲ့ ဖေဖေ
ဒါပေမယ့်ပေါ့လေ... ကျွန်မဘယ်လိုပဲ ပူဆာပူဆာ ဘယ်တော့မှ မရခဲ့တဲ့ ပစ္စည်းဟာ ခဲတံချွန်စက်လေးတွေပါ။ ၀ယ်ပေးဖို့ဘယ်တော့မှ အလိုမလိုက်ခဲ့တဲ့သူဟာလည်း ကျွန်မရဲ့ဖေဖေပါပဲ။
သူငယ်တန်းမတက်ခင် မူကြိုအရွယ်ကတည်းက ကျွန်မတို့မောင်နှမ သုံးယောက်လုံးကို စာရေးတတ်အောင် မေမေက သင်ပေးပါတယ်။ ဒါကြောင့်လည်း သူငယ်တန်းစတက်တဲ့အခါ အတန်းထဲမှာ စာရေးတတ်ဖို့ ဆရာမက ထပ်သင်စရာမလိုတော့ပါဘူး။ ဒါပေမယ့် ကျွန်မရဲ့ပြသနာက ခဲတံတုံးနေရင် စာမရေးချင်ဘူး။ ကျောင်းစတက်ကတည်းက ကွန်ပါဘူးထဲမှာ ချွန်ပြီးသားခဲတံ ငါးချောင်းကို အဆင်သင့် အိမ်ကနေထည့်ပေးလိုက်ပါတယ်။ အဲ့ဒီခဲတံ ငါးချောင်းကိုလှည့်ပြီး တစ်နေကုန်ရေးရပါတယ်။ တစ်ခါတစ်လေ ကျိုးသွားလို့ ရေးဖို့မလောက်တဲ့အခါ အတန်းပိုင်ဆရာမကို သွားချွန်ခိုင်းရပါတယ်။
ဆရာမကလည်း တစ်ခါတစ်လေ ချက်ချင်း ချွန်ပေးတတ်ပေမယ့် ချွန်ရမယ့် ခဲတံများနေရင်တော့ စောင့်ရတာပေါ့လေ။ စိတ်တိုနေတဲ့ အချိန်ကျတော့လည်း သွားမချွန်ခိုင်းရဲပြန်ဘူး။ ဒီတော့ ခဲတံချွန်စက်လေးတွေပါတဲ့ တစ်ချို့သူငယ်ချင်းတွေလို အချိန်မရွေး ကိုယ့်ဟာကိုယ် ချွန်လို့ရနေရင် ကောင်းမှာပဲလို့တွေးပြီး ခဲတံချွန်စက်ကို လိုချင်မိတာပါ။ ခဲတံချွန်တဲ့ဓါးကျတော့လည်း အရွယ်ငယ်သေးတော့ ရှမှာစိုးလို့ မကိုင်ရဘူးလေ။
ခဲသားဘောပင်လိုချင်တယ်လို့ ပူဆာတဲ့အခါ ကလေးဆိုတာ ခဲသားဘောပင်နဲ့မရေးရဘူး၊ ရေးရင်လည်း လက်ရေးမလှဘူး ဆိုတဲ့ အကြောင်းနဲ့ပယ်ချခံရသလို ခဲတံချွန်စက်လိုချင်တယ်လို့ ပူဆာတိုင်း ချွန်စက်နဲ့ချွန်ရင် ခဲတံခဏလေးကုန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘယ်တော့မှ ၀ယ်မပေးခဲ့ပါဘူး။ ခဲတံငါးချောင်းမလောက်ရင် နောက်နေ့ ကွန်ပါဘူးထဲမှာ ချွန်ပြီးသားနောက်တစ်ချောင်းသာတိုးပြီး ခဲတံခြောက်ချောင်းဖြစ်လာတတ်တာပါ။ ငယ်တဲ့အရွယ်ဆိုတော့ စိတ်ထဲကလည်း ကြိတ်ပြီးထင်နေမိသေးတယ်။ ဖေဖေကလည်း ခဲတံချွန်နိုင်လိုက်တာလို့လေ။ စဉ်းစားကြည့်ပေါ့။ တစ်ယောက်ကို ခဲတံခြောက်ချောင်း၊ မောင်နှမသုံးယောက်ဆိုတော့ ၁၈ချောင်းလေ။ တစ်နေ့တစ်နေ့ ခဲတံချွန်ပေးရတဲ့အချိန်က တစ်နာရီလောက်ကြာပါတယ်။ ဖေဖေကတော့ စိတ်ရှည်သူမို့ထင်တာပါပဲ။ ခဲတံထိပ်ကိုသေသေချာချာ ပြောင်ချောပြီး ညီနေတဲ့အထိ သစ်သားစလေးတွေကို ညှိရင်းနဲ့စိတ်ရှည်လက်ရှည် ချွန်သွားတာပါ။ မေမေချွန်ပေးရင်တော့ ဖေဖေချွန်ပေးသလောက် မညီပေမယ့် မြန်တော့မြန်ပါတယ်။
ငယ်တုန်းက မသိခဲ့ပေမယ့် အခုအရွယ်ရောက်လာတဲ့ အခါမှာတော့ ဘာကြောင့် ခဲသားဘောပင်နဲ့ မရေးခိုင်းသလဲ၊ ခဲတံချွန်စက်ကို ၀ယ်မပေးသလဲဆိုတာတွေကို နားလည်လာခဲ့တယ်။
မူလတန်းအရွယ်ဆိုတော့ လက်ရေးမငြိမ်သေးဘူးလေ။ ပြီးတော့ ကလေးဆိုတာက စာရေးရင် အားစိုက်ပြီး ဖိရေးတတ်တာကိုး။ ဒီတော့ ခဲသားဘောပင်အသုံးပြုတဲ့အခါ ခဲသားဘောပင်က အဲ့ဒီအားစိုက်ပြီး ဖိတာမျိုးကို မခံနိုင်ပါဘူး။ လူကြီးတစ်ယောက်အတွက် လက်ရေးအချိန်အစ မလိုအပ်တော့ပေမယ့် ကလေးကျပြန်တော့ မချိန်တတ်သေးဘူးလေ။ တကယ်တော့ ခဲသားဘောပင်ဆိုတာမျိုးက ပုံဆွဲခဲတံပါပဲလား ဆိုတာကို ကိုယ်ကိုယ်တိုင် ပုံတွေဆွဲရတဲ့အခါမှ သိလာခဲ့ရပါတယ်။ ဒီတော့လည်း လက်ရေးဝိုင်းဝိုင်းလေးတွေကို ရေးတတ်တဲ့ဖေဖေက သူ့သားသမီးတွေ လက်ရေးပျက်မှာစိုးလို့ ခဲသားဘောပင်နဲ့ ပေးမရေးခဲ့တာဖြစ်မယ်လို့ တွေးမိပါသေးတယ်။
ချွန်စက်ဆိုတာလည်း တစ်ခါချွန်ရင် အကြာကြီး ရေးနေလို့မှ မရပဲ။ ချွန်စက်နဲ့ချွန်တဲ့ ခဲတံဟာ ခဏလေးရေးပြီးရင် တုံးသွားပြန်ပါတယ်။ ဒီတော့ ခဏခဏချွန်ရတယ်။ ပြီးတော့ ခဲသားက တိုတိုလေးပဲ ထွက်လာတာဆိုတော့ ကလေးတွေက ခဲသားရှည်ရှည်လိုချင်တော့ ချွန်ရမယ့် အတိုင်းအတာထက် ပိုချွန်တတ်တယ်။ အဲ့ဒီအခါ ထိပ်ကချွန်ပြီးသား ခဲသားကကျိုးသွားတတ်တယ်။ ကျိုးသွားတော့ အသစ်ပြန်ချွန်ရတယ်။ အဲ့ဒီမှာတင် ချာလည်ပတ်လည်ဖြစ်ပြီး ခဲတံတစ်ချောင်းက ဘာမှမရေးလိုက်ရပဲ ခဏလေးနဲ့ ကုန်သွားပါတော့တယ်။ ဒီတော့ ချွန်စက်ဝယ်မပေးတဲ့ ဖေဖေ့ကိုလည်း ကျွန်မ အပစ်မတင်တော့ပါဘူး။
ခုချိန်မှာတော့ ခဲသားဘောပင်နဲ့ရေးလည်း ကျွန်မှာ လက်ရေးပျက်စရာ အကြောင်းမရှိတော့သလို ခဲတံချွန်စက်ကိုလည်း အတိုင်းအဆနဲ့ ချွန်တတ်နေပြီလေ။ ပုံတွေမှာ မတူညီတဲ့ အတိုင်းအတာနေရာတွေကို ရောင်စုံခြယ်ရင်း တုံးလာတဲ့ရောင်စုံခဲတံလေးတွေကို ချွန်စက်နဲ့ ချွန်မိတိုင်း ဘယ်တော့မှ ချွန်စက်ဝယ်မပေးဖူးတဲ့ အဖေ့ကိုလည်း ကျွန်မသတိရနေပါတယ်။
စာရေးသူ...
GreenGirl
2
ယောက်ဝေဖန်သွားတယ်
December 27, 2009
နိဒါန်း
ငယ်ငယ်က စိတ်ဝင်စားခဲ့ဖူးတဲ့ သီချင်းစာသားတစ်ခုလိုပေါ့။ "အလုပ်များသည်မှာ အချစ်ရဲ့သဘော" တဲ့လေ။ အဲ့ဒီတုန်းက နားမလည်ခဲ့တော့ လူကြီးတွေကို မေးမိပေမယ့် သေချာသည့်အဖြေတော့ မရခဲ့။ ကိုယ်တိုင်ကြုံရသည့်အခါ နားလည်သလိုလို ရှိသား။
"ဘုရားသွား ကျောင်းတက်ရော အတူလိုက်မှာလား..."
အဲ့ဒီညက ကြယ်တွေစုံတဲ့ညလို့ ပြောရရင်လည်း ကိုငှက်ရဲ့ သီချင်းလို့ပြောကြဦးမည်။ ဒါပေမယ့် ကိုယ့်ရင်ထဲမှာတော့ ကြယ်ပေါင်းကုဋေကုဋာမက လင်းလက်သွားတယ်လို့ ထင်မိ၏။ တကယ်ပါ... အဲ့ဒီညက မထူးခြားဖူးလို့ ထင်ရပေမယ့် ကိုယ့်အတွက်တော့ တစ်ခုခုထူးခြားနေခဲ့လေရဲ့...။
ကိုယ်မော့ကြည့်နေမိသည့် ကောင်းကင်ကကြယ်ကလေးတွေသာ သူ့မေးခွန်းကို ကြားမိသည်ဆိုလျှင် ဆိုလိုရင်းကို ကိုယ့်ကိုလက်သိပ်ထိုး ပြောပြခဲ့ဖို့ကောင်းသည်။ ခုတော့ ဒီအဖြေဟာ ဘ၀တစ်ခုလုံးအတွက် အဆုံးအဖြတ်ပေးလိုက်မှန်း တော်တော်ကြာမှ သိခဲ့ရသည်။
"အင်း" လို့သာ ခပ်တိုတိုဖြေခဲ့မိပေမယ့် တကယ်တမ်းတော့ ဘုရားသွားကျောင်းတက်မှ မဟုတ်။ ရေဆုံးမြေဆုံး သွားလေရာ ထပ်ကျပ်မကွာ လိုက်ခဲ့ချင်သူပါ။ ၀ါဖန့်ဖန့် အကြည့်တွေအောက်မှာ တစ်သက်စာ နားခိုချင်သူပါ။
မိုးလင်းကတည်းက အပြန်အလှန်ပို့တဲ့ မက်ဆေ့ခ်ျတွေကို ပြန်ဖတ်မိတိုင်းလည်း တလှပ်လှပ်ရင်ခုန်ရသည်။ ရုံးပြန်ချိန် ဖုန်းလာလို့ အသံကြားရလျှင်လည်း ကြည်နူးရပြန်၏။ ပိတ်ရက်လေးတွေမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တီတီတာတာ ပြောနေရပြန်တော့လည်း လောကကြီးက သာယာနေပြန်သည်။ "ချစ်တယ်" ဟူသော စကားတစ်ခွန်းသည် ကိုယ်တို့နှစ်ယောက်အတွက်တော့ ခေါင်တိုင်မဟုတ်ခဲ့သော်လည်း "နားလည်မှု" ကတော့ အုတ်မြစ်တစ်ခု ဖြစ်ခဲ့သည်။
"တို့နှစ်ယောက် နားလည်မှုတည်ဆောက်ကြမယ်" တဲ့။ အဲ့ဒီစကားလုံးတွေကို အသားမကျသေးတဲ့ ကိုယ်ကတော့ ပုံမှန်အတိုင်း မရောက်လာခဲ့တဲ့ "ချစ်တယ်" ဆိုသည့် စကားအတွက် စိတ်ဆိုးစိတ်ကောက်ခဲ့ဖူးသည်ကလည်း ညပေါင်းများစွာ...။ မနက်ရောက်လို့ ပုံမှန်အတိုင်း သူ့အသံကြားရပြန်တော့လည်း ညက စိတ်ဆိုးတာတွေက ရယ်စရာ။ သူ့အတွက်တော့ "ချစ်တယ်" လို့ပြောယုံနဲ့ သူ့မေတ္တာတွေက လုံလောက်မှာ မဟုတ်လို့ပါတဲ့လေ။ ယောက်ျားတွေဟာ ချစ်စခင်စမှာ ဒီလိုပဲအပြောကောင်းတတ်ကြသလားလို့ အတွေခြေဆန့်မိပေမယ့်...
အချစ်အကြောင်းကို အချစ်နဲ့တွေ့တဲ့သူတွေကတော့ စာအမျိုးမျိုးဖွဲ့ခဲ့ကြတယ်။ ကိုယ်လည်း အမြဲတမ်း စာဖွဲ့ဖို့ကြိုးစားခဲ့သူပါ။ ဒါပေမယ့် အခုအချိန်မှာစာဖွဲ့ဖို့ ၀န်လေးနေမိပြီ။ ဘာလို့လဲဆိုတော့ ကိုယ်လည်း သူ့လိုပဲ၊ စာဖွဲ့ရင် ဖွဲ့တဲ့စာက ပေါ့နေလို့ပေါ့ကွယ်...။
PS: လောလောလတ်လတ်ဖတ်မိသည့် ချစ်စ ကို ထပ်ဆင့်ခံစားပါသည်။
စာရေးသူ...
GreenGirl
2
ယောက်ဝေဖန်သွားတယ်
December 24, 2009
November 21, 2009
စနေဂြိုလ် ခတ်တဲ့နေ့
ဒီရက်ပိုင်းထဲမှာပေါ့
ဆောင်းရာသီဆိုတာ မရှိတဲ့ ဒီကျွန်းမှာ
ဆောင်းလေအေးတွေ တရစပ်တိုက်နေတယ်
ငါ့ရင်ကိုတောင် လေစိမ်းတွေ ဖြတ်ပြေးသွားသေးရဲ့...
သက်ပိုင်သူပို့တဲ့ Forward သတင်း
ဘုရားကြီးက ရွှေသင်္ကန်းတွေ ပျောက်ကုန်ပြီတဲ့
ရွှေပြောင်ပြောင် သိင်္ဂုတ္တရကုန်းပေါ်ကဘုရား
ခုတော့လည်း သစ်စေးတွေနဲ့ညိုမည်းလို့
ဖြစ်နိုင်ပါ့မလားလို့ ဆင်ခြင်မိသေးရဲ့...
ကျင့်ဝတ်သိက္ခာဆိုတာတွေတောင်
ကေသရာဇာတွေကြားမှာ ပြာကျနေတော့
အပါယ်ဆိုတာကြီးလည်း
Disney Land နဲ့ မှားလောက်ပြီပေါ့...
ညီမလေးကတော့ပြောတယ်
"လောကကြီးမှာ မဖြစ်နိုင်ဘူးထင်တာတွေ
ဖြစ်လာနိုင်ပြီနော်... လျှော့မတွက်နဲ့" တဲ့
ဟုတ်တော့လည်း ဟုတ်သား
တစ်သက်လုံး အေးချမ်းလာတဲ့ငါတောင်
ခုရက်ပိုင်း Over Time ဆင်းရတယ်လေ...
အို...အဲ့ဒါတွေ အသာထား
၂၀၁၂ဆိုရင် ကမ္ဘာပျက်မယ်ဆိုပဲ
ဟုတ်သလား မဟုတ်သလား
မာယာပြက္ခဒိန်ကတော့ ရပ်သွားပြီတဲ့...
ကမ္ဘာပျက်တာက ဝေးပါသေးတယ်
လောလောဆယ် ငါ့ရင်ဘတ်ထဲ
စနေဂြိုလ်တစ်စင်း ခတ်ပြေးသွားတယ်
"မဖြစ်နိုင်တာ ဘာမှမရှိဘူး" တဲ့...
အကုသိုလ်မများချင်ပေမယ့်
ပုထုဇဉ်ဆိုတော့လည်း ရူးမိသား
အသစ်စက်စက်မရလို့ မယူချင်ဘူးဆို
သူများကောက်သွားရုံပဲ ရှိမှာပေါ့
အပြည့်ရမှ လိုချင်တယ်ဆိုပေမယ့်
မိဘမေတ္တာတောင်မှ
ဝေခွဲစရာ မောင်နှမဆိုတာ ရှိပြီးသား
အသုံးတည့်ရင် Brand မဖြစ်လည်း တန်ပါတယ်...
ငါ့အပြင် ငါ့အရင်ကလူ
ငါမမုန်းပေမယ့် ငါမချစ်ချင်တဲ့သူ
တကယ်လို့များ နင်ဖြစ်ခဲ့ရင်လေ
အကြွေပန်းကောက်သူလို့များ
ကွယ်ရာမှာ ဟားတိုက်နေမလား
သိပ် "အ" တာပဲလို့များ
နင်ငါ့ကို လှောင်ရယ်နေမလား...
ဝှက်ထားတဲ့ ဖဲတစ်ချပ်ကို
ဂျိုကာနဲ့တော့ မလဲတော့ဘူးကွယ်
မျက်နှာချင်းဆုံမိရင်တောင်
"ယောင်းမရေ သူငယ်ချင်း"လို့
သကာရည်ဖုံး ပြုံးနိုင်ဖို့ပဲ ငါကြိုးစားမယ်
"မဖြစ်ချင်တာတွေ မဖြစ်နိုင်တာတွေ
ဖြစ်လာနိုင်တဲ့ တစ်နေ့ကျရင်လေ"...။
လွမ်းသုရင်
၁၇ နိုဝင်ဘာ ၂၀၀၉
ညနေ ၅း၀၀
SIC 13th Storey
စာရေးသူ...
GreenGirl
17
ယောက်ဝေဖန်သွားတယ်
November 6, 2009
မျောလျက်သာပဲ
လေပြင်းငယ် ပွေ၊ လေပြေလျှင် လည်း။
ချောင်းကျယ် ဘယ်မငြင်း၊ ချောင်းကျဉ်းလျှင် လည်း။
နေပူတုန်း ခါ၊ မိုးရွာလျှင် လည်း။
လသာသာ ပျိုအိုကြိုက်၊ လမိုက်လျှင် လည်း။
အဖော်ငယ်စုံ၊ ဖော်မစုံလျှင် လည်း။
ပွင့်ဖူးငုံ အကုန်လန်း၊ နွမ်းနယ်လျက် လည်း။
စုန်ပြန်ရ အဖန်ဖန်၊ ဆန်ပြန်ရ တလဲလဲ။
မဗေဒါ ဒီရေကြောမှာ၊ မျောလျက်သာပဲ။
ဆရာဇော်ဂျီ
ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် ( ၁၉၅၇ - ၁၉၅၉ )
ဗေဒါလမ်း ကဗျာစုမှ ကောက်နှုတ်ချက်
စာရေးသူ...
GreenGirl
1 ယောက်ဝေဖန်သွားတယ်
October 16, 2009
တုခဲ့သော အစစ်များ

"ဟုတ်တယ်... ဒီအချိန်ရောက်ရင် စိတ်ထဲမှာ တစ်ခုခုကို သတိရနေမိတယ်"
မျက်နှာချင်းဆိုင်က လေးထောင့်စပ်စပ် အရာလေးရဲ့ ညာဘက်ထောင့်ကိုကြည့်မိတော့ ငါးနာရီတဲ့...။
တစ်နေ့တာ ကုန်ဆုံးသွားပြန်ပြီပေါ့။ ခုနစ်နာရီကျော် မရပ်မနား လှုပ်ရှားလည်ပတ်လာရသည့် ဦးနှောက်တို့ကလည်း ပူနွေးလို့ မလည်ချင်လည်ချင် ဖြစ်နေကြပြီ။
"ဘယ်အချိန်ရှိပြီလဲ... မပြန်ရသေးဘူးလား"
"အလုပ်များနေတာလား... လုပ်လုပ်"
"ပြန်ရတော့မယ်နော်... အားတင်းထား"
"ပြန်ရင်ပြောနော်... ငါ ဖုန်းခေါ်လိုက်မယ်"
"ငါတောင် ကျောင်းကပြန်ရောက်ပြီ...နင် မပြန်ရသေးဘူးလား"
"နင်ပြန်တော့မှာမလား။ ငါထမင်းချက်လိုက်ဦးမယ်နော်။ အိမ်ရောက်မှ တက်ခဲ့လေ"
ဒီစာလုံးလေးတွေကြားမှာ ကျေနပ်ခဲ့ဖူးသည်။ ဘ၀အမောတွေ တခဏပြေပျောက်ခဲ့ဖူးသည်။ ပျော်ရွှင်ရယ်မောခဲ့ဖူးသည်။ အထီးကျန်မှုတွေ လွင့်စင်စေခဲ့ဖူးသည်။
သြော်...အခုတော့လည်း ဒါတွေဟာ ဘ၀တစ်ခုခြားခဲ့သလိုပါပဲလား။ ဘာမှမသက်ဆိုင်တော့သလိုပါပဲလား။ ဒီစာလုံးလေးတွေကို ဘယ်တော့မှ ပြန်မရနိုင်တော့မှန်း သိသိနှင့် မသိစိတ်တစ်ခုမှ အကြိမ်ကြိမ်ပြန်လည် တမ်းတနေမိသည်။
Vibration အသံတစ်ခုကို ကြားမိလို့ ကြည့်လိုက်တော့ ဖုန်းမက်ဆေ့ခ်ျလေးတစ်ခု...
"Come out from office."
သက်ပြင်းတစ်ချက်ရှိုက်ရင်း လက်ရှိအချိန်များသို့ စိတ်အလျင်ကို ဆွဲခေါ်လိုက်သည်။ တကယ့်ဘ၀အတွက် အရိပ်တစ်ခုလို အုပ်မိုးပေးလာသည့် သူ့မျက်နှာက မျက်လုံးထဲမှာ ထင်ထင်ရှားရှား။
"အတုဆိုတာ အစစ်ကို ဘယ်လိုမှတော့ လိုက်မမီနိုင်ပါဘူး" တဲ့။ အတုတွေလို့တော့ ထင်ခဲ့ရသား။ ဒါပေမယ့် "အစစ်တွေ ဖြစ်သွားကြတယ်"လို့ ပြောရင်... ဘယ်သူက ယုံမှာတဲ့လဲ။
တကယ်ပဲ ဒီအချိန်ဆို လွမ်းတယ်... လွမ်းတယ်ကွယ်...
စာရေးသူ...
GreenGirl
6
ယောက်ဝေဖန်သွားတယ်
September 19, 2009
ဒုတိယမြောက် အိပ်မက်ခြင်း
ရွှေတိဂုံဘုရား တောင်ဘက်မုခ်က ဗုဒ္ဓဟူးဂြိုလ်တိုင်မှာ တစ်ယောက်တလှည့်ရေသပ္ပါယ်ပြီး တတွတ်တွတ်ဆုတောင်းနေတယ်။ ပြီးတော့ ဘုရားကိုလက်ယာရစ် သုံးပတ်ပတ်တယ်။ အစိမ်းရောင်ဖျော့ဖျော့ထီးတစ်လက်ကို ဆောင်းပေးထားတဲ့ ကောင်လေးရဲ့အရိပ်ကိုမှီတွဲလို့ နေ့လည် ၁၂:၀၀နာရီ နေပူကျဲကျဲကို မထီမဲ့မြင်ပြုကာကောင်မလေးတစ်ယောက် စကားတွေ တတွတ်တွတ်ပြောရင်း လိုက်ပါလာခဲ့တယ်။ သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာလေးတွေက ကြည်လင်လို့၊ သူတို့ဘယ်လောက် ပျော်နေလဲဆိုတာ မြင်ရုံနဲ့ သိနိုင်ကြမှာပါ...။တောင်ဘက်မုခ်ကနေ သူတို့ဆင်းသွားကြပြီ။ နံပါတ် (၂၀၄) လိုင်းကားကိုစီးပြီး မြေနီကုန်းရောက်တော့ကားပေါ်ကဆင်းလိုက်ကြတယ်။ နောက်တော့ ပြည်လမ်းကိုလမ်းကူးပြီး ဗားကရာလမ်းအတိုင်း တည့်တည့်လမ်းလျှောက်လာကြတယ်။ သူတို့ဘယ်သွားမလို့ပါလိမ့်....။
ဟော... မြင်နေရပြီ။ Y.K.K.Oဆိုတဲ့ဆိုင်းဘုတ်။ သူတို့ကြေးအိုးလာစားကြတာ ဖြစ်နိုင်တယ်။ သေချာတာပေါ့။သူတို့ဆိုင်ထဲကို ၀င်သွားပြီး၊ အပ်ါထပ်ကို တက်သွားကြတယ်။ အပေါ်ထပ်ရဲ့ မှန်ပြူတင်းဘက် မျက်နှာစာကစားပွဲအလွတ်တစ်ခုမှာ နေရာယူပြီး ကြေးအိုးကို ကြက်နဲ့တစ်ပွဲ ၀က်နဲ့တစ်ပွဲမှာနေတယ်။ ပြီးတော့ ကောင်မလေးကဆားငံသီးဖျော်ရည်လည်း မှာလိုက်သေးတယ်။ စားစရာတွေမှာထားတုန်းမှာ ကောင်မလေးက သူယူလာတဲ့လက်ဆွဲအိတ်ထဲက ပစ္စည်းတွေကို တစ်ခုချင်းထုတ်ပြီး ကောင်လေးကိုပေးနေတယ်။ MP3 Playerလေးတစ်ခု၊စီဒီ နှစ်ချပ်၊ ပြီးတော့ လက်ခလယ်လောက်အရွယ် ရှည်မျောမျော အစိမ်းရောင် ကျောက်တုံးငယ်လေးနှစ်ခု၊တစ်ခုကို ကောင်လေးကိုပေးပြီး ကျန်တဲ့တစ်ခုကို သူပြန်ယူထားလိုက်တယ်။ ပြီးတော့ ပြောသေးတယ်။ ဆေးပုလင်းခေါင်းဖြတ်တဲ့အခါ သုံးဖို့တဲ့။
စားစရာတွေရောက်လာတော့ စကားစပြတ်ပြီး စားတဲ့ဘက်ကို အာရုံရောက်သွားကြတယ်။ ကောင်လေးက ပလတ်စတစ်အိပ် စွတ်ထားတဲ့ တူတစ်စုံကို တယုတယ ခွာပေးပြီး ကောင်မလေးကို ပေးလိုက်တယ်။ကြေးအိုးကို ဖြည်းဖြည်းချင်းစားနေတဲ့ ကောင်မလေးကိုကြည့်ပြီး ပြုံးစိစိလုပ်နေတဲ့ ကောင်လေးက အစားစားတာကို နည်းနည်းချင်းစီပဲ ဘာလို့စားတာလဲတဲ့။ ကောင်မလေးဘာမှ ပြန်မဖြေဘူး။ ပြုံးရုံလေးပဲ ပြုံးပြလိုက်တယ်။ နောက်တော့ စားသောက်ခြင်းကို ရပ်လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် စကားတွေပြောနေကြလေရဲ့။မှန်ပြူတင်းကနေ အပြင်ကိုကြည့်မိတော့ မိုးတွေကရွာလို့။ မိုးအတိတ်ကိုစောင့်ရင်း စကားတွေပြောနေလိုက်ကြတာ။သူတို့ ဘာတွေပြောနေကြတာလဲ။ မျက်နှာလေးတွေကတော့ ပြုံးနေတာပဲ။ အဲဒီလို နှစ်ယောက်အတူတူ ရှိနေခဲ့တာ အဲဒီနေ့ကနောက်ဆုံးပဲဆိုတာကို သူတို့မသိခဲ့ကြဘူးထင်ပါရဲ့...။ သည်းနေတဲ့မိုးကတော့ သိနေသယောင် အညှိုးနဲ့ရွာနေတော့တယ်။
တဖြည်းဖြည်း မိုးစဲသွားတော့ နှစ်ယောက်သား ကြေးအိုးဆိုင်က ထွက်ပြီးမြေနီကုန်းက လမ်းပြန်လျှောက်လာကြပြန်ပြီ။ အဲဒီအချိန်မှာ တီကနဲ ကားဟွန်းသံတစ်ချက်ကိုကြားလိုက်ရတယ်။ လန့်ပြီးနာရီကိုကြည့်လိုက်တော့ မနက်ခုနစ်နာရီခွဲ။ မိုးလင်းတာကလည်း မြန်လိုက်တာလို့ တိတ်တဆိတ်ရေရွတ်မိတယ်။
ဘာလိုလိုနဲ့ သူ့မွေးနေ့တွေမှာ ကိုယ်နဲ့အတူ မရှိနိုင်တော့တာ သုံးနှစ်တောင် ရှိခဲ့ပြီပဲလေ...။ ခုဆိုရင်သူလည်း ကိုယ့်လိုပဲ သတိရနေမလား မသေချာပေမယ့် သူ့ဘ၀နဲ့သူတော့ သာသာယာယာ ရှိနေလိမ့်မယ်လို့တော့ မျှော်လင့်နေမိတယ်။
ငယ်ချစ်ဦးဆိုတာ အနှစ်တစ်ရာ မမေ့သာတဲ့...။ ချစ်ခြင်းကို မုန်းလို့ရပေမယ့် သံယောဇဉ်ဆိုတာ တွယ်မိရင် ဖြတ်ဖို့ခက်တဲ့အရာ... ။
စာရေးသူ...
GreenGirl
5
ယောက်ဝေဖန်သွားတယ်
September 11, 2009
၁၁ - ၀၉ - ၂၀၀၀ ~ ၁၁ - ၀၉ - ၂၀၀၉
လွန်ခဲ့သော ကိုးနှစ်... ဒီလိုနေ့...
ထိုနေ့က ကျွန်မဘေးမှာ အမြဲထိုင်နေတတ်သည့် ဖြူဖြူသွယ်သွယ် သူငယ်ချင်းမလေးတစ်ယောက် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပါသည်...။
သူဘာကြောင့် ပျောက်ကွယ်သွားသည်ကိုလည်း ကျွန်မစိတ်မ၀င်စားမိခဲ့။ ဆက်သွယ်ရန်ဖုန်းနံပါတ် ရှိနေခဲ့သော်လည်း ကျွန်မ မစုံစမ်းဖြစ်ခဲ့ပါ။ သည်လိုနှင့် သူ၏သင်တန်းပျက်ရက်တွေ များလာခဲ့တော့သည်။ စာကြိုးစားသော သူမသည် မည်သည့်အကြောင်းနှင့်မျှ သင်တန်းကို ရက်ရှည်ရှည် မပျက်ကွက်ခဲ့ဖူးပါ။
သူမ၏ပုံစံက... ခပ်အေးအေးနှင့် ဖာသိဖာသာ နေတတ်သည့် ပုံစံမျိုး...။ တော်ရုံလည်း စကားမပြောတတ်။ ကျောင်းသူ၊ ကျောင်းသားများအလယ်တွက် "စာကြမ်းပိုး"ဟု ခေါ်ခံရတတ်သော ပုံစံ။ အမှန်တကယ်ပင် သူမသည် စာတော်သော ကျောင်းသူတစ်ယောက် ဖြစ်ခဲ့ပါသည်။ ဆယ်တန်းအောင်စာရင်းများ ထုတ်ပြန်ခဲ့စဉ်က သူမကို ဆရာဝန်လောင်းဟု သူငယ်ချင်းများက သတ်မှတ်ခဲ့ကြသေးသည်။
ရက်သတ္တတစ်ပတ်ခန့် ကြာသောအခါ သူမအိမ်သို့ ကျွန်မဖုန်းဆက်ခဲ့မိသည်။ သူမဆီမှ ၀မ်းနည်းအားငယ်သော အသံတစ်ခုကို ကြားလိုက်ရသည့် အခါတွင်တော့ ခပ်စောစော သတင်းမမေးမိခဲ့သော ကိုယ့်ကိုယ်ကိုသာ အပစ်တင်ခဲ့မိပါတော့သည်...။
သင်တန်းပြန်တက်သည့်အခါတွင်တော့ သူမဆီမှ "အဖေ"ဟူသော စကားလေးတစ်ခွန်းကို သိပ်မကြားရတော့ပါ။ နောက်တစ်လ၊နှစ်လခန့်ကြာသည့်အခါ လက်ရှိနေအိမ်မှ ပြောင်းရွှေ့ရတော့မည်ဟု သူမပြောလာခဲ့သည်။ ရေနံချေးဝနေသော... ၊"အဖေ"ဆိုသည့် အရိပ်များ ဆက်လက်ရှင်သန်နေသေးသော အိမ်အမှတ် (၃) ကို သူမတို့မိသားစု စွန့်ခွာခဲ့ကြရသည်။
တစ်ခါတစ်ရံ တိုက်ဆိုင်သည့်အခါ "ညနေရုံးကပြန်တိုင်း လက်ထဲမှာ မုန့်တွေဆွဲပြီး ပြန်လာတတ်သည့်" သူမ၏ဖခင်အကြောင်းကို ဆွေးဆွေးမြေ့မြေ့ကလေး ပြောနေတတ်သည်။ ထိုအကြောင်းအရာများကို ကျွန်မ၏ဖေဖေအား ပြန်ပြောပြသည့်အခါ "ဦး...ရှိစဉ်က..." ဟု အစပြုပြီး ဖေဖေက အလွန်အေးဆေးသော၊ စိတ်စေတနာကောင်းရှိသော သူ၏ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက် အကြောင်းကို ပြောပြတတ်သေးသည်။
တက္ကသိုလ်ဝင်ခွင့်များ လျှောက်ကြသည့်အခါ ဆယ်တန်းအောင်အမှတ်စာရင်းကောင်းသော သူမအား အစ်မဖြစ်သူက ဆေးတက္ကသိုလ်သို့သာ ပထမဦးစားပေး လျှောက်ထားစေချင်သော်လည်း သူမကတော့ မရွေးချယ်ချင်ခဲ့ပါ။ "အဖေရှိရင်တော့ တစ်မျိုးပေါ့..."ဟု သူမပြောခဲ့စဉ်က သူမနှင့်ထပ်တူ ကျွန်မ ၀မ်းနည်းကြေကွဲခဲ့ရဖူးသည်။
ဆရာဝန်မဖြစ်ခဲ့သော သူမသည် ယခုအချိန်တွင်တော့ ပရိုဂရမ်မာကောင်းတစ်ယောက် ဖြစ်လာခဲ့ပြီ။ အောင်မြင်မှုတစ်ခုကို ရရှိတိုင်း၊ နေရာအဆင့်တစ်ခုကို ရရှိတိုင်း သူမကိုအမြဲတစေ လမ်းညွှန်ပြသပေးခဲ့သည့်၊ ချီးကျူးအားပေးခဲ့သည့် "ဖခင်"ကို သူမသတိရနေတတ်သည်။ သူမ၏ ကိုယ်ပိုင်ဘလော့ခ်လေးတစ်ခုကို ဖန်တီးခဲ့စဉ်က ထိုဘလော့ခ်လေး၏ ခေါင်းစဉ်ကိုပင် သူမ၏ဖခင် နှစ်ပေါင်း ၄၀ခန့် တိုင်းမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒေသကို အမှတ်တရအဖြစ် "ဧရာဝတီ"ဟု ခေါင်းစဉ်တပ်ခဲ့သည်။
လွန်ခဲ့သော ၂နှစ်... ၂၀၀၇ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် Friendster Blogမှာ သူမရေးသားခဲ့သော စာပိုဒ်လေးတစ်ခုကို ယနေ့အထိ မှတ်မှတ်ရရ ရှိနေစဲ...။ စာတစ်ပိုဒ်လုံး မဟုတ်သောလည်း နိဂုံးတစ်ကြောင်းကိုတော့ ကျွန်မ သေသေချာချာ မှတ်မိနေသေး၏။
"At that days of 7 years ago... My Beloved and Admire Most person,My Father was passed away... " တဲ့...
ယနေ့ဆိုလျှင် နှစ်ပေါင်း ၉နှစ်တိတိ ပြည့်ခဲ့ပါပြီ...
သူမ၏ GTalk တွင် မီးလင်းနေသော ဖယောင်းတိုင်လေးတစ်ခုကို ကျွန်မ တွေ့နေရသည်။
ထိုဖယောင်းတိုင်လေးသည် မည်သို့ အဓိပ္ပါယ်ရှိနိုင်သည်ကို ကျွန်မသေချာမသိခဲ့ပါ။
ဘ၀အတွက် အင်အားအကောင်းဆုံး အလင်းတိုင်တစ်ခု ငြိမ်းသွားခဲ့သည်မှာ ကိုးနှစ်တိတိရှိခဲ့ပြီဟု ဆိုလိုချင်ပါသလား...
သူမ၏ဖခင် ထွန်းညှိပေးခဲ့သော အလင်းရောင်ကြောင့် သူမ၏ဘ၀သည် ယနေ့ထိတိုင် တစ်နေ့တခြား ပိုမိုတောက်ပလာသည်ဟု သူမဆိုလိုချင်ပါသလား...
အဓိပ္ပါယ် နှစ်ခုလုံးကိုပင် သူမပြောချင်သည်လား.... ဟု ကျွန်မတွေးနေမိပါသည်။
တကယ်တော့ "ဖခင်"ဆိုသည်မှာ မသန်မစွမ်းဘဲ အိပ်ရာထဲတွင် လဲနေလျက် အသက်ရှိနေသေးလျှင်ပင် သားသမီးများအတွက် ခွန်အားတစ်ခု၊ အခန်းထောင့်တစ်နေရာတွင် ထွန်းညှိထားခဲ့လျှင်ပင် တစ်ခန်းလုံး လင်းထိန်နေစေမည့် အလင်းတိုင်တစ်ခုပင် မဟုတ်ပါလား...။
( အချစ်ဆုံးသူငယ်ချင်း KZ အတွက် )
စာရေးသူ...
GreenGirl
7
ယောက်ဝေဖန်သွားတယ်
August 15, 2009
ပါးစပ်နဲ့ TAG တဲ့ လတ်တလော
တွေးနေမိတာက - လွန်ခဲ့တဲ့ ၂လကျော်က အဖြစ်အပျက်တွေ
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက - အမြဲတမ်းလိုလို မထင်မှတ်တာတွေနဲ့ ရင်ဆိုင်ရတတ်သူ
ကျန်းမာရေး - ချူချာပေမယ့် လှုပ်ရှားရုန်းကန်နေရတာပါပဲ
ဖတ်ဖြစ်တဲ့ စာအုပ်တွေက - လွမ်းတေးမဆုံးစေနဲ့စောသခင် ကိုစဖတ်မိကတည်းက ဇာတ်သိမ်းထိရောက်အောင်ကို မဖတ်နိုင်သေးတာ
ရောက်နေဖြစ်တာက - Tiong Bahru Plazza
ရေးဖြစ်နေတာက - စာနဲ့မထိတွေ့တာ ၄၄ရက်ရှိသွားပြီ
နားထောင်ဖြစ်နေတာက - ချစ်တယ်
ဖြစ်ချင်နေတာက - တစ်နေရာရာမှာ အခြေတကျနေချင်နေတာ။ အိမ်ခဏခဏ မပြောင်းချင်ဘူး။
သောက်ဖြစ်နေတာက - ဘလက်ကော်ဖီ
ခါးသက်နေမိတာက - အိမ်ရှာရတဲ့အလုပ်
သနားနေမိတာက - လတ်တလော အဖြစ်အပျက်တွေထဲမှာ ကိုယ့်အနားမှာ မျှဝေခံစားပေးနေတဲ့ ဆန့်ကျင်ဘက် လူသားနှစ်ဦး
လွမ်းနေမိတာက - တစ်ချိန်က အကြောင်းအရာတွေအားလုံး...
မေ့လျော့ပစ်နေမိတာက - မျက်ရည်နဲ့အဖော်ပြုခဲ့ရတဲ့နေ့ရက်တွေ...
တမ်းတနေမိတာက - လုံခြုံအေးချမ်းမယ့် ရင်ခွင်တစ်ခု
ချီးကျူးနေမိတာက - ကိုယ့်ထက်သာလွန်ကောင်းမွန်တဲ့ အရည်အချင်းရှိသူတွေအားလုံး
အထင်သေးနေမိတာက - ဘယ်သူကိုမှတော့ အထင်မသေးရဲပါဘူး။
ဆန္ဒမရှိတဲ့နေရာ - လူစုလူဝေးတွေ များနေတတ်တဲ့နေရာ
ဆန္ဒရှိနေတဲ့ကိစ္စ - ဆန္ဒတစ်ခုနှင့်ရပ်တည်ခဲ့သောနေ့စွဲများ ဆက်လက်ရှင်သန်စေဖို့
မုန်းတီးနေမိတာက - ဘယ်သူကိုမှ မမုန်းမိအောင်နေပါတယ်
ချစ်နေတာက - ကြမ်းရှဖြူသွယ်တဲ့ လက်ဖ၀ါးတစ်စုံ
စိတ်ပျက်နေမိတာက - ထုံနေတဲ့ကိုယ့်စိတ်
စွဲလန်းနေမိတာက - ပြောရခက်တဲ့အရာတွေ...
လိုအပ်နေတာက - ၃+၁ အိမ်ခန်းတစ်ခန်း
တောင်းနေမိတဲ့ဆု - ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ....
( အိမ်အပြောင်းအရွှေ့မှာ အလုပ်များတာရော၊ အင်တာနက်မရတာရော ပေါင်းပြီး ၄၄ရက် ခွင့်မဲ့ပျက်ကွက်သွားပါတယ်။ အဲ့ဒီအတွက် ရင်းနှီးတဲ့သူငယ်ချင်းတွေကိုတော့ အကြောင်းရင်းပြောဖြစ်ပေမယ့် ဘလော့ခ်ပေါ်မှာတော့ ဘာကြောင့်လို့ မရေးဖြစ်ခဲ့ပါဘူး။ အခုမှပဲ အကြောင်းတိုက်ဆိုင်လို့ ရေးဖြစ်ပါတယ်။ ပါးစပ်နဲ့ TAG ရေးခွင့်ပေးတဲ့ သက်ပိုင်သူနဲ့ ဘာမှအသစ်မရှိလည်း လာလည်မြဲလည်နေကြတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ )
စာရေးသူ...
GreenGirl
10
ယောက်ဝေဖန်သွားတယ်
